အမေရိကန်နိုင်ငံမှာရှိတဲ့ ကလေးပေါင်း ၂ ဒဿမ ၄ သန်းလောက်ဟာ နှစ်စဉ်လိုလို ပြည်ပနိုင်ငံတွေ ကို ခရီးထွက်လေ့ရှိကြပြီး ခရီးထွက်တဲ့ ကလေးတွေရဲ့ ပမာဏကလည်း နှစ်စဉ်လိုလို တိုးလာနေပါတယ်။ ခရီးထွက်တဲ့အခါမှာ ကလေးအများစု ကြုံတွေ့ရတဲ့ အခက်အခဲကတော့ ကျန်းမာရေးကိစ္စပါ။ ဒါကြောင့်လည်း ကိုယ့်ကလေးနဲ့အတူ ခရီးထွက်မယ့် မိဘတွေအနေနဲ့ သိထားသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခြင်း
ကိုယ့်ကလေးနဲ့အတူ ခရီးထွက်မယ့်မိဘတွေအနေနဲ့ ခရီးမထွက်ခင် ကလေးရဲ့ကျန်းမာရေးကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။ ခရီးမထွက်ခင် ၄ ပတ် ဒါမှမဟုတ် ၆ ပတ်လောက် အလိုကတည်းက ဆရာဝန်၊ သူနာပြုတွေနဲ့ တိုင်ပင်ပြီး ကလေးရဲ့ကျန်းမာရေးကို စစ်ဆေးထားသင့်ပါတယ်။ ဆရာဝန်၊သူနာပြုတွေရဲ့ ညွှန်ကြားချက်ကိုလည်း စနစ်တကျ လိုက်နာသင့်ပါတယ်။ ကလေးအတွက် လိုအပ်တဲ့ ဆေးဝါးကိုလည်း ယူဆောင်သွားသင့်ပါတယ်။
(၂) ကာကွယ်ဆေး ထိုးခြင်း
ဒီအချက်ကတော့ ပြည်ပနိုင်ငံတွေကို ခရီးထွက်မယ့် ကလေးတွေအတွက် ပိုလိုအပ်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဉာဏ်တွေကို ရယူပြီး ကာကွယ်ဆေးကို စနစ်တကျ ထိုးသင့်ပါတယ်။ တအား ငယ်ရွယ်တဲ့ ကလေး တွေအတွက်တော့ တချို့ကာကွယ်ဆေးတွေက အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ အဲဒီလို ကလေးတွေအတွက်ကတော့ ကလေး အထူးကုတွေနဲ့ တိုင်ပင်သင့်ပါတယ်။
(၃) ဝမ်းပျက်ခြင်း
ဒီအချက်ကတော့ ခရီးသွားတဲ့လူတိုင်း ကြုံတွေ့ရတဲ့ အချက်ပါ။ ကလေးတွေမှ မဟုတ်ဘဲ လူကြီးတွေလည်း ခရီးသွားရင်း ဝမ်းပျက်တဲ့ ကိစ္စမျိုးတွေကို ကြုံရလေ့ ရှိပါတယ်။ အဓိက အရေးကြီးတာကတော့ ခရီးပင်ပန်းမှုဒဏ်နဲ့ အစားအသောက်ကြောင့်ပါ။ မွေးကင်းစ ကလေးတွေအတွက်ကတော့ ဝမ်းလျှော ဝမ်းပျက်တာကို တားဆီးဖို့ အကောင်းဆုံးနည်း လမ်းကတော့ မိခင်နို့တိုက်တာပါပဲ။
အရွယ်ရောက်ပြီးတဲ့ ကလေးတွေအဖို့နဲ့ လူကြီးတွေအဖို့ကတော့ ပူနွေးတဲ့ အစားအသောက်မျိုးကိုသာ စားသင့်ပါတယ်။ နောက်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသောက်သင့်ပါတယ်။ အသီးဆိုရင်လည်း သန့်ရှင်းတဲ့ရေမှာ သေသေချာချာ ဆေးကြောပြီး အခွံနွှာပြီးမှ စားသောက်သင့်ပါတယ်။
သောက်စရာရေဆိုရင်လည်း ကြုံရာရေမျိုး မသောက်သင့်ပါဘူး။ ကျိုချက်ထားတဲ့ ရေကိုသာ သောက်သုံးသင့်ပါတယ်။ ဒီအချက်တွေက ခရီးသွားရင်း ဝမ်းပျက် ဝမ်းလျှောဖြစ်စေတာတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတွေပါပဲ။
Ref : wwwnc.cdc.gov