ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ ဖိအားပေးခြင်း ခံနေရပြီး အကျပ်အတည်းရင်ဆိုင်နေကြရတယ်လို့ အေဂျင်စီတာဝန်ရှိသူတွေကိုယ်တိုင်က ဧရာဝတီကို ပြောပြကြပါတယ်။
ဖိအားပေးခံရတဲ့ အထဲမှာ အေဂျင်စီတွေအနေနဲ့ ပြည်ပနိုင်ငံကို စေလွှတ်ထားတဲ့ လုပ်သား အလုပ်လုပ်နေစဉ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရရင် အလုပ်စာချုပ်သက်တမ်း ပြည့်သွားချိန်မှာ မြန်မာနိုင်ငံပြန်ပြီး စစ်မှုထမ်းဆောင်ရေး တာဝန်ယူပေးဖို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် အလုပ်သမားတဦးဟာ ပြည်ပနိုင်ငံမှာ ရရှိတဲ့ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုဝင်ထံ တရားဝင်ဘဏ်စနစ်ဖြင့်ဖြစ်စေ၊ ဘဏ်စနစ်နဲ့ ချိတ်ဆက်ထားတဲ့ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ဖြစ်စေ တလကို တကြိမ် ဒါမှမဟုတ် ၃ လတကြိမ် လွှဲပြောင်းဖို့ ညွှန်ကြားထားပါတယ်။
ဒီအချက်တွေဟာ ၂၀၂၄ ခုနှစ် မေလက ပြန်လည်ပြင်ဆင်လိုက်တဲ့ အေဂျင်စီနဲ့ အလုပ်သမားအကြား သဘောတူစာချုပ်ထဲမှာ ပါဝင်ပြီးသားဖြစ်ပေမယ့် ဖိအားပေးတင်းကျပ်မှုတွေ ပိုလုပ်ခံလာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
#မြန်မာ #ဧရာဝတီ #အလုပ်သမားအေဂျင်စီ #စစ်မှုထမ်းဥပဒေ #လုပ်ခလစာ၂၅ရာခိုင်နှုန်း #ပြည်ပအလုပ်အကိုင်