ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် သူတို့ မမြင်လိုတော့ပြီလား
This article has been converted from Zawgyi One to Unicode
မြန်မာအစိုးရနှင့် လှိုက်လှဲနွေးထွေးသောဆက်ဆံရေး ထူထောင်ရရှိပြီးသည့် ယခုအချိန်တွင် အနောက်နိုင်ငံများ အနေဖြင့် မြန်မာ့ တပ်မတော်နှင့် ဆက်သွယ်မှုများ ပြန်လည်ထူထောင်ရန် သင့်မသင့် ကို ဂရုတစိုက် ဆင်ခြင် သုံးသပ်နေကြ ပြီဖြစ်သည်။
အမေရိကန် စစ်တပ်မှ ကိုယ်စားလှယ်များနှင့် မြန်မာအရာရှိများကြား တိတ်တိတ် ဆိတ်ဆိတ် အစည်းအဝေးပွဲ များ ပြုလုပ်ခဲ့ကြပြီးဖြစ်ပြီး အင်္ဂလန် နိုင်ငံကလည်း မြန်မာစစ်တပ်ကို လူ့အခွင့်အရေး သင်တန်းပေးခဲ့သည်။ ဩစတြေးလျကလည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များတွင် မြန်မာစစ်သား များ ပါဝင်လာနိုင်ရန် ဖြစ်နိုင်ချေ များ ရှာဖွေမည်ဟု ပြောသည်။ ယခုမှ အခြေတည်လာသည့် ပူးပေါင်း ဆောင်ရွက်မှုအပေါ် ဝေဖန်သူများလည်း ရှိနေပြီး Burma Campaign UK က မြန်မာစစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက် ရက်စက်မှုများအတွက် တာဝန်ရှိနေကြောင်း အထူး သဖြင့် တိုင်းရင်းသား လူနည်းစုများ နေထိုင်သည့် ဒေသများတွင်ဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။
၂၀၁၁ ခုနှစ် ဇွန်လတွင် မြန်မာစစ်တပ်က မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို လက်နက်ကြီးများ၊ ရုရှား နိုင်ငံလုပ် Hind တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ အသုံးပြု၍ အဓိက ထိုးစစ် တရပ်ဆင်နွဲခဲ့သည်။ တိုက်ခိုက်မှု၏ ရလဒ်အဖြစ် လူ ၁၀ဝဝဝ၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က အရပ်သားများ အသတ်ခံရမှုများ၊ အမျိုးသမီးများကို မတရား ကျင့်မှုများနှင့် လုံးလုံးလျားလျား ဖျက်ဆီးခံ လိုက်ရသည့် ကျေးရွာများကို မှတ်တမ်းပြုစုခဲ့သည်။ KIA ကိုလည်း အကြမ်းဖက် ရက်စက်မှုများအတွက် စွပ်စွဲခြင်းများရှိခဲ့သည်။ သို့သော် အစိုးရတပ်လောက် မများပေ။
အဆိုပါ အကြမ်းဖက်မှုများကို အနောက်နိုင်ငံ များကလည်း သတိပြုမိခဲ့သည့်အတွက် စိုးရိမ်ကြောင်း အခါ အားလျော်စွာ ထုတ်ဖော် ပြောဆိုခဲ့သည်။ သို့သော်လည်း မြန်မာစစ်တပ်နှင့် ဆက်သွယ်ရေး လုပ်ဆောင်မှုကို မရပ်တန့်ပါ။ ဥပမာပြရလျှင် အမေရိကန်အစိုးရသည် အတားအဆီး အခက်အခဲများ ရှိနေသည့်တိုင် မြန်မာစစ် အရာရှိများကို အမေရိကန်ပြည်ထောင်စုတွင် လေ့ကျင့်သင်တန်း ပေးရန် စဉ်းစားနေခြင်း အပါအဝင် ၎င်း၏ မူလ ရည်ရွယ်ချက်များကို ဆက်လက် လုပ်ဆောင်နေ သည်။ အမှန်တကယ်အားဖြင့် မြန်မာနိုင်ငံတွင် ၁၉၈၈ က ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နှိမ်နင်းခြင်း မပြုမိ အချိန်အထိ မြန်မာ နှင့် အမေရိကန်တို့ စစ်ရေး ပူးပေါင်းမှု အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ သည်။ အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ အုပ်ချုပ်သွားသော ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အစိုးရအား အာရှတွင် ကွန်မြူနစ်ဝါဒ ပြန့်ပွားခြင်းမှ ကာကွယ်ပေးနေသည့် တံတိုင်းတခုသဖွယ် ရှုမြင်ခဲ့သည်ကို အမှတ်ရ နေဖို့ အရေးကြီးပါသည်။ ဗိုလ်ချုပ်ကြီး နေဝင်း၏ စစ်အစိုးရ က မိမိကိုယ်မိမိ ဆိုရှယ်လစ်ဟု သမုတ်ခဲ့သော် လည်း မြန်မာစစ်တပ်သည် တရုတ်နိုင်ငံက ထောက်ပံ့ထား သော ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ကို ဆန့် ကျင်တိုက်ခိုက်ခဲ့သည်။
၁၉၆၆ ခုနှစ် စက်တင်ဘာလတွင် ဗိုလ်ချုပ်ကြီး နေဝင်း အမေရိကန်နိုင်ငံသို့ တရားဝင် သွားရောက် လည်ပတ်ခဲ့ ပြီး ထိုစဉ်က အမေရိကန် သမ္မတဖြစ် သည့် လင်ဒန်ဂျွန်ဆင်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့သွား ရောက်လည်ပတ် သည့် အချိန်တွင် တရုတ်နိုင်ငံ က မော်စီတုန်း၏ တော်လှန်ရေးဝါဒကို အရှေ့ တောင် အာရှသို့ စတင် တင်ပို့ နေပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်မေလက အိမ်ဖြူတော်သို့ (၁၉၆၆ ခုနှစ် နောက် ပိုင်း ပထမဆုံးသော မြန်မာ ခေါင်းဆောင်အဖြစ်) သမ္မတ ဦးသိန်းစိန် ရောက်ရှိချိန်တွင် တရုတ်နိုင်ငံက စီးပွားရေးကို ဦးစားပေးသည့် နိုင်ငံအဖြစ် ကြီးထွား လာနေပြီဖြစ်သည်။ တရုတ်နိုင်ငံက ၎င်း၏အရှိန်အဝါ ကို ဒေသတွင်းတွင် တိုးချဲ့ပြီး ဈေးကွက်ကို စိုးမိုးကာ သဘာဝအရင်း အမြစ်များကို သိမ်းယူရန် ဆန္ဒရှိနေ သည်။ ယခုအချိန်တွင် တရုတ်နိုင်ငံ ၏ အစီအစဉ် သည် ယခင်နှင့် ခြားနားခဲ့ပြီဖြစ်သော်လည်း အာရှ ဗျူဟာပြိုင်ပွဲတွင် တရုတ်နှင့် အမေရိကန်က ဆန့် ကျင်ဘက် အစွန်းများတွင် ရှိနေကြဆဲဖြစ်သည်။ အာရှကို လွှမ်းခြုံမည့် စစ်အေးတိုက်ပွဲသစ်တွင် အမေရိကန်က မြန်မာနိုင်ငံကို ၎င်းဘက်၌ ရှိစေချင် သည်။ ထို့ကြောင့် စစ်တပ်ချင်း ဆက်သွယ်ရန် ပြန်လည် စီစဉ်လာခြင်းကို ထိုအချက်၏ နောက်ဆက်တွဲ အဖြစ် ရှုမြင်သင့်သည်။ ဗျူဟာမြောက်စွာ တည်ရှိနေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်လျှင် အမေရိကန် နိုင်ငံအတွက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီထက် ပိုအရေးကြီး သည့် တခြားသော ဦးစားပေးရမည့် အချက်များ ရှိနေကြောင်း အလွန်ထင်ရှားနေသည်။
၁၉၅၇ ခုနှစ်ခန့်တွင် မြန်မာထောက်လှမ်းရေး အရာရှိ အနည်းဆုံး ၂ ဦးခန့်ကို အမေရိကန် ဗဟို ထောက်လှမ်း ရေး အေဂျင်စီ (CIA) မှ ဖွင့်လှစ်သည့် သင်တန်းတက်ရောက်ရန် ပစိဖိတ် သမုဒ္ဒရာအတွင်း ရှိ အမေရိကန်ပိုင် ဆိုင်ပံကျွန်းသို့ စေလွှတ်ခဲ့သည်။ ထိုအရာရှိ ၂ ဦးထဲမှတဦးမှာ ပြည်တွင်းတွင် မျက်မှန် တင်ဦးဟု သိကြသည့် ဗိုလ်မှူးချုပ် တင်ဦးဖြစ်ပြီး ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးသည့် အချိန်တွင် စစ်ထောက်လှမ်းရေး အဖွဲ့၏ အကြီးအကဲ ဖြစ်လာသည်။ ဦးနေဝင်း၏ အရိုက်အရာကို ဆက်ခံ မည့်သူအဖြစ်လည်း တချိန်က သတ်မှတ်ခြင်းခံရသူ လည်းဖြစ်သည်။ ဆိုင်ပံကျွန်းတွင် သင်တန်းတက်ခဲ့ သော နောက်ထပ် မြန်မာအရာရှိ တဦးမှာ ၁၉၈၀ အစောပိုင်းနှစ်များတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဖြစ်လာသော ဦးလေးမောင်ဖြစ် သည်။ တချိန်တည်းမှာပင် ဃှုဗ က ရန်ကုန်မြို့တွင် သုတေ သနဌာနတခု ဖွင့်လှစ်နိုင်ရန်အတွက် အထောက် အပံ့ ပေးခဲ့သည်။ ၎င်းတို့၏ အဓိက ဘုံရန်သူမှာ ဗမာပြည် ကွန်မြူနစ်ပါတီနှင့် သူ့၏ တရုတ်ကျောထောက် နောက်ခံများဖြစ်သည်။ ဗကပကို တိုက်ခိုက် ရန်အတွက် အမေရိကန်ပြည်ထောင်စုက လက်နက်များပေးပို့ခဲ့ သေးသော်လည်း အနည်းအကျဉ်းမျှသာ ဖြစ်သည်။ နောက်ပိုင်းတွင် တပ်မတော်က ၎င်း၏ ကိုယ်ပိုင် ကာကွယ်ရေးစက်ရုံများမှ ထုတ်လုပ်သည့် လက်နက်များကိုသာ ဆက်လက်အားထားခဲ့သည်။
အမေရိကန်နိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့ ကြသော မြန်မာစစ်ဘက်အရာရှိ အမြောက်အမြားရှိပြီး ၎င်းတို့ ထဲတွင် ၁၉၅၅-၅၆ အတွင်း Fort Leavenworth ရှိ စစ်ဦးစီးကောလိပ် တက်ရောက်ခဲ့ သော ဗိုလ်မှူးကြီး ကြည်မောင်လည်း ပါဝင်သည်။ ဗိုလ်မှူးကြီး ကြည်မောင်သည် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဖွဲ့စည်းခဲ့ သည့် တော်လှန်ရေး ကောင်စီ အဖွဲ့ဝင်ဖြစ်လာသော်လည်း နောက်ပိုင်း တွင် ရာထူးမှဖယ်ရှားခြင်း ခံခဲ့ရကာ ၁၉၈၈ ခုနှစ် တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင် တည်ထောင်သူ အဖွဲ့ဝင်တဦးဖြစ်လာသည်။ နောက် တဦးမှာ ဗိုလ်ချုပ်ကြီး သူရကျော်ထင်ဖြစ်ပြီး ၁၉၆၀ အစောပိုင်းနှစ်များထဲတွင် အလားတူသင်တန်းမျိုး တက်ရောက်ခဲ့သည်။ ဗိုလ်ချုပ်ကြီး သူရကျော်ထင် သည် သူ၏ဘဝတလျှောက်လုံး ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရ အပေါ် သစ္စာစောင့်သိခဲ့သူဖြစ်သည်။ ၁၉၇၆ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ကာကွယ်ရေး ဦးစီးချုပ် ရာထူးနှင့် ၁၉၇၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။
အဆင်ပြေနေသည့် အမေရိကန် – မြန်မာ ဆက်ဆံရေးသည် ၁၉၈၈ ခုနှစ် အရေးအခင်းကြောင့် ပြောင်းလဲသွား ခဲ့ရသည်။ ဆက်ဆံရေးကနိမ့်ကျသည့် အခြေအနေသို့ ကာလကြာမြင့်စွာ ရောက်ရှိသွားခဲ့ပြီး ပြန်လည်မြှင့်တင် ခြင်း မပြုလုပ်နိုင်သည်မှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲအထိဖြစ်သည်။ သိသာထင်ရှားစွာပြောရ လျှင်၂၀၁၁ ခုနှစ် စက်တင် ဘာလတွင် ဦးသိန်းစိန် အစိုးရက တရုတ်အထောက် အပံ့ဖြင့် ဆောင်ရွက်နေသည့် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် ကာလ အထိဖြစ်သည်။ ထိုသို့ ရပ်ဆိုင်း လိုက်သည့်သတင်းက အမေရိကန်အစိုးရ၏ နားထဲတွင် ဂီတသံပမာဖြစ်ပြီး ထိုနှစ် ဒီဇင်ဘာလတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် စက်တင် ဘာလတွင် အမေရိကန် သမ္မတ အိုဘားမားလည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ ထို့နောက် ပြီးခဲ့ သည့်နှစ် မေလတွင် သမ္မတဦးသိန်းစိန်ကို ဝါရှင်တန် ၌ ကော်ဇောနီခင်း၍ ကြိုဆိုခဲ့ကြသည်။
အမေရိကန် စစ်တပ်မှ သုတေသီတဦးဖြစ်ပြီး မြန်မာနိုင်ငံဖွား အိန္ဒိယလူမျိုးတဦး၏ သားလည်းဖြစ်သူ ရာဗီဘာ လာရမ်းက အမေရိကန်နိုင်ငံမှ နိုင်ငံတကာ စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ် (IMET) တွင် တက်ရောက်ခဲ့သော မြန်မာ စစ်ဘက်အရာရှိများစာရင်းကို ပြုစုထားပြီးဖြစ်သည်။ အမေရိကန်နှင့် အကျွမ်းတဝင် ရှိရန် အလားအလာ ကောင်းသည့် သူများဟုလည်း ယူဆရသည်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့ သော ရာဗီဘာ လာရမ်း၏ စာတမ်းတွင် ဖော်ပြထားသူများမှာ ယခု ဒုတိယ သမ္မတအဖြစ် တာဝန်ယူနေသော ရေတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း၊ ဝါရှင်တန် ရှိ မြန်မာနိုင်ငံသံရုံးမှ စစ်သံမှူး ဗိုလ်မှူးကြီးမြင့် သိန်း၊ ရေတပ်လေ့ကျင့်ရေးတပ်မှူး ဗိုလ်မှူးချုပ် တင်အောင်ဆန်း၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် လှဝင်း၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ကြီးဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သော်နှင့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအေးဖေတို့ဖြစ်သည်။
ယခုအချိန်တွင် အခြားသော အင်အားကြီး အနောက်နိုင်ငံများကလည်း မြန်မာစစ်တပ်နှင့် ပြန်လည်ဆက်ဆံ ရေးတွင် မည်သည့်အတိုင်းအတာအထိ ပါဝင်နေသနည်းဆိုသည့် မေးခွန်းတခု ရှိလာသည်။ သို့သော်လည်း သမိုင်းအစဉ်အလာအရ ကြည့်မည် ဆိုလျှင် ဩစတြေးလျ နိုင်ငံကလည်း အရေးပါသည့် နေရာမှ ပါဝင်လာနိုင် သည်။ ဩစတြေးလျ နိုင်ငံက မြန်မာနိုင်ငံသည် ဗျူဟာအရ အရေးပါကြောင်း အစောကြီးကတည်းက သတိထားမိပြီးဖြစ်သည်။ ၁၉၅၀ နှစ်များအတွင်း ဦးနုခေါင်းဆောင်သည့် မြန်မာအစိုးရကို အကူအညီပေးရေး သည် အလွန် အကဲဆတ်ခဲ့သည့်အချိန်တွင် ဩစတြေးလျနိုင်ငံက မြန်မာနိုင်ငံအတွက် အရက်ရောဆုံး အလှူရှင်နိုင်ငံ တခုဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကွန်မြူနစ်ဝါဒက လည်း ဒေသတခုလုံးကို ရစ်ဝဲခြိမ်းခြောက် နေသည်။ ၁၉၅၃ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော “ဩစတြေးလျ ကာကွယ်ရေးမူဝါဒ အခြေခံဗျူဟာ” အမည်ရှိ ဩစတြေးလျအစိုးရ၏ အစီရင်ခံစာတွင် “ကွန်မြူနစ် ဆန့်ကျင်ရေး အစီအစဉ်အရ မြန်မာ၊ ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံများ၏ ကာကွယ်ရေးသည် ဩစတြေးလျနိုင်ငံ၏ ကာကွယ်ရေးအတွက် အထောက်အကူ ဖြစ်လာလိမ့် မည်” ဟု ဖော်ပြထားသည်။
တနည်းပြောရလျှင် ဩစတြေးလျနိုင်ငံက မြန်မာနိုင်ငံ၏ ကာကွယ်ရေးကို ၎င်းနိုင်ငံ အမျိုးသား လုံခြုံရေး၏ နယ်နိမိတ်အစွန်းအဖြစ် သတ်မှတ်ထား ခြင်းဟု ဆိုနိုင်ပါသည်။ ဩစတြေးလျ စစ်တပ်၏ Command and Staff College တွင် မြန်မာ အရာရှိ အမြောက်အမြား တက်ရောက်ခွင့်ပေးခဲ့ သည်။ ၁၉၅၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာစစ်တပ်မှ အကြီးတန်းအရာရှိ ၂ ဦးဖြစ်သည့် ဗိုလ်မှူးကြီး မောင်မောင်နှင့် ဒုတိယဗိုလ်မှူးကြီး တင်စိုးတို့ ဩစတြေးလျနိုင်ငံသို့ ရောက်ရှိလာပြီး မဲလ်ဘုန်းမြို့ တွင် ဩစတြေးလျစစ်တပ် လေ့ကျင့်ရေးဌာနမှ ဒုတိယ ဗိုလ်မှူးကြီး F.P “တဒ် “ စီရွန်နှင့် တွေ့ဆုံခဲ့ကြ သည်။ ၁၉၅၄ ခုနှစ် ဩဂုတ်လအထိ ၁၆ ဦးထက် မနည်းသော မြန်မာစစ်အရာရှိများ ဩစတြေးလျတွင် လေ့ကျင့်သင်တန်း တက်ရောက်ခဲ့ကြသည်။ ဒုတိယ ဗိုလ်မှူးကြီး “တဒ်” စီရွန်လည်း ရန်ကုန်မြို့သို့ ၁၉၅၇ ခုနှစ်တွင် ရောက်ရှိခဲ့သည်။ “တဒ်” စီရွန်သည် လက်နက်ကိုင် ဆူပူသောင်းကျန်းမှု နှိမ်နင်းရေး ကျွမ်းကျင်သူတဦးဖြစ်ပြီး ဩစတြေးလျ စစ်တပ်၏ တောတွင်းတိုက်ပွဲ လေ့ကျင့် ရေးကျောင်းကို Queensaland ရှိ Canungra တွင် စတင်တည်ထောင်ခဲ့သူ လည်း ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် မြန်မာစစ်တပ်က တိုင်းပြည်အာဏာကို သိမ်းယူလိုက်ပြီးနောက် ဆက် ဆံရေးများ ရပ်ဆိုင်းသွားခဲ့သော်လည်း ဩစတြေးလျ နိုင်ငံက မြန်မာနိုင်ငံနှင့် စစ်တပ်ချင်း ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် စိတ်ဝင်စားမှု ရှိနိုင် ကြောင်း ဖော်ပြနေသည့် အချက်များလည်းရှိနေသည်။ ယခု အချိန်တွင် ၁၉၅၀ နှစ်များကဲ့သို့ပင် တရုတ်နိုင်ငံ၏ အနေအထားက အခြားအရာများထက် ပို၍ထည့် သွင်းစဉ်းစားရမည့် အရေးပါသောအချက် ဖြစ်နေသည်။
ပြန်လည်တည်ဆောက်နိုင်သည့် ရေခံမြေခံ လည်းရှိနေသည်။ သို့သော်လည်း နောက်ဆုံးတွင် မြန်မာနိုင်ငံက ကြီးမားသည့် ပါဝါကစားပွဲသစ်တခု၏ အလယ်တွင် ထိန်းချုပ်မှုအနည်းငယ် သို့မဟုတ် လုံးဝမရှိနိုင်သည့် အနေ အထားတခုကို ရှာဖွေသွား ဖွယ်ရှိနေသည်။ အနောက်နိုင်ငံများကလည်း မြန်မာ နိုင်ငံတွင် ၂၀၁၅ ခုနှစ် အထွေ ထွေ ရွေးကောက်ပွဲ နောက်ပိုင်းတွင် မျှော်လင့်မထားသည့် ရုတ်တရက် အပြောင်းအလဲမျိုးထက် ဆက်လက် တည်ငြိမ်မှုရှိနေ သည်ကို လိုလားသည်ဟု ယူဆနိုင်စရာများလည်း ရှိသည်။ အနောက်အင်အားကြီး နိုင်ငံများက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်လေးစား ဂါရဝထားနေကြချိန်တွင် သူတို့က လက်ရှိအစိုးရနှင့် အနည်းနှင့်အများတူညီမှု ရှိသည့် နောက်အစိုးရကို သဘောကျကြဖွယ်ရာရှိသည်။ အဘယ် ကြောင့်ဆိုသော် အနောက်နိုင်ငံများ အတွက် ဒေသလုံခြုံရေးသည် လူ့အခွင့်အရေးနှင့် စစ်မှန်သည့် ဒီမိုကရေစီ ဖွံ့ဖြိုးရေးထက် အမြဲတမ်း ပို၍ အရေးကြီးသောကြောင့် ဖြစ်ပါသည်။