စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည် ဖော်တဲ့သူတိုင်း အခက်အခဲတွေကို မလွဲမသွေ တွေ့ကြုံရမှာပါ။ တခါတလေမှာ ဘာလုပ်လုပ် အဆင်မပြေဘဲ လက်မြှောက်အရှုံးပေးသင့်နေပြီလားလို့ တွေးမိမှာပါ။ ဒီအခါမှာ စိတ်ဓာတ်ကျတာမျိုး မဖြစ်ခင် အောက်ပါမေးခွန်းတွေ မေးမြန်းသင့်ပါတယ်။
(၁) ဘာကြောင့် ဒီစိတ်ကူးကို အကောင်အထည် ဖော်ချင်တာလဲ
သင်ဟာ စီးပွားရေးတခုကို စတင်လုပ်ကိုင်နေသူ တယောက်ဆိုရင် အထက်ပါ မေးခွန်းကို မေးသင့်ပါတယ်။ အစမှာ ဒီအရာကို စလုပ်ဖို့ ဘာလို့ စိတ်အားတက်ကြွခဲ့တာလဲ ကိုယ့်ကိုယ်ကို ဆန်းစစ်ပါ။ သင့်စိတ်ကူးရဲ့ အဆုံးသတ်မှာ အောင်မြင်မှုကို တွေ့ရမယ်၊ အခွင့်အလမ်းသစ်ကို တွေ့ရမယ်လို့ သင်တွေးထားလို့ပါ။
(၂) သတင်း အချက်အလက်တွေ စုဆောင်းပြီးပြီလား
တခါတရံမှာ ဖြစ်ချင်တာပဲသိပြီး အဲဒီ့အရာကို အကောင်အထည် ဖော်ဖို့အတွက် သင့်မှာ သတင်းအချက်အလက် အပြည့်အစုံ မရှိသေးပါဘူး။ ဒီလို မပြည့်မစုံနဲ့ စတင်ခဲ့တဲ့ အတွက် လတ်တလောမှာ အခက်အခဲတွေ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။
(၃) အဆိုးဆုံးကို ကြိုတွေးထားပြီးပြီလား
စိတ်ကူးအိပ်မက်ကို ဆက်လက် အကောင်အထည် ဖော်နေပေမယ့် မအောင်မြင်နိုင်တော့ဘူးလား။ လမ်းတဝက်မှာ လက်လျှော့ လိုက်တဲ့အခါ အဆုံးသတ်မှာ သန်မာလာတဲ့ သင့်ကိုယ်သင် တွေ့ရမှာ မဟုတ်ပါဘူး။ ကောင်းကင်ကို မြှားနဲ့ပစ်တဲ့အခါ လဆီကို မရောက်နိုင်ပေမယ့် ကြယ်တွေဆီကို ရောက်နိုင်ပါသေးတယ်။ ဒါကြောင့် သင်ထင်သလို အကုန်လုံး ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။
(၄) အရှုံးပေးလိုက်ရင် ပိုကောင်းသွားမှာလား
သင်လုပ်ကိုင်နေတဲ့ ပရောဂျက်တခု မအောင်မြင်နိုင်လို့ အရှုံးပေးလိုက်ရပြီဆိုရင် လက်ရှိအခြေအနေထက် ပိုကောင်း သွားမှာလား။ သေချာပြန်လည် ဆန်းစစ်ကြည့်ပါ။
(၅) အောင်မြင်မှုကို ကြောက်ရွံ့နေလား
တခါတလေမှာ အောင်မြင်မှုကို ရဖို့အတွက် ပေးဆပ်ရတာတွေ များပါလိမ့်မယ်။ သင့်မှာတာဝန်ယူစရာ၊ ကောင်းကျိုး ဆိုးကျိုးတွေ အများကြီး တွေ့ကြုံရမှာပါ။ သင်ပေးဆပ်ရမယ့် အရာအတွက် အဆင်သင့် မဖြစ်သေးဘူးဆိုရင် အောင်မြင်ဖို့ ခက်ခဲပါလိမ့်မယ်။
ဒီအရာတွေက သင့်ရဲ့အနာဂတ် စိတ်ကူးယဉ်အိပ်မက်ကို အကောင်အထည် ဖော်နေတဲ့ ကာလအတွင်း တွေ့ကြုံလာရမယ့် အခက်အခဲတွေအတွက် မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်လျှော့ချင်စိတ် ဖြစ်လာပြီဆိုရင် ဒီလိုမျိုးလေးတွေမေးပြီး ကိုယ့်ကိုယ်ကို အားတင်းပါ။