Entertainment

၂၀၂၁ မှာ ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ ပြင်ဆင်နေတဲ့ စိုးပြည့်သဇင်

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင်ကောင်းသလို ဂီတမှာလည်း ဝါသနာပါတဲ့ သရုပ်ဆောင် စိုးပြည့်သဇင်က ၂၀၂၁ မှာ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

“စိုးပြည့် ၂၀၂၁ မှာ ကိုယ်တိုင်လုပ်လို့ရမယ့် စီးပွားရေးလေးတခု လုပ်သွားမယ်။ ၂၀၂၀ ကတည်းက အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ။ ကိုဗစ်ကြောင့် နောက်ဆုတ်လိုက်ရတာပေါ့။ ဖြည်းဖြည်းချင်း ရှေ့ဆက်သွားမှာပါရှင်။ ဘာစီးပွားရေး လုပ်မယ်ဆိုတာတော့ အနားနီးမှပဲ ပြောပြချင်ပါတယ်”လို့ စိုးပြည့်သဇင်က ပြောပါတယ်။

ကိုယ်တိုင် လုပ်ချင်တဲ့ စီးပွားရေးကတော့ သမာအာဇီဝကျတဲ့ အလုပ်ဖြစ်ပြီး မိန်းကလေးနဲ့ အဆင်ပြေတဲ့ အလုပ်မျိုးကို ဦးစီးပြီး လုပ်ကိုင်ချင်တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် စိုးပြည့်သဇင် (ဓာတ်ပုံ – Soe Pyae Thazin’s Facebook)

“စိုးပြည့်လုပ်တဲ့ စီးပွားရေးကကျတော့ ကိုယ်လည်း ဝါသနာပါရမယ်။ သမာအာဇီဝကျတဲ့ အလုပ်လည်း ဖြစ်ရမယ်ပေါ့။ မိန်းကလေးလည်းဖြစ်တော့ မိန်းကလေးနဲ့ ပိုအဆင်ပြေတဲ့ စီးပွားရေးကို လုပ်သွားမှာပါ။ ကိုယ်တိုင် ဦးစီးဦးဆောင် လုပ်နိုင်တဲ့ အရာမျိုးကို ကိုယ်တိုင် ကြိုးစား လုပ်ကိုင်သွားမှာပါ။ စိုးပြည့် စီးပွားရေးနဲ့ ပတ်သက်ပြီး အခု လေ့လာနေတာပေါ့”လို့ စိုးပြည့်သဇင်က ပြောပါတယ်။

စီးပွားရေး လုပ်ကိုင်တဲ့အခါမှာလည်း မိသားစုနဲ့ တိုင်ပင်ပြီး လုပ်သွားမယ်လို့ ဆိုပါတယ်။

“ဘယ်အရာမဆို လွယ်ကူနေတာ မရှိတော့ အခက်အခဲတွေ၊ စဉ်းစားရမယ့် အပိုင်းတွေ၊ ကိုယ်လုပ်နိုင်ပါ့မလား။ ကိုယ့်မိသားစုရဲ့ စီးပွားရေးတခု ဖြစ်နေတဲ့အခါကျတော့ မိသားစုနဲ့ တိုင်ပင်ပြီး မိသားစုဆုံးဖြတ်ချက်နဲ့ပဲ လုပ်ခဲ့တာပါ။ အမေနဲ့ အဖေကတော့ အများကြီး ထောက်ပံ့ပေးတယ်”

“စိုးပြည့် ကိုယ်တိုင် တယောက်တည်း လုပ်ရမယ့်အပိုင်းတွေ ပါတဲ့အတွက် စိုးပြည့် မိဘတွေက အတွေ့အကြုံပိုင်းရော၊ သူတို့ အသိပညာပိုင်းရောက ရင့်ကျက်တယ်။ စိုးပြည့်တို့က အသက် ၁၃ နှစ်ကတည်းက အနုပညာလုပ်ခဲ့တာ ဆိုတော့ အပြင်စီးပွားရေးကို ဘာမှ မသိခဲ့ဘူး”လို့ စိုးပြည့်သဇင်က ပြောပါတယ်။

ဆက်လက်ပြီး အသက်အရွယ်တခု ရောက်လာတာ ဖြစ်တဲ့အတွက် အနုပညာတင် မကဘဲ စီးပွားရေးပိုင်းလည်း လုပ်ဖို့ လိုအပ်လာတယ်လို့ ဆိုပါတယ်။

စိုးပြည့်သဇင်တို့ ညီအစ်မများ (ဓာတ်ပုံ – Soe Pyae Thazin’s Facebook)

“ကိုယ်လည်း အခု အသက်အရွယ်တခု ရောက်လာတဲ့အခါ ရှေ့ဆက်ပြီး စိုးပြည့်တို့က အနုပညာ တခုတည်းတင် မဟုတ်ဘဲ စီးပွားရေးပိုင်းလည်း လိုအပ်တယ်လို့ ယူဆတယ်။ ဘယ်အလုပ်မဆို စေတနာ ထားရမယ်။ မကျွမ်းကျင်ရင်တောင် အလုပ်က သင်သွားလိမ့်မယ်။ စေတနာ ရောင်ပြန်ဟပ်ပါလိမ့်မယ်”လို့ စိုးပြည့်သဇင်က ပြောပါတယ်။

သရုပ်ဆောင် စိုးပြည့်သဇင်ဟာ အသက် ၁၃ နှစ် အရွယ်ကတည်းက အနုပညာ အလုပ်တွေ လုပ်ကိုင်ခဲ့တာဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်မှာ “မိုးညအိပ်မက်မြူ” ရုပ်ရှင်ကားနဲ့ အကယ်ဒမီဆု ရရှိခဲ့သူ ဖြစ်ပါတယ်။ စိုးပြည့်သဇင်က သရုပ်ဆောင် စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်တို့နဲ့ ညီအစ်မ ဝမ်းကွဲ တော်စပ်သူဖြစ်ပြီး၊ ညီအစ်မတွေနဲ့အတူ “မင်းသမီး” ပိုးထည်တိုက်ဆိုင် ဖွင့်လှစ်ထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading