သတင်းသမားသည် သတင်းများကို ရှာရင်းဖွေရင်းဖြင့် မန္တလေးမြို့တွင် အတိဒုက္ခ ရောက်နေရှာသော ခေတ်ဟောင်း အဆိုကျော် ဒေါ်မန္တလာမြင့် အကြောင်း၊ ဓနုဖြူ မြို့၌ ရောဂါ ဝေဒနာ ခံစားနေရသည့် ဘဝ သရုပ်ဖော် စာရေးဆရာ ကြယ်နီ ၏ ဘဝဆိုး၊ ရန်ကုန်မြို့လယ် လမ်းဘေး ပလက်ဖောင်းပေါ်၌ ရတတ်ရာရာ စာနယ်ဇင်းလေးများကို မဖြစ်စလောက် ရောင်းချရင်း ရောဂါ ဝေဒနာကိုပါ ခံစားနေရရှာသည့် ရုပ်ရှင် မင်းသားကြီး ဦးကျော်အေး၏ ဘဝခရီးကြမ်း၊ ထောက်ခံစာနှင့် လျှောက်လွှာများကို ရင်ဝယ်ပွေ့ပြီး တဌာနဝင်၊ တဌာနထွက်၊ တရုံးဆင်း တရုံးတက် အလုပ်အယက် အလုပ်ရှာဖွေ နေကြသည့် တက္ကသိုလ် ပေါင်းစုံမှ ဘွဲ့ရ လူငယ်များ၏ အထိုင်မကျသေးသော ဘဝ စသည်များကို ကြုံတွေ့ ကြားသိ နေရသည်။
သူတို့ ကြုံတွေ့နေရသည့် ပြဿနာများ ပြေလည်နိုင်ရေး အတွက် အလွန်သေးငယ်သော ကျနော်၏ ဦးနှောက်ဖြင့် စဉ်းစား ကြည့်သည်။
ထွက်ပေါက်ကိုမူ ကျနော် ရှာ၍ မတွေ့ပါ။ စိတ်မော လူမော အတော မသတ်အောင် အသက်ရှု ကြပ်လာရခြင်းသည် သာလျှင် ကျနော့်မှာ အဖတ်တင်သည်။
ထို့ကြောင့် သတင်းသမား ကျနော်သည် သတင်းဂျာနယ် ပုံနှိပ်သူ နံ့သာ ဦးသန်းဆွေနှင့် သတင်းသမား ကတော်ကို အဖော်ပြုပြီးသကာလ ဆောင်းရာသီ၏ တနံနက်ဝယ် တောင်ငူဘက်သို့ ခရီး ထွက်ခဲ့သည်။
ရည်ရွယ်ချက် ဟူ၍ ထူးထူးထွေထွေ မရှိပါ။ ဘုရားဖူး ထွက်ခြင်းလည်း မဟုတ်ရိုး အမှန်ပါ။ သတင်းနှင့် ပက်ပင်း တိုးလျှင် သတင်း ရေးမည်။ သတင်းနှင့် မဆုံ လွဲရပြန်ပါကလည်း အပန်းမှ ပြေစေတော့ ဟူ၍ ခရီးထွက်ခဲ့ခြင်း ဖြစ်ပါသည်။
ပဲခူးမြို့ကို လွန်သောအခါ ဆောင်းမနက်၏ ငွေနှင်းတို့ ကွဲစပြုချေပြီ။ အရပ် ရှစ်မျက်နှာသို့ မျှော်လေတိုင်း တဆုံးတဆန့် ရှုမဆုံးသည့် ကွင်းပြင် ကျယ်ကျယ်တို့ကို မြင်တွေ့ရလေသည်။
ကွင်းပြင်တို့သည် မြေရိုင်းများ ဖြစ်သည်။ ကိုင်းပင်များ ချုံနွယ် ပိတ်ပေါင်းများဖြင့် ဖုံးလွှမ်းအပ်သော ကွင်းပြင် ကျယ်ကျယ်ကြီးများ ဖြစ်ပါသည်။
ပြွတ်သိပ် ကျပ်ညပ်နေသည့် ရန်ကုန်မြို့တွင်း၌ နေခဲ့ရသော ကျနော့် မျက်စိအစုံသည် မျက်စိ တကမ်းသို့ လှမ်းကြည့်ခွင့် မကြုံခဲ့ရပါ။ တိုက်တာ အိမ်ခြေ လူနေ အဆောက်အအုံ တို့က တားဆီး၍ထားသည်။
ယခုလို မိုးကုတ် စက်ဝိုင်းအထိ မျက်လုံးကို ဆန့်တန်းနိုင်သည့် ကွင်းပြင်ကျယ် အတွင်းသို့ ရောက်လေသောအခါ ကျင့်သား မရှိသည့် မျက်လုံးတို့သည် ငိုက်မျဉ်းချင်လာ၏။
တရိပ်ရိပ် ပြေးနေသော ကားပေါ်တွင် ငိုက်မျဉ်းလိုက်လေသောအခါ –
ရန်ကုန်-မန္တလေး လမ်းမကြီး၏ ဝဲယာ တဖက် တချက်တွင် ယခင်က ရှိခဲ့သော ကွင်းပြင် ကျယ်ကြီးများသည် စုပ်စမြုပ်စ ပျောက်ဆုံးနေကြပြီ ဖြစ်၏။
ကျနော့်ကိုယ် ကျနော် မယုံနိုင်ဘဲ မျက်စိများကို ပွတ်သပ်ပြီး ကျနော် ကြည့်မိသည်။ ကျနော် မမှားပါ။ သည်လမ်းမပေါ်မှာ ချောင်းပေါက် မတတ် ကျနော် သွားဖူးသည်။ ကျနော် မြင်နေကျဖြစ်သော မြေရိုင်း ကွင်းပြင်တို့သည် ခြေထောက် ပေါက်ပြီး ဘဇာ အရပ်သို့ ရောက်ကုန်ကြသနည်း။
စိမ်းလန်း စိုပြည်နေသော စိုက်ပျိုးခင်းများကို ကျနော် လှမ်းမြင်ရသည်။ ခေတ်မီ လယ်ထွန်စက် မောင်းသံများက ဆောင်းလေနှင့် အတူ ကျနော့် နားတွင်းသို့ ဗလုံးဗထွေး ပြေးဝင်လာကြသည်။
အမျိုးကောင်း ပိန္နဲပင်တို့သည် လည်းကောင်း၊ အမျိုးကောင်း သရက်ပင်တို့သည် လည်းကောင်း၊ အမျိုးကောင်း ဒန့်ဒလွန်ပင် တို့သည် လည်းကောင်း၊ အမျိုးကောင်း ငှက်ပျောပင် တို့သည် လည်းကောင်း ပတ်ပတ်လည်မှာ ပိန်းပိတ်အောင် ထိုးထိုး ထောင်ထောင်ဖြင့် အသီးအပွင့်များ ဝေဆာလျက် ရှိသည်။
အခြားတနေရာသို့ လှမ်းကြည့်လိုက်ပြန်သောအခါ မွေးမြူရေးခြံများကို မြင်တွေ့ရပြန်သည်။ နို့စား နွားမ၊ ကြက်၊ ဝက်၊ ဘဲ၊ ငါးမွေးမြူရေးကန်၊ ဖားမွေးမြူရေး ခြံများသည် လက်ချိုး၍ ရေတွက် မဆုံးနိုင်အောင် ရှိတော့သည်။
နွားနို့များကို ပုံးကြီး ပုံးငယ်များဖြင့် သယ်ယူပြီး ထရပ်ကားကြီးများ ပေါ်သို့ တင်ဆောင်နေကြသည်။ ထောင်ပေါင်းများစွာ၊ သောင်းပေါင်း များစွာသော ကြက်ဥ၊ ဘဲဥများကိုလည်း ခြင်းကြီး ခြင်းငယ်များဖြင့် ရထားတွဲပေါ်များသို့ တင်ပို့နေကြသည်။
မွေးမြူရေး ကန်မှ ဖမ်းယူရရှိသည့် လတ်ဆတ်သော ငါးများ၊ ဖားများကိုလည်း ကတ္တားကြီးများဖြင့် ချိန်တွယ်ကာ ဈေးနှုန်း တွက်ချက်နေကြသည်။ စိုက်ပျိုးပင်များမှ ခူးယူ ရရှိထားသည့် သရက်သီး ကင်းများနှင့် ဒန့်ဒလွန် သီးတို့သည် သယ်၍ မနိုင်တော့ချေပြီ။
သီချင်းတကြော်ကြော်ဖြင့် တက်တက်ကြွကြွ လှုပ်ရှားနေကြသည့် လူအများဆီသို့ ကျနော် ချဉ်းကပ်ကြည့်သည်။ အသက် ၂၀ ကျော်မျှသာ ရှိကြဦးမည် ဖြစ်သည့် အမျိုးသမီး၊ အမျိုးသား လူငယ်လေးများကို ကျနော် မြင်တွေ့ရသည်။
သူတို့သည် မောပန်းဟန် မပြ၊ စိတ်ညစ်ညူးဟန် မပြ၊ စိတ်ဓာတ် ကျဆင်းနေဟန် မပြ။ လျှမ်းလျှမ်းတောက် အောင်မြင်နေသည့် သူတို့ လုပ်ငန်းမှာ သူတို့ များစွာ စိတ်ဝင်စားနေပုံရသည်။ ကျနော့်ကို သူတို့ စကား မပြောအားချေ။
ထို့ကြောင့် မလှမ်းမကမ်းမှာ ရှိသည့် စာကြည့်တိုက် အတွင်းသို့ ကျနော် ဝင်ခဲ့သည်။ စာဖတ်ရင်း အပန်းဖြေနေကြသူများ ထံသို့ ကျနော် ချဉ်းကပ်ကြည့်သည်။ သည်တော့မှပင် သူတို့ အကြောင်းကို ကျနော် ကြားရပါတော့သည်။
သူတို့သည် တက္ကသိုလ် ပေါင်းစုံမှ ဘွဲ့ရလာကြသော ကျောင်းသူ ကျောင်းသား ပေါင်းစုံတို့ ဖြစ်သည်။
ဆိုရှယ်လစ် ပညာရေး ဟူသည်မှာ စာရေးကြီး အလုပ်လုပ်ရန် သက်သက် အတွက် မဟုတ်။ နိုင်ငံ ထူထောင်ရေး အတွက်၊ ဆိုရှယ်လစ် ပန်းတိုင်သို့ အမြန် ရောက်ရှိရေး အတွက် တိုင်းပြည်၏ တာဝန်ကို ကျရာထောင့်မှ ထမ်းဆောင်ရန် သင်ကြား ပေးသော ပညာရေး စနစ်သာ ဖြစ်သည်။
သူတို့သည် လျှောက်လွှာများ တကိုင်ကိုင်ဖြင့် တရုံးဝင် တရုံးထွက် မလုပ်ခဲ့ကြ။ အလုပ်သမား ရုံးသို့ သွားရောက်ကာ အလုပ်ရရှိရေး အတွက် မှတ်ပုံလည်း မတင်ခဲ့ကြ။
ဘွဲ့ရ အလုပ်လက်မဲ့ ပြဿနာများ ဖြေရှင်းရေး အတွက် ပုံသေလစာ ၁၂၅ ကျပ် ပေးမည် ဖြစ်သော အစိုးရ၏ စေတနာကို သူတို့ လေးစားလင့်ကစား အခြား အခြားသော သူများအတွက် ငဲ့ကွက်ပြီး နေရာ ဖယ်ပေးကာ ဤအရပ်သို့ စုပေါင်း ရောက်ရှိလာကြခြင်း ဖြစ်သည်။
မြေရိုင်း တောကြီးကို ကျွဲရိုင်း စက်ကြီးများဖြင့် အစိုးရက ရှင်းလင်း သုတ်သင်ပေးသည်။ လယ်ထွန်စက်ကြီးများဖြင့် ထွန်ယက် ပေးသည်။ ခေတ်မီ မြေသြဇာများကို ချပေးသည်။
ခေတ်မီ မျိုးကောင်း မျိုးသန့် အသီးအနှံပင်များကို ပေးသည်။
ဘွဲ့ရ ကျောင်းသူ ကျောင်းသားများက ခွန်အားကို စိုက်ထုတ်ပြီး မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်နေကြခြင်း ဖြစ်လေသည်။
ရရှိလာသော အမြတ်အစွန်းများမှ အချိုးကျ ခွဲဝေကာ အစိုးရက စိုက်ထုတ်ပေးထားသည့် ရင်းနှီးမတည် ငွေများကို ပြန်ဆပ်ကြသည်။ ပိုသော ငွေဖြင့် သူတို့၏ စားဝတ်နေရေးကို ဖူလုံစေသည်။ ပိုသော ငွေဖြင့် သူတို့၏ စုပေါင်း စိုက်ပျိုး မွေးမြူရေး ခြံကြီးကို ပိုမို တိုးတက်စေ၏။
ယခုဆိုလျှင် သူတို့မှာ ကိုယ်ပိုင် မော်တော်ကားတွေ ရှိနေပြီ။ ကိုယ်ပိုင် လယ်ထွန်စက်တွေ ရှိနေပြီ။ ကိုယ်ပိုင် အဆောက်အအုံတွေ ရှိနေပြီ။ ကိုယ်ပိုင် စုပေါင်း အိမ်ရာတွေလည်း ရှိနေပြီ။ ကိုယ်ပိုင် အရင်းအနှီးတွေ ရှိနေပြီ။
တိုင်းပြည်၏ စားနပ် ရိက္ခာ ဖူလုံရေးကိုလည်း တဖက်မှနေ၍ တာဝန် ထမ်းဆောင်လျက် ရှိကြသည်။ သူတို့ ရွတ်ပြသည့် နှစ်စဉ် အမြတ်အစွန်းငွေတို့ကား ကြီးမားသော ဂဏန်းများပင် ဖြစ်ပါသည်။
တိုတောင်းလှသော အချိန် အတွင်း၌ စုံစေ့အောင် ကျနော် မလေ့လာနိုင်ခဲ့ပါ။
မြေကွက် တပေ ပတ်လည်လျှင် တနှစ် အတွင်း ဝင်ငွေ မည်၍မည်မျှ ရအောင် စိုက်ပျိုးမည်၊ မွေးမြူမည် ဟူသည် အထိပင် သူတို့ စီမံကိန်း ချပြီး ဖြစ်သည်။
စုံစေ့အောင် မလေ့လာနိုင်လင့်ကစား ကျနော် ဖြေရှင်း၍ မရသော ပြဿနာ တခု၏ အဖြေကို မြင်တွေ့ရပြီ ဖြစ်သောကြောင့် ကျနော့်မှာ နှလုံး စိတ်ဝမ်း ချမ်းမြေ့ရပါသည်။
*****
ဘုရားကြီး ကျေးရွာ အလွန်တွင် လမ်းမပေါ်ရှိ တထွာခန့် နက်သော တွင်းထဲသို့ မော်တော်ကားဘီး ကျပြီး ကားမျာ ယိမ်းထိုးသွားသည်။ တပြိုင်တည်းမှာပင် နံ့သာ ဦးသန်းဆွေက ကျနော့်ကို လှုပ်နှိုးလိုက်သည်။
ကျနော်သည် အိပ်ချင်မူးတူးဖြင့် စောစောက “ဘွဲ့ရ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတို့၏ စုပေါင်း စိုက်ပျိုး မွေးဖြူရေး ခြံကြီး” ကို ရှာကြည့်သည်။
သို့သော် မျက်လှည့်ပြသလိုပင် သူတို့သည် ကျနော့် မျက်စိအောက်မှ ပျောက်ကွယ်သွားကြပြန်ပြီတကား။
စီကာ ပတ်ကုံး မက်တတ်သည့် ဆောင်းတွင်း အိပ်မက် အကြောင်းကို ကျနော် ပြန်တွေးရင်း စိတ်ကူးယဉ်ယဉ်ဖြင့် ပြုံးမိပါသည်။
ကျနော်ကား ဆောင်းတွင်း အိပ်မက်၏ အရသာကို ခံစားရင်း ကြည်နူး နှစ်သိမ့်လျက်…။ ။
၁၄၊ ၂၊ ၁၉၇၀၊ သတင်းဂျာနယ်
(သတင်းစာဆရာကြီး အထောက်တော် လှအောင် ရေးသားခဲ့သည့် ဤဆောင်းပါးကို ပုဂံ စာပေတိုက်က ၂၀၁၁ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေသော “ကျွန်တော်နှင့် သတင်း” စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၂ ခုနှစ် ဧပြီလ ၇ ရက် အသက် ၅၆ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)