ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် အုပ်စုလိုက် အပန်းဖြေခရီးစဉ်များ၊ မိသားစု အပန်းဖြေခရီးများ သွားလာကြရန် စီစဉ်နေကြပြီ ဖြစ်သည်။
ယခင်က မြန်မာပြည်တွင်း ဘုရားဖူးခရီးစဉ်များသာ သွားလာလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် အနားယူ အပန်းဖြေ ခရီးများကို အုပ်စုလိုက်သွားလာ လည်ပတ်သည့် ဓလေ့ ထွန်းကားလာသဖြင့် ဈေးနှုန်း သက်သာပြီး ပျော်ရွှင်ဖွယ် ကောင်းသည့် နေရာ၊ သက်တောင့် သက်သာ ရှိသည့် နေရာများကို ရှာဖွေ သွားရောက် လည်ပတ်ကြကြောင်း၊ တချို့ကလည်း ဒေသဆိုင်ရာ ပွဲလမ်းသဘင် များကို သွားရောက် လည်ပတ်ကြကြောင်း သိရသည်။
ယခုရာသီသည် မိုးအကုန် ဆောင်းအကူးကာလ ဖြစ်သည့်အတွက် အများစုက ကမ်းခြေကို ဦးတည် သွားကြသည်။
နှစ်စဉ် နှစ်တိုင်း အောက်တိုဘာလမှ စတင်၍ မေလ အထိသည် ခရီးသွားရာသီဖြစ်ပြီး အလည်အပတ်နှင့်
ဘုရားဖူး ခရီးသွားဧည့်သည် အများဆုံး ကာလ ဖြစ်ကာ ခရီးသွား လုပ်ငန်းများ လည်ပတ်မှု အကောင်းဆုံးအချိန် လည်းဖြစ်သည်။
ချောင်းသာကမ်းခြေ၊ ငွေဆောင်ကမ်းခြေတို့တွင် ရုံးပိတ်ရက်ဆက်သည့် အချိန်များတွင် အထူး စည်ကားသည်ကို တွေ့ရသည်။ တချို့က ရခိုင်ပြည်နယ် ငပလီကမ်းခြေ၊ ထားဝယ်ရှိ မောင်းမကန် ကမ်းခြေများအထိ သွားရောက်လည်ပတ် ကြသည်။
အထူးသဖြင့် ချောင်းသာကမ်းခြေက ကမ်းခြေအားလုံးတွင် အစည်ကားဆုံးနှင့် ဈေးအသက်သာဆုံး ဖြစ်ပြီး ခရီးအကွာအဝေး အားဖြင့် မဝေးလွန်းသောကြောင့် လူသွားအများဆုံး ဖြစ်သည်ကို တွေ့ရသည်။
ချောင်းသာကမ်းခြေ ခရီးစဉ်နှင့် ပတ်သက်၍ ဗျာလ ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဦးထွန်းလင်းက “ကျနော်တို့ ခရီးသွားလုပ်ငန်းကတော့ ကားခတဦးကို အသွား၊ အပြန် ၁၅၀၀၀ ကျပ်ပါ။ ဟိုတယ်နဲ့ အစား အသောက်ကတော့ ကျနော်တို့ မစီစဉ်ပေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဗျာလ ခရီးသွား လုပ်ငန်းသည် ပွင့်လင်းရာသီတွင် ချောင်းသာနှင် ကျိုက်ထီးရိုးသို့ အဓိက ပို့ဆောင်ပေးနေကြောင်း၊ တခြား
ရာသီ ပွဲတော်ဖြစ်သည့် တန်ဆောင်တိုင် တောင်ကြီး မီးပုံပျံပွဲတော် စသည်ဖြင့် သွားချင်သူများ ရှိလျှင်လည်း ပို့ဆောင် ပေးကြောင်း၊ ကျိုက်ထီးရိုးသို့ တဦးလျှင် ကားခ ကျပ် ၁ သောင်း ဖြစ်ပြီး တောင်ကြီ တန်ဆောင်တိုင် ပွဲတော်သို့ သွားမည် ဆိုပါက တဦးလျှင် ကား ၅၅၀၀၀ ကျပ်ဖြစ်ကာ အိပ်ရန်နေရာအတွက် ဓမ္မာရုံတွင် စီစဉ်ပေးကြောင်း၊ ခရီးသည်များ
စားသောက်ရန်အတွက်မူ မိမိအစီအစဉ်နှင့် မိမိ ဖြစ်ကြောင်း ဦးထွန်းလင်းက ရှင်းပြသည်။
“ခရီးသွားတွေက တနှစ်ထက် တနှစ် ပိုများလာတယ်။ ခရီးသွား လုပ်ငန်းတွေကလည်း ပိုများ လာတယ်။ ဒီချိန်ကတော့ ဘုရားဖူးတွေ ပိုသွားကြတယ်။ နွေရာသီ ကလေး ကျောင်းပိတ်ရက်တော့ ချောင်းသာဘက်ကို ပိုပို့ရတယ်။ အခုဆိုရင်
လည်ပတ်တဲ့ နေရာတွေကလည်း အရင်ကထက် ပိုများလာတယ်လေ။ ကျနော်တို့ ဆီမှာက ၁၀ ဦးဆိုရင် တဦးကို အခမဲ့ လိုက်ပါခွင့် ပေးပါတယ်” ဟု ၎င်းက ဆိုသည်။
ပြည်တွင်းခရီးသွား လုပ်ငန်းဖြစ်သည့် အင်းလေးချစ်သူ ခရီးသွား လုပ်ငန်းကလည်း လက်ရှိ တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်၊ ပြင်ဦးလွင် မီးပုံပျံပွဲတော်သို့ ပို့ဆောင်ပေးနေကြောင်း၊ လွန်ခဲ့သည့်နှစ် ပွင့်လင်းရာသီက အင်းလေးချစ်သူ ခရီးသွားကား အစီး ၄၀ ခန့် ခရီးသည်များကို ပို့ဆောင် ပေးခဲ့ကြောင်း၊ ခရီးသည်များ အတွက် အထူးဈေးနှုန်းဖြင့် စီစဉ် ပေးနေကြောင်း တာဝန်ရှိသူ မမိုးချစ်သူက ဧရာဝတီသို့ ပြောသည်။
“ကျမတို့ ခရီးသွားလုပ်ငန်းကတော့ သူ့ရာသီ၊ သူ့အချိန်နဲ့ ခရီးသည်တွေကို လိုက်လံပို့ဆောင် ပေးပါတယ်။ ဒီအချိန်က တောင်ကြီး တန်ဆောင်တိုင်ပေါ့။ တောင်ကြီးကို သုံးညအိပ်၊ လေးရက်ခရီးကို ဟိုတယ်မှတည်းမယ်ဆို တသိန်း တသောင်းပါ။ ရွှေစက်တော် ဘုရားပွဲဆိုရင် ကားခက ခန့်မှန်းခြေ တသိန်းကျော် အပြန်မှာကတော့ ပြည်က အကောက်တောင်ကို လိုက်ပို့ပေးမှာပါ” ဟု မမိုးချစ်သူက ဆိုသည်။
ယခုနောက်ပိုင်းတွင် ခရီးသွား လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာပြီး ငွေကြေး ချွေတာလိုသူများအတွက်လည်း သက်တောင့် သက်သာ၊ အကုန်အကျ နည်းနည်းဖြင့် ဘုရားဖူးခရီး၊ အလည်အပတ်ခရီးများ သွားနိုင်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ဆောင်သူ များက ပြောကြသည်။
ယခင်ကမူ ဘုရားဖူးယာဉ်များသာ ရှိပြီး ခရီးသွားလုပ်ငန်းများ မဖွံ့ဖြိုးသေးသည့်အတွက် ကိုယ်ပိုင်ကား ရှိသူများ၊ ကားစင်းလုံး ငှားရမ်းနိုင်သည့် မိသားစုများသာ အပန်းဖြေခရီး သွားရောက်နိုင်ကြသည်။
“အခုဆိုရင် ခရီးသွား လုပ်ငန်းတွေကလည်း များလာတယ်။ ပြီးတော့ ဈေးနှုန်းကလည်း သက်သာတယ်။ ဒါကြောင့် မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ရုံးပိတ်ရက်တွေဆိုရင် နီးနီးနားနား ချောင်းသာတို့၊ ပြီးတော့ ပြည်က အကောက်တောင်တို့ သွားလို့ရတာပေါ့” ဟု ရုံးဝန်ထမ်း တဦးဖြစ်သည့် မမီးမီးက ဧရာဝတီသို့ပြောသည်။
များသောအားဖြင့် ကမ်းခြေသို့ အုပ်စုလိုက် သွားရောက် အပန်းဖြေမည်ဆိုပါက ကားခ ကျပ် တသောင်းခွဲစီနှင့် ဟိုတယ်ခ တယောက် ကျပ်တသောင်း၊ အစားအသောက် အနေဖြင့်လည်း မိမိ စားသောက်သည့်အပေါ် မူတည်ပြီးသာ ကုန်ကျ ကြောင်း၊ ပြည်မြို့ အကောက်တောင်သို့ သွားမည်ဆိုပါက နေ့ချင်းပြန် ကျပ်သုံးသောင်းသာ ကုန်မည်ဖြစ်ကြောင်း
မမီးမီးက ဆိုသည်။
ပြည်တွင်းခရီးသွားများသည် ပွင့်လင်းရာသီ ရောက်သည့်အခါတွင် မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး ၊ ပုဂံညောင်ဦး၊ ရွှေစက်တော်၊ ကျိုက်ထီးရိုး၊ အလောင်းတော် ကဿပ၊ ပြည်မြို့မှ အကောက်တောင် စသည့် ဒေသများသို့
သွားရောက်လည်ပတ် အပန်းဖြေမှု များပြားကြောင်း သိရသည်။