တောင်ကိုရီးယား နိုင်ငံရဲ့ တက်သစ်စမင်းသား Jung Hae-in (ဂျောင်ဟယ်အင်း) ဟာ ဝါရင့်မင်းသမီး Son Ye-jin (ဆွန်းယယ်ဂျင်း) နဲ့ အတူ မကြာသေးခင်ကမှ JTBC ရုပ်သံလိုင်းရဲ့ နာမည်ကျော် ဇာတ်လမ်းတွဲ “Something in the Rain” မှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။
မင်းသား Jung Hae-in နဲ့ မင်းသမီး Son Ye-jin တို့ဟာ ၂၀၁၆ ခုနှစ်က နာမည် ကျော်ကြားလူကြိုက်များခဲ့တဲ့ “Descendants of the Sun” ဇာတ်လမ်းတွဲထဲက မင်းသား Song Joong Ki (ဆောင်ဂျွန်ကီ) နဲ့ အွန်စောလို့ လူသိများတဲ့ မင်းသမီး Song Hye Kyo (ဆောင်းဟေဂို) တို့လို တကယ့် လက်တွေ့ဘဝမှာ “မနဲ့ မောင်” စုံတွဲ ဖြစ်လာနိုင်တယ်ဆိုပြီး ထင်ကြေးပေးခံ နေရပါတယ်။
ပြီးခဲ့တဲ့ မေလလယ်ပိုင်းမှာ ပြီးစီးသွားခဲ့တဲ့ အပိုင်း ၁၆ ပိုင်းပါဝင်တဲ့ အဲဒီဇာတ်လမ်းတွဲ အပြီးမှာလည်း သူတို့နှစ်ဦးဟာ အလုပ်ကိစ္စအတွက် မီဒီယာတွေ့ဆုံပွဲကို ဆိုးလ်မြို့မှာရှိတဲ့ ကဖေးတခုမှာ သီးခြားစီ ပြုလုပ်ခဲ့ကြပါသေးတယ်။ သရုပ်ဆောင် နှစ်ဦးကတော့ ရိုက်ကူးရေး အဖွဲ့သားတွေ အားလုံးကို ချီးကျူး၊ ကျေးဇူးတင်ခဲ့ပြီးတော့ အလုပ်လုပ်ရတဲ့ အခြေအနေတွေဟာ မယုံကြည်နိုင်စရာ ကောင်းတယ်လို့ ပြောကြား လိုက်ပါတယ်။
“Something in the Rain” ဒရာမာ ဇာတ်လမ်းဟာ အချစ်ဇာတ်မြူး ဒရာမာဖြစ်ပေမယ့် ဇာတ်လမ်းတခုလုံးမှာ အလုပ်က အထက်အရာရှိရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို အကြိမ်ကြိမ် ကြုံခဲ့ပြီး အဲဒီအတွက် ရပ်တည်ခဲ့တဲ့ ဇာတ်ရုပ်မှာလည်း မင်းသမီး Son Ye-jin က ပါဝင်ခဲ့တာပါ။ အဲဒီ့ဇာတ်လမ်းတွဲဟာ မင်းသမီးအတွက်တော့ ၅ နှစ်တာကာလအတွင်းမှာ ပထမဆုံး ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးတာဖြစ်ပြီး သူက ရုပ်ရှင်တွေကိုပဲ ဦးစားပေး ရိုက်ကူးခဲ့တာပါ။
သရုပ်ဆောင် နှစ်ဦးကြားမှာ အချစ်ရေးတခု ထွက်ပေါ်လာလိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပြီး “Song-Song” စုံတွဲလိုပဲ သူတို့နှစ်ဦး လက်တွေ့ဘဝမှာ တွဲနေနိုင်တယ်လု့ိ ကောလာဟလတွေလည်း ထွက်ပေါ်နေတာပါ။
အဲဒီ ကောလာဟလတွေနဲ့ ပတ်သက်လို့ ဘယ်လိုခံစားရပါသလဲဆိုတဲ့ မေးခွန်းကို မင်းသား Jung က “မင်းသား Song နဲ့ ကျနော် လက်ချင်းရိုက် အောင်ပွဲခံသင့်ပြီလို့ ထင်ပါတယ်။ ဆိုလိုတာက ကျနော်တို့ရဲ့ သရုပ်ဆောင်မှုကို ကြည့်တဲ့ ပရိသတ်တွေက ကောင်းကောင်းလက်ခံပေးခဲ့ကြလို့ပါပဲ။ နှစ်ဦးနှစ်ဖက်ကြား လေးစားမှုကိုသာ ပထမနေရာမှာ ဦးစား ပေးမယ်ဆိုရင် သရုပ်ဆောင်လည်း ကောင်းလာနိုင်ပါတယ်။ ကျနော် သူ့ကိုလေးစားပါတယ်။ သူလည်း ကျနော့်ကို လေးစားပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
၂၀၀၁ ခုနှစ်မှာ အနုပညာလောကထဲကို ရောက်ရှိခဲ့တဲ့ မင်းသမီး Son Ye-jin ဟာ ဇာတ်ကောင်အမျိုးမျိုးကို သရုပ်ဆောင်ခဲ့ပြီး ဖြစ်ပေမယ့် မင်းသား Jung အတွက်ကတော့ ဒါဟာ ပထမဆုံးဇာတ်ဆောင်အဖြစ် သရုပ်ဆောင် တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စီးရီးတခုလုံးမှာ မင်းသား Jung ရဲ့ နာမည်ကျော်ကြားမှု မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် မင်းသားရဲ့ အေဂျင်စီဖြစ်တဲ့ FNC Entertainment ရဲ့ ရှယ်ယာဈေးနှုန်းတွေလည်း မြင့်တက်လာတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Ref: asiaone







