Trend

စိတ်ကူးထဲက အလုပ်ကို ရှာဖွေနိုင်မယ့်အချက် ၅ ချက်

သင်မပျော်နိုင်တဲ့ ပတ်ဝန်းကျင်မှာ အမြဲရှိနေရတာဟာ သင့်ကိုစွမ်းဆောင်ရည်တွေ ကျဆင်းစေသလို စိတ်ကူးယဉ် အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အဟန့်အတားဖြစ်စေပါတယ်။
ဒါကြောင့် သင်သဘောကျတဲ့ အလုပ်အကိုင်ကို ရှာဖွေနိုင်ဖို့အတွက် အရေးပါတဲ့ အချက်၅ ချက်ကို ရှာဖွေ တင်ဆက် ပေးလိုက်ပါတယ်။

(၁) မရှက်ပါနဲ့

သင်ဟာ နယ်ပယ်အသစ်ကို ရောက်တဲ့အခါ လူအသစ်တွေနဲ့ ဆက်ဆံရသလို တယောက်နဲ့ တယောက် ယုံကြည်မှု တည်ဆောက်ရပါတယ်။ ဒါကြောင့်လူစိမ်းတွေနဲ့ စတင်ဆက်ဆံရတဲ့အခါ ကျောင်းတုန်းကလိုမျိုး မပြောရဲမဆိုရဲ လုပ်မနေဘဲ သတ္တိရှိရှိ ပြောဆိုဆက်ဆံပါ။ သင်က တသီးတသန့် နေတတ်တဲ့သူဆို ဒီလိုအခြေအနေမျိုးက သင့်အတွက် စိန်ခေါ်မှုတရပ် ဖြစ်တာကြောင့် ကျော်လွှားနိုင်ဖို့အတွက် အားအင်မွေးပါ။

(၂) အခွင့်အရေးကို အမြဲကြည့်နေပါ

လူမှုကွန်ရက်ကနေဖြစ်ဖြစ်၊ သတင်းစာ၊ ဝက်ဘ်ဆိုက်တွေကနေ သင့်အရည်အချင်းနဲ့ ကိုက်ညီပြီး သင်သဘောကျမယ့် အလုပ်မျိုးကို အမြဲရှာဖွေနေပါ။ ဒါ့အပြင် သင့်ဘက်ကလည်း လိုအပ်တဲ့ အရည်အချင်းအတွက် သင်တန်းတက်၊ ကျောင်းတက်ပြီး ပြင်ဆင်ထားသင့်ပါတယ်။

(၃) Comfort Zone မှာ မနေပါနဲ့

သင့်အတွက် လုပ်ငန်းခွင်က အေးဆေးသက်သာပြီး အဆင်ပြေတယ်ဆိုတိုင်း အဲဒီ့အလုပ်မှာပဲ အချိန်မကုန်လိုက်ပါနဲ့။ သင်တကယ်ဖြစ်ချင်၊ ရည်မှန်းထားတဲ့ စိတ်ကူးကို အကောင်အထည်ဖော်ဖို့ဆိုရင် Comfort Zone ကနေ ရုန်းထွက်ဖို့ လိုပါတယ်။

(၄) အဆိုးဆုံးတွေအတွက် ပြင်ဆင်ပါ

သင်က လက်ရှိအလုပ်ကနေ ထွက်လိုက်တဲ့အခါ ချက်ချင်း အလုပ်တန်း မရတာမျိုး၊ လအတော်ကြာတဲ့အထိ အလုပ်လက်မဲ့ ဖြစ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုအခြေအနေအတွက် သင့်ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါ။ တခါတလေမှာ သင်ဖြစ်ချင်သလို မဖြစ်ရတာမျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်အရာမဆို အစမှာဘဲ ခက်ခဲတာပါ။

(၅) စိတ်ရှည်ပါ

ဘဝမှာ ကောင်းတဲ့အရာတွေဆိုတာ လွယ်လွယ်နဲ့ ရောက်မလာတတ်ပါဘူး။ ဒါကြောင့် အမှောင်မိုက်ဆုံး အချိန်တွေမှာတောင် လမ်းဆက်လျှောက်နိုင်ဖို့အတွက် အားအင်တွေမွေးပါ။ သင်ဖြစ်ချင်တာဖြစ်လာဖို့အတွက် အချိန်ကောင်းကောင်းတခု လိုအပ်ပါတယ်။ အရေးကြီးတာက အရှုံးမပေးဖို့ပါဘဲ။
ကဲ ဒီအချက် ၅ ချက်ကိုသာ အမြဲမှတ်သားထားပြီး အလုပ်လုပ်ကြည့်မယ်ဆိုရင် သင်ကြုံတွေ့နေရတဲ့ ပြဿနာရဲ့ တဝက်လောက်ကို ဖြေရှင်းပြီးသား ဖြစ်နေမှာပါ။

Loading