စာရေးသူသည် ၁၉၈၈ စက်တင်ဘာလဆန်းတွင် အထင်အရှား ပေါ်ပေါက်လာသော သပိတ်ဦးစီး ကော်မတီများ၊ ကျောင်းသား အဖွဲ့များထံ ချဉ်းကပ်၍ ရန်ကုန် အင်းစိန်ထောင် သတင်းကို အကူအညီ ရယူနိုင်ရန် ချဉ်းကပ်ခဲ့ သော်လည်း အဆိုပါ အဖွဲ့ ခေါင်းဆောင် များသည် လမ်းပေါ်ချီတက်ပွဲ၊ စင်တင် တရားပွဲများ ကိုသာ စိတ်ဝင်စား ကြပြီး တချို့သော သပိတ်ခေါင်းဆောင်များ ကျောင်းသား ခေါင်းဆောင် ဆိုသူများမှာလည်း မြန်မာလူမျိုးတို့၏ ဓလေ့စရိုက် အတိုင်း မင်းလောင်းမျှော် ဝါဒသမားများက ဝိုင်းဝိုင်းလည် ခြံရံထားသဖြင့် ၎င်းတို့ အနီးသို့ စာရေးသူကပ်၍ သတင်း မယူနိုင်၊ သတင်း မပေးနိုင်၊ သတင်းနှင့် ပတ်သက်၍ အကူအညီတောင်း၍ မရနိုင်ခဲ့ပါ။
ထိုအချိန်က ပေါ်ပေါက်လာသော ခေါင်းဆောင်တချို့မှာ ဓားကိုင်၊ လှံကိုင် သက်တော်စောင့်များပင် ရှိခဲ့ပါသည်။ သမိုင်း မှန်ကို မပေါ်အောင် ဖုံးလိုသူများတွင် မဆလ၊ နဝတ၊ နအဖများသာမက ၈၈ အရေးတော်ပုံ ကာလအတွင်း အောက်ခြေ လွတ်ခဲ့သော ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် နေရာယူခဲ့သူအချို့လည်း ပါဝင်နိုင်သည့် အတွက် ထိုခေတ်ကို မီသူအများ သက်ရှိ ထင်ရှားရှိနေစဉ် ၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် သက်ဆိုင်သော သမိုင်း မှတ်တမ်းများကို အချက်အလက် တိတိကျကျ ဖြင့် ဖော်ထုတ် ပေးကြ ပါရန် မေတ္တာရပ်ခံပါသည်။
ရမ်းတုတ်၊ မှန်းတုတ်၊ ဝေလေလေ ဇာတ်ရုပ်များဖြင့် မိမိတို့ အခန်းကဏ္ဍ မှေးမှိန်သွားမည် စိုး၍ အဖြစ်မှန်ကို မဖော်ထုတ်ဘဲ နေ လျှင် ယနေ့ခေတ်စားနေသည့် “လှိုင်းကြီး လေထန် သမိုင်းဖြစ်ရပ်မှန်” ဆိုသည်ကို လည်း ကောင်း၊ “တိုင်းဆူပြည်ဖျက် လူသတ် ခေါင်းဖြတ်မှုများဖြင့် အကျည်းတန် အဖြစ်အပျက်များ” ဆိုသည်ကို လည်းကောင်း၊ “အန္တရာယ် ချောက်ကမ်းပါးအတွင်း ကျဆင်း တော့မည့် နိုင်ငံတော်ကို ကယ်တင်ရန် တာဝန်အား တပ်မတော်က မလွှဲမရှောင်သာ ယူခဲ့ရသည်” ဆိုသော မြန်မာ့ခေတ်သစ် သမိုင်းတွင် ထပ်ချည်း တလဲလဲ အသုံးချခဲ့သည့် နိုင်ငံရေး ဆောင်ပုဒ်များကို စာရေးသူတို့ ချေဖျက်နိုင်မည် မဟုတ်သည်ကို သတိပြုကြ စေလိုပါသည်။
မိမိတို့၏ အတ္တ၊ မာန၊ လောဘများကို ချိုးနှိမ်၍ နိုင်ငံအတွက် အမှန်တကယ် ပေးဆပ်လိုကြလျှင်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးကို အမှီပြု၍ ပေါ်ပေါက်လာသော ဒီမိုကရေစီ ခေါင်းဆောင်ဆိုသူများ ဘက်ကလည်း ရိုးသားကြရန် လိုအပ်ပါသည်။ သမိုင်း၏ အဖြစ်မှန်များကို နောင်လာနောင်သားတို့ သိသင့်သည်။
ယနေ့ လူကြီးနေရာသို့ ဝင်စပြုနေပြီ ဖြစ်သော ၈၈ မျိုးဆက် ဆိုသူများသည် မိမိတို့ ဖြတ်သန်းခဲ့သော သမိုင်းကို အမှန်အတိုင်း အတိအကျ အစစ်ဆေးခံနိုင်သည့် အထောက်အထားများ ကာလ၊ ဒေသ၊ ပယောဂများကို ခွဲခြမ်း စိတ်ဖြာ၍ လူထုအား တင်ပြရန် တာဝန်ရှိပါသည်။
အစဉ်အဆက် အုပ်ချုပ်ခဲ့သော အာဏာရှင် ဂိုဏ်းသားများအား “ဒီကောင်တွေ၊ မတရားဘူး၊ ညစ်ပတ်တယ်၊ မဟုတ်တာတွေ လုပ်ခဲ့တယ်” ဆိုသော ယေဘုယျ စကားလုံးဖြင့် ၂၁ ရာစု၊ ပညာခေတ်တွင် အာဏာရှင်ဂိုဏ်းအား ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပါ။
စာရေးသူသည် အခြေခံပြည်သူ၊ အခြေခံသပိတ် အဖွဲ့များထံမှ လက်ခံရရှိသော သတင်းအချက်အလက်များကို ဘီဘီစီ သတင်း ဌာနသို့ ပေးပို့ရင်း ၂၁-၁၀-၈၈ နေ့တွင် အဖမ်းခံခဲ့ရပြီး မင်္ဂလာဒုံ လေဆိပ် အဝင်နားတွင် ရှိသော အမှတ် ၆ ထောက်လှမ်းရေးသို့ ရောက်ရှိသွားခဲ့ပါသည်။
အမှတ် ၆ ထောက်လှမ်းရေး စခန်း၏ တာဝန်ခံတပ်မှူးမှာ ထိုစဉ်က ဗိုလ်ကြီး စန်းပွင့် ဖြစ်ပါသည်။ နောင်တွင် ဗိုလ်မှူးကြီး အဆင့်သို့ ရောက်ရှိခဲ့ပြီး၊ ဗိုလ်ခင်ညွန့်နှင့်အတူ အင်းစိန်ထောင်၊ သရက်ထောင်ထဲ ရောက်ခဲ့ရသူဖြစ်ပါသည်။
စာရေးသူအား ရက်ရက်စက်စက် နှိပ်စက်မှုကို ဗိုလ်စန်းပွင့် ကိုယ်တိုင် ဦးဆောင်၍ (မကွေးတိုင်း ချောက်မြို့နယ် ဇာတိဖွား) တပ်ကြပ်ကြီး မြင့်ရွှေနှင့် အတူ ပြုလုပ်ခဲ့ ပါသည်။ ၂၆-၁၀-၈၈ နေ့မှစ၍ အကြမ်းနည်း စစ်ဆေးမှုမှ အနုနည်း စစ်ဆေးချက်သို့ ပြောင်းလဲ စစ်ဆေးရာတွင် ဗိုလ်ကြီးဌေးမြင့် (ပြည်မြို့နယ်ဇာတိဖွား) က လွှဲပြောင်း စစ်ဆေး ပါသည်။
အထက်ပါ အကြမ်းနည်း၊ အနုနည်း စစ်ဆေးသူ နှစ်ယောက်လုံး (သရက်မြို့နယ်ဇာတိ) စာရေးသူအား “မင်းနဲ့ငါက မကွေးတိုင်း သား အချင်းအချင်းပဲ” ဟု လည်ကောင်း၊ “ပြည်နဲ့ သရက်ဆိုတာ တနယ်တည်းသား ဆွေမျိုးတွေပါ” ဟု လည်းကောင်း မိတ်ဆက် ဆွေမျိုးစပ်ပြီး နည်းမျိုးစုံဖြင့် စစ်ဆေးခဲ့ကြပါသည်။
အထက်ပါ ဗိုလ်စန်းပွင့် လက်အောက်ခံ ထောက်လှမ်းရေး နှစ်ယောက်အကြောင်း ဖော်ပြနေရခြင်းမှာ အကြောင်း ရှိပါသည်။ ၎င်းထောက်လှမ်းရေး စခန်းမှ အကြောင်းများစွာကို စာရေးသူ၏ ဘဝတွင် မေ့ပျောက်ထားလိုပါသည်။ မလွှဲသာသော အကြောင်းရှိ၍ စာဖတ်သူများအား တင်ပြရခြင်း ဖြစ်ပါသည်။
စာရေးသူ အမှတ် ၆ ထောက်လှမ်းရေးတွင် မှတ်မှတ်သားသား ရှိခဲ့သူ ထောက်လှမ်းရေး တပ်ကြပ်ကြီး မြင့်ရွှေသည် စာရေးသူ အင်းစိန်ထောင်ထဲသို့ ရောက်ရှိပြီး တနှစ်ခွဲခန့် အကြာ ၁၉၉၀ ခုနှစ်ထဲတွင် စာရေးသူအား မမျှော်လင့်ဘဲ ထပ်မံ လာရောက် စစ်မေးမှု ပြုခဲ့ခြင်းသည် သူနှင့် စာရေးသူအကြား နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်ပါသည်။
ယခု ချောက်မြို့ နယ်ဇာတိဖွား တပ်ကြပ်ကြီး မြင့်ရွှေတယောက် မည်သည့်ဘုံဌာန ရောက်ရှိနေသည်ကို စာရေးသူ မသိပါ။
အမှတ် ၆ ထောက်လှမ်းရေးတွင် စာရေးသူအား ၎င်းတပ်ကြပ်ကြီး စစ်ဆေးစဉ်က စာရေးသူထံမှ ရသမျှ အချက်အလက် အားလုံး လိုချင်၍ ရက်ရက်စက်စက် နှိပ်စက်စစ်ဆေးခဲ့ခြင်း ဖြစ်သော်လည်း၊ ၁၉၉၀ ခုနှစ် ထဲတွင် အင်းစိန် ထောင်ထဲသို့ အဆိုပါ တပ်ကြပ် ကြီး စာရေးသူအား လာရောက်စစ်ဆေး ညှိနှိုင်းသည်မှာ စာရေးသူအနေဖြင့် မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမျှ ၁၉၈၈ ခုနှစ် အမှတ် ၆ ထောက်လှမ်းရေးတွင် ၎င်းတို့ထံ ထွက်ဆိုမှု ပြုခဲ့သည့် အကြောင်း အရာ အချက်အလက်ထက် ပို၍ မည်သည့်အခါမျှ ထုတ်ဖော်ပြောဆိုခြင်းမပြုရန် မေတ္တာရပ်ခံသလို၊ သတိပေး ခြိမ်းခြောက် သလို လာရောက်ပြောဆိုခြင်း ဖြစ်ပါသည်။
စာရေးသူက နှုတ်ဖြင့်ဘာမျှ ပြန်မပြောသော်လည်း မျက်လုံးဖြင့် “မင်းတို့လိုချင်တာ ငါ့ဆီကဘာမျှ ရမှာ မဟုတ်ဘူး” ဟူသော အဓိပ္ပာယ်ကို ထုတ်လွှင့်ပြခဲ့ပါသည်။
မြင့်ရွှေသည် ထောက်လှမ်းရေးပီပီ စာရေးသူ၏ မျက်လုံးက ပြသော အဓိပ္ပာယ်ကို အတိအကျ ဖတ်ရှုနိုင်ခဲ့ဟန်ဖြင့် စာရေးသူအား “ဟေ့ကောင် နေမင်း၊ မင်း ထောင်ကျသွားပြီ ဖြစ်လို့ ငါတို့ ထောက်လှမ်းရေး လက်ကလွတ်ပြီထင်နေသလား၊ မင်းကို ထောင်ထဲမှာ ဘယ်လိုထားရမယ်၊ ဘယ်လို ကျွေးရမယ်၊ ဘယ်လို အရိုး ဆွေးသွားအောင် ဘယ်နေရာမှာ ထား၊ ဉာဏ်များတဲ့ မင်းလိုကောင်ကို ချီးဘရိန်း ဖြစ်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ငါတို့ ထောက်လှမ်းရေး ညွှန်ကြားချက်အတိုင်း ထောင်က လုပ်ပေးနေရတာကို မကြာခင် မင်း သဘောပေါက်လာလိမ့်မယ်” ဟူသော ကြိမ်းမောင်းစကား ပြော၍ စာရေးသူအား နှုတ်ဆက် ထွက်ခွာ သွားခဲ့သည် မှာ ယနေ့တိုင်ဖြစ်ပါသည်။
စာရေးသူအား အနုနည်းဖြင့် ယဉ်ကျေးသိမ်မွေ့ စွာစစ်ဆေးခဲ့သူ ဗိုလ်ကြီးဌေးမြင့်မှာ “အထက်အမိန့်အရ၊ နည်းဗျူဟာ ပြောင်းလွဲ စစ်ဆေးသူ ဖြစ်နိုင်သော်လည်း ၎င်းသည် ပင်ကိုယ် ကြင်နာသနားတတ်သူ၊ အမှန်ကို သိမြင်သူ၊ ထောက်လှမ်းရေး ဘဝသို့ ရောက်ရှိနေရခြင်းကို နောင်တ တရားရနေသူ၊ ရိုးရှင်းသော တပ်မတော်သားဘဝသို့ ပြန်သွားချင်သူ အဖြစ် စာရေးသူ လေ့လာ ခန့်မှန်းမိ ပါသည်။
သူသည် စာရေးသူ သာမက သူနှင့်တွေ့ခဲ့သော နိုင်ငံရေး အကျဉ်းသားများအား သူ၏ လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ တတ်စွမ်းသမျှ ကူညီနှစ်သိမ့် ပေးတတ်သူ ဖြစ်ကြောင်း သူနှင့် တွေ့ဆုံခဲ့ရသော နိုင်ငံရေးအကျဉ်းသား အများစု၏ မှတ်ချက်ကို ရရှိခဲ့သူဖြစ်ပါသည်။
ဗိုလ်ဌေးမြင့်နှင့် ပတ်သက်၍ ၎င်းသည် နိုင်ငံခြား ဆေးအဖွဲ့ တခုတွင် ၎င်း၏ မျက်လုံးအား ပြသကုသမှု ခံယူပြီးနောက် တပ်မှ ထွက် ခွင့် တောင်းခံခဲ့ဖူးကြောင်း၊ တပ်မတော် ဆေးအဖွဲ့နှင့် ကုသမှု ခံယူလုပ်ဆောင်ခြင်း မဟုတ်၍ ၎င်း၏ မျက်စိကုသမှု မှတ်တမ်းအား ထောက်လှမ်းရေးက လက်မခံ၊ တပ်က ထွက်ခွင့်မပေးဘဲ ပြည်ထဲရေး လက်အောက်ခံ ပြည်သူ့ ဝန်ထမ်း လေ့ကျင့်ရေးကျောင်း (အထက်မြန်မာပြည်) သို့ တာဝန်ပေး စေခိုင်း ခံခဲ့ရကြောင်း၊ ၂၀ဝ၄ ခုနှစ်၌ တပ်မတော်မှ ဗိုလ်ခင်ညွန့် ဂိုဏ်းသားများကို ဖြုတ်ထုတ် သတ် ရှင်းပွဲတွင် ဗိုလ်ဌေးမြင့် မပါဘဲ ဝန်ထမ်း လေ့ကျင့်ရေး ကျောင်း၌ ကျန်ခဲ့ကြောင်း၊ ထောက်လှမ်းရေး ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးကြီး မြင့်ဦးတို့ထံမှ စာရေးသူ သာယာဝတီ ထောင်တွင် စုံစမ်းသိရှိခဲ့ရပါသည်။
စာဖတ်သူများအား အသိပေးလိုသည်မှာ စာရေးသူ အမှတ် ၆ ထောက်လှမ်းရေးတွင် ဗိုလ်ကြီး ဌေးမြင့်၏ စစ်ဆေးမှု ခံယူနေစဉ် ကာလအတွင်း စာရေးသူအား အမှတ် ၆ ထောက်လှမ်းရေးတွင် တာဝန်ထမ်း ဆောင်နေသော ထောက်လှမ်းရေး စစ်ဗိုလ်အချို့နှင့် ဗိုလ်ကြီးဌေးမြင့်က မိတ်ဆက်ပေး ပါသည်။
၎င်း၏ လက်အောက်ခံဗိုလ်များအား `မင်းတို့…၊ ကိုနေမင်းကို မှတ်ထားကြ၊ ကိုနေမင်းကလည်း သူတို့ကို မှတ်ထားပါ။ ယခုကာလ အကြောင်းကြောင်း အရ တို့တတွေ ဆန့်ကျင်ဘက် အနေအထားနဲ့ ရပ်တည်နေကြ ပေမယ့် နောင်အရှည် တိုင်းပြည်အတွက် အမျိုးသားရေး အတွက် လုပ်ကြတဲ့အခါ လက်တွဲ လုပ်ရမယ့် လူတွေ ဖြစ်တယ် ဆိုတာ သိထားဖို့ လိုတယ်ဟု ဗိုလ်ကြီးဌေးမြင့်သည် သဘောထား ကြီးကြီးမားမားဖြင့် သူ့တပည့်များရှေ့တွင် ပွင့်ပွင့်လင်းလင်း စာရေးသူ အား ဆက်ဆံခဲ့ပါသည်။
စာရေးသူ၏ ရင်ထဲတွင် သူ့လို ဆင်ခြင်တုံတရားနဲ့ အမြင်ကျယ်ကျယ် မြင်တတ်တဲ့ စစ်ခေါင်းဆောင်တွေ မြန်မာ့ တပ်မတော်မှာ တော်တော်များများ ရှိရင် အလွန်ကောင်းမှာပဲ ဟု စိတ်ထဲက ကျိတ်၍ ဆုတောင်းမိခဲ့ပါသည်။
ဗိုလ်ဌေးမြင့် စာရေးသူအား အနုနည်းသုံး၍ စစ်ဆေးနေစဉ် ကာလအတွင်း တောင်ဥက္ကလာပ မြို့နယ်မှ ခေါင်းဖြတ်အဖွဲ့ ဆိုသူ လူတစု ထောက်လှမ်းရေး ၆ သို့ ရောက်လာပါသည်။
၎င်းတို့ အုပ်စုအား လူခွဲ၍ စစ်ဆေးခဲ့ရာမှ အသက် ၁၈ နှစ် ပြည့်ဟန် မရှိသေးသော လူငယ်လေး တယောက်သည် စာရေးသူအား တယောက်တည်း ချုပ်ထားသော အခန်းသို့ ရောက်ရှိ လာပါသည်။ စာရေးသူမှာ ထောက်လှမ်းရေးများ နှိပ်စက်သည့်ဒဏ်ကြောင့် မရပ်နိုင်ဘဲ ကြမ်းပြင်တွင် လဲနေချိန် ဖြစ်ပါသည်။
မိမိအနီးသို့ ငိုယိုနေသည့် လူငယ်တယောက် ရောက်လာသဖြင့် “မင်းကရော ဘာမှုနဲ့ ဒီအချုပ်ထဲ ရောက်လာတာလဲ” ဟု စာရေးသူ သည် လဲလျက် အနေအထားက လေသံဖြင့် မေးခဲ့ပါသည်။ “တောင်ဥက္ကလာ ခေါင်းဖြတ်တဲ့ အမှုနဲ့ပါ” ဟု လူငယ်လေးက ပြန်ဖြေပါသည်။
စာရေးသူသည် ခေါင်းဖြတ်မှုတရားခံဟု သိလိုက်သည်နှင့် တုန်လှုပ်သွားပါသည်။ ၎င်းလူငယ်လေးအား ရွံ့လည်းရွံ့ သည်၊ ရွံလည်း ရွံသည့် ခံစားချက် စာရေးသူ၏ကိုယ်တွင် ထိုအချိန်က ဖြစ်ပေါ်ခံစားမိခဲ့သည်မှာ အမှန်ပင် ဖြစ်ပါသည်။
မိမိကိုယ်တိုင် မလှုပ်နိုင်သော အခြေအနေဖြစ်၍သာ သည်းခံနေခဲ့ရပါသည်။ သို့သော် လူငယ်လေးမှာလည်း သည်းထန်စွာ ငိုယိုနေ သဖြင့် “မင်းတကယ်ပဲ ခေါင်းဖြတ်ခဲ့သလားကွာ” ဟု စာရေးသူက လေသံယဲ့ယဲ့ဖြင့် မေးလိုက် သည့်အခါ လူငယ်လေးမှာ အော်၍ ချုံးပွဲချငိုပါတော့သည်။
အဆိုပါ လူငယ်မှ မိမိသည် ကိုယ်တိုင် ခေါင်းဖြတ်ဖို့ နေနေသာသာ၊ ခေါင်းဖြတ်ပွဲကိုပင် ကြည့်ရဲ မြင်ရဲခြင်း မရှိကြောင်း၊ ၎င်း၏ ဖခင်သည် မဆလအစိုးရနှင့် ပါတီကို မလိုလားသဖြင့် ၈၈ အရေး တော်ပုံကြီးတွင် တက်တက်ကြွကြွ ဆန္ဒပြ သည့် အထဲတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်း၊ မဆလများက ယင်း အချက်ကို တေးမှတ်ထားပြီး စစ်အာဏာ သိမ်းသောအခါ မိမိတို့ သားအဖတစုသည် ခေါင်းဖြတ်သည့်အဖွဲ့ တွင် ပါဝင်သူများအဖြစ် အတိုင်ခံရ၍ ယခုကဲ့သို့ အဖမ်း ခံရကြောင်း၊ အဖမ်း ခံရသူများတွင် သူသည် အငယ်ဆုံး ဖြစ်၍ ကျန်သည့်လူကြီးများက စွဲဆိုမှုကို ငြင်းဆန်နေ ကြသော်လည်း သူ့အနေဖြင့် လောလောဆယ် ညှဉ်းပန်းခံရ သည်ကို မခံနိုင်၍ ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း ပြောပါသည်။
၎င်းအား ညှဉ်းပန်းပုံကို မေးသောအခါ လူငယ်လေး၏ ကြောက်ရွံ့တတ်သည့် စိတ် သဘောထားကို ထောက်လှမ်းရေး များက ရိပ်မိပုံ ရသဖြင့် စိတ်ဓာတ် ချောက်ချားအောင် စစ်ဆေးနည်း များကို ပိုမိုသုံးစွဲသည့် သဘောကို စာရေးသူ ခန့်မှန်း သိရှိရပါသည်။
အဆိုပါ လူငယ်လေး နောက်ဆုံး ဝန်ခံချက်ပေး ခဲ့ရသည့် ထောက်လှမ်းရေး စစ်ဆေးနည်း တခုမှာ “မျက်လုံးကို အဝတ်စည်း၍ ဘုရားကိုသာ အာရုံပြု တော့ဆိုပြီး ခြောက်လုံးပြူး သေနတ်ပြောင်းအား လူငယ်လေးပါးစပ်ထဲ ထိုးထည့်ပြီး ကျည်ဆန်မပါဘဲ သေနတ်မောင်းကို ဖြုတ်ပါသည်။
အခန်းကျဉ်းဟု ယူဆရသည့်နေရာတွင် လူငယ်လေးအား ထားပြီး လူငယ်လေး၏ နားအနီးမှ တကယ့် သေနတ်သံကို ကြားစေပါ သည်။
ပါးစပ်တွင်းမှ သေနတ်ပြောင်းကို လည်း မကြာခဏ လှည့်ပတ်ကစားသဖြင့် လူငယ်လေး၏ ပါးစပ်နှင့် သွားများလည်း နာကျင်မှု ဝေဒနာ ခံစားခဲ့ရသည်ဟု လူငယ်လေးက စာရေးသူအား ပြောပါသည်။
အထက်ပါအတိုင်း လူငယ်လေးက ဖြစ်ကြောင်းကုန်စင် ငို၍ပြောနေသည်ကို ဘေးအချုပ် ခန်းရှိ ၎င်း၏ သားချင်း ညီအစ်ကိုများ လည်း ကြားရ သောအခါ ၎င်းတို့၏ ညီငယ်အား ဘာလို့ မဟုတ်တာကို မင်းဝန်ခံရတာလဲ၊ ငါတို့အားလုံး ဒီအမှုကို မကျူးလွန်ဘဲ မင်းကြောင့် ထောင်ကျကုန်တော့မည် ဟု ဝိုင်းပြောကြသည့်အခါ လူငယ်လေးက မိမိ ယခု ကြုံတွေ့ နေရသည့် ဒုက္ခကို မခံနိုင်ပါ၊ နောင်မှ ဖြစ်ချင်တာဖြစ်တော့ စစ်ဆေးတဲ့လူ အလိုကျ ထွက်ဆိုရ ပါသည်ဟု ပြော၍ ငိုနေပါသည်။
စာရေးသူမှာ မိမိဒုက္ခနှင့် မိမိ ကြုံဆုံ ဖြေရှင်းနေ ရသည်တွင် မိမိအနား၌ မဟုတ်မတရား ဒုက္ခရောက် တော့မည့် မိသားစုဝင် တစု၏ ဒုက္ခကိုလည်း မကြည့်ရက်၊ မကြားရက်တော့ ပါ။ ထိုနေ့ည စာရေးသူအား ဗိုလ်ကြီးဌေးမြင့်က အချုပ်မှ ထုတ်ယူစစ်ဆေးစဉ် အနီး၌ အကြမ်းနည်း စစ်ဆေးရာတွင် လက်စွမ်းပြရန် ဝန်မလေးသည့် တပ်ကြပ်ကြီး မြင့်ရွှေလည်း စာရေးသူ၏ အနီးတွင် ရှိနေပါသည်။
စာရေးသူက ဗိုလ်ကြီး ဌေးမြင့်အား “ကိုဌေး ခင်ဗျားတို့ တောင်ဥက္ကလာ ခေါင်းဖြတ်အဖွဲ့မှာ ဖမ်းထားသူတွေဟာ လူမှား နေပုံရတယ်၊ နိုင်ငံရေး ရန်ငြိုးတွေနဲ့ မမှန်မကန် သတင်းပေးပြီး ပြိုင်ဘက် နိုင်ငံရေးသမား မိသားစုကိုချောက် တွန်းတဲ့ သဘော တွေ့ရတယ်၊ သူတို့ထဲက လူငယ်လေးဟာ ခင်ဗျားတို့ အဖွဲ့တွေ စစ်ကြောတာ မခံနိုင်လို့ ဝန်ခံချက် ပေးခဲ့ရတယ်လို့ ကျနော်သိရတယ်၊ ခင်ဗျားတို့ သေသေချာချာ စုံစမ်းဖော်ထုတ်စေချင်တယ်” ဟုစာရေးသူက မနေနိုင် မထိုင်နိုင် ထုတ်ပြောလိုက် မိ၏။
ဗိုလ်ကြီးဌေးမြင့်ကလည်း ပြုံးလျက် “ပြစ်မှုကျူး လွန်တဲ့ သူတွေဟာ လွယ်လွယ်နဲ့ ဝန်ခံသူရှားပါတယ်။ ခင်ဗျားကိစ္စကိုပဲ ခေါင်းထဲမှာ ထည့်ထားပါ။ တခြားသူတွေ ကိစ္စ မစဉ်းစားပါနဲ့” ဟု ပြောပါသည်။
စာရေးသူက “ခင်ဗျားတို့ အခု လူတွေဖမ်းပြီး ခေါင်းဖြတ်တဲ့တရားခံကိုပဲ ဖော်နေကြတယ်။ ခေါင်းဖြတ်ခံရတဲ့လူတွေက ဘယ်သူတွေ လဲ၊ ဘယ်က လာတာလဲ၊ သူတို့ဘာတွေ ကျူးလွန်ခဲ့သလဲ။ သူတို့နောက်မှာ ဘယ်သူတွေ ရှိတာကအစ ပေါ်အောင် ဖော်လေဗျာ။
ထင်သာမြင်သာတဲ့ အကျိုးဆက်ကိုသာဖော်ပြီး (ယနေ့တိုင် မြဝတီရုပ်မြင်သံကြား၏ ည ၈ နာရီ သတင်းမလာခင် မြသန်းစံ၏ သီချင်းဖြင့် ခေါင်းဖြတ်ခံရသည့် ပုံရိပ်များ ထုတ်လွှင့်ပြသဆဲ ဖြစ်ပါသည်။) အကြောင်းရင်း ဇာစ်မြစ်ကို မဖော်ရင် အမှုမှန် ဖော် ထုတ် တယ်လို့ ဘယ်လိုလုပ်ပြောလို့ရမှာလဲ၊ အကြောင်းရင်းကို ဖော်နိုင်မှ အလားတူ အကျိုးဆက်ကို နောင် မဖြစ်နိုင်အောင် တားနိုင်မယ် လေဗျာ” ဟု ပြောရင်း တဆက်တည်း “ကျနော်ရတဲ့ သတင်း အချက်အလက် တွေအရ” ခေါင်းဖြတ်ခံရတဲ့ လူတွေဟာ လူအများ သောက်တဲ့ ရေတွင်း ရေကန်တွေမှာ အဆိပ်လို့ ထင်ရတဲ့အရာတွေ ထည့်တာ တွေ့ရလို့ လူထုက ဖမ်းဆီး စစ်ဆေး ရတာမျိုးတွေ ရှိတယ်။
သူတို့ကို စစ်မေးတဲ့ အခါ အမည်၊ နေရပ်လိပ်စာလည်း မပြောဘူး၊ ဘာလို့ မသင်္ကာတဲ့ အလုပ်တွေ လုပ်နေကြသလဲ၊ မင်းတို့ကို ဘယ်သူက ခိုင်းတာလဲလို့ မေးလည်း မဖြေဘူး။
အမှန်ကိုပြောရင် ပြန်လွှတ်ပေးမယ်ပြောလည်း ဘာမျှမပြောဘူး။ အံကြိတ်ပြီး တင်းခံနေတယ်၊ စစ်ဆေးတဲ့ လူတွေက သူတို့ အသားနာပြီး စကားပြောလာအောင် သူတို့ကိုယ်ကို နာကျင်အောင်လုပ်လည်း ဘာမျှ မညည်းညူဘူးလို့ ဒီလူတွေကို မြင်တွေ့ရသူတိုင်းက ပြောတယ်။
ဒါကြောင့် ခေါင်းဖြတ်ခံရတဲ့လူတွေ နောက်ကွယ်မှာ အဖွဲ့အစည်းတခု ပါဝင်ပတ်သက်မှု ရှိတယ်လို့ လူထုက ပြောနေတယ်။ ဒီကိစ္စကို ခင်ဗျားတို့ တပ်မတော်အစိုးရ ရှင်းသင့်တယ်။ မရှင်းဘဲ နေရင် ယခင် မဆလအစိုးရ လက်ထက်က အမှုတွေနဲ့ ခင်ဗျားတို့ ပါဝင်ပတ်သက်သွားနိုင်တယ်”ဟု စာရေး သူက ရင်ထဲရှိသမျှ ပြောချလိုက် ပါသည်။
ထိုအချိန်တွင် စာရေးသူအနီးမှ စာရေးသူအား အကြမ်းနည်း စစ်ဆေးမှုပြုခဲ့သူ တပ်ကြပ်ကြီး မြင့်ရွှေက “အဲဒါတော့ ဟုတ်တယ် ဗိုလ်ကြီး၊ ကျနော် ခေါင်းဖြတ်ခံရတဲ့သူတွေရော၊ အရှင်လတ်လတ် မီးပုံပေါ် ပစ်တင်ခံရတဲ့သူတွေကိုရော မြင်ဖူးတယ်။ စစ်ဆေး တဲ့လူတွေက သူတို့မေးတာကို အမှန်အတိုင်းပြန်ဖြေပါ၊ ဘာမှ မလုပ်ဘူး ပြန်လွှတ်ပါမယ် ပြောလည်း ဘာမှ မဖြေဘူး။ သူတို့ကိုယ် ကို နာအောင်ကျင်အောင် လုပ်ပြီး စကားပြောအောင်လုပ်လည်း မရဘူး။ အံကြိတ် တင်းခံနေတယ်။ မီးပုံပေါ် ပစ်တင်လိုက်လည်း မအော်ဘဲ ဒီအတိုင်း အသေခံသွားကြတယ်။ ဒီလူတွေဟာ ဆေးဝါးတခုခု စားမျိုထိုးသွင်းခံရ သလားမသိဘူး” ဟု ဝင်ရောက်ပြော ဆိုသည်ကို စာရေးသူ မမျှော်လင့်ဘဲ ကြားလိုက်ရပါသည်။
အထက်ပါ အခြေအနေကို ရပ်ဆိုင်းသွားစေရန် ဗိုလ်ကြီးဌေး မြင့်ထံမှ ထူးဆန်းသော စကားတခုကို အောက်ပါအတိုင်း ကြားလိုက် ရပါသည်။
“ကိုနေမင်း ကျနော့်ကို အခု အထက်က ပေးတဲ့ အမိန့်က အရေးအခင်းကာလ အတွင်း ခေါင်းဖြတ်တဲ့ သူတွေကို ဖမ်းဆီး အရေးယူ ဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ခင်ဗျားပြောတဲ့ ခေါင်းဖြတ်ခံရသူတွေက ဘယ်သူတွေဖြစ်တယ်။ ဘယ်က လာတယ်။ သူတို့ ဘာတွေ ကျူးလွန်ခဲ့တယ်။ သူတို့နောက်က သူတို့နဲ့ ပတ်သက်ခဲ့သူတွေ ဘယ်သူတွေ ဆိုတာကိုပါ ဖော်ထုတ်ဖို့ အမိန့်ထဲမှာ မပါဘူး။
ဒါကြောင့် ကျနော့်အထက် တပ်မတော်က ပေးထားတဲ့ အမိန့်ကိုပဲ ကျနော် နာခံလုပ်ဆောင် ရပါတယ်။ ခင်ဗျားပြောတဲ့ တပ်မတော် အစိုးရက နောက်ဆုံး အကျိုးဆက်ကိုသာ ဖော်ပြပြီး အကြောင်းရင်း ဇာစ်မြစ်ကို မဖော်ထုတ်တဲ့ ကိစ္စ ကတော့ဗျာ ခင်ဗျားတို့ လိုချင်တဲ့ ဒီမိုကရေစီရပြီး ဒီမိုကရေစီ အစိုးရ လက်ထက်ရောက်မှပဲ ဖော်ထုတ်ပါတော့ဗျာ” ဟူ၍ ဖြစ်ပါသည်။
စာရေးသူနှင့် ပတ်သက်၍ အမှတ် ၆ ထောက်လှမ်းရေးက စာရေးသူထံမှ သိမ်းဆည်းရမိသော BBC သို့ မပို့ဖြစ်ဘဲ ကျန်ရှိသည့် သတင်းလက်ခံများနှင့် ပတ်သက်၍ အကြမ်းနည်း စစ်ဆေးစဉ် အတွင်း၌ လည်းကောင်း၊ အနုနည်း စစ်ဆေးစဉ်တွင် လည်းကောင်း၊ စာရေးသူအား မစစ်ဆေးဘဲ ချန်လှပ်ထားသော သတင်းလက်ခံ တပုဒ် ထူးထူးခြားခြား ရှိခဲ့ပါသည်။
ယင်း သတင်းလက်ခံမှာ “ဩဂုတ်လ ၂၆ ရက်မတိုင်ခင်က အချုပ်သား၊ အကျဉ်းသား တသောင်းကျော်ရှိခဲ့သည့် အင်းစိန် ထောင်ကြီးအတွင်း၌ စက်တင်ဘာ ပထမပတ်တွင် သေဒဏ်ကို စောင့်နေရသည့် ကြိုးသမားနှင့် နှစ်ရှည်ထောင်ကျသူ စုစုပေါင်း ၆၂ ယောက်သာ ကျန်ရှိတော့ကြောင်း” ဟူသော သတင်းပင်ဖြစ်ပါသည်။
အထက်ပါ သတင်းကို စစ်ထောက်လှမ်းရေးများက စာရေးသူအား လုံးဝ မတို့မထိ မမေးခဲ့သလို စာရေးသူအား ထောင် ၁၄ နှစ် ချခဲ့သည့် အကျဉ်းနည်း စစ်တရားရုံး ကလည်း ယင်းကိစ္စအား တစုံတရာ စစ်မေးခြင်း အလျဉ်း မရှိခဲ့ပါ။
စာရေးသူက အထက်ပါ ကြိုးသမား ၆၂ ယောက်ကိစ္စ မေးစေလို၍ အင်းစိန်ထောင်ဆူသည့် သတင်းကို ပေးခဲ့ကြောင်း ထုတ်ဖော် ပြောသော်လည်း ထောက်လှမ်းရေး အရာရှိများသည် ထောင်ဆူသည့် သတင်းကို သိလိုပုံ မရဘဲ ရှောင်ကွင်း စစ်ဆေးမှုကိုသာ စာရေးသူ ကြုံတွေ့ခဲ့ပါသည်။
ယင်းအခြေအနေထဲမှ အကြမ်းနည်း စစ်ဆေးမှုပြုခဲ့သူ ထောက်လှမ်းရေး တပ်ကြပ်ကြီး မြင့်ရွှေထံမှ မမျှော်လင့်သော ထုတ်ဖော် ဝန်ခံချက် တခုကိုတော့ စာရေးသူ ရှားရှားပါးပါး ရရှိခဲ့ပါသည်။
ယင်းမှာ “နေမင်း၊ မင်းက အင်းစိန်ထောင် ဆူတဲ့သတင်းနဲ့ လူတထောင်ကျော် သေကျေ ဒဏ်ရာ ရရှိနိုင်တယ် ဆိုတဲ့ သတင်း ဘီဘီစီက ကြေညာသွားတဲ့ အချိန်က ငါ အင်းစိန်ထောင်ထဲမှာ ရောက်နေတာ၊ မင်းသတင်းကြောင့် လူထုတွေက ထောင်နား ရောက် လာတာ လူပင်လယ်ကြီးလို ဖြစ်နေတယ်။ ငါတို့ ထောင်ထဲက ထွက်လာတော့ အပေါ်ပိုင်း အရပ်ဝတ် အရပ်စားဝတ်ပြီး ကာဘိုင်သေနတ်ကို ဖင်ခုထိုင်ပြီး ကားကလည်း လိပ်လို ဖြည်းဖြည်းလေးနဲ့ လူအုပ်ကြီးကြားက မောင်းထွက်ခဲ့ရတယ်။ မင်း ငါတို့ကို ဒုက္ခ တော်တော်ပေးတာပဲ” ဟု ပြောဆိုရိုက်နှက်ခြင်း ခံခဲ့ရပါသည်။
စာရေးသူကတော့ မိမိလိုအပ်သော သတင်းကွင်းဆက်ကို မိမိအား စစ်ကြောနေသူထံမှ မမျှော်လင့်ဘဲ ရရှိလိုက်သဖြင့် ဒုက္ခနွံထဲ ခက်ခက်ခဲခဲ ကူးခပ်နေရဆဲကပင် ကိုယ်တပိုင်း စွပ်ထားသော ခေါင်းစွပ်အတွင်းမှာ သွေး ချွေး၊ မျက်ရည် တွေနှင့်အတူ ပြုံးဖြစ်ခဲ့ပါသည်။ ။