ခရစ္စတိုဖာ ဂန်းနက်စ် သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင်ခဲ့သော ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်းက ဘီဘီစီ သတင်းထောက် အဖြစ် မြန်မာနိုင်ငံတွင် ရှိနေခဲ့သည်။ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူများနှင့် တွေ့ဆုံမေးမြန်းခဲ့သော သူ၏ ရေဒီယိုအင်တာဗျူးများကို သန်းပေါင်းများစွာသော မြန်မာပြည်သူများ ထံ သို့ ရောက်အောင် လွှင့်ထုတ်ပေးနိုင်ခဲ့သည်။ စစ်အစိုးရက သူ့ကို အရေး အခင်းဖြစ်အောင် မီးမွှေးခဲ့သူဟု စွပ်စွဲခဲ့သည်။ ရှစ်လေးလုံး အရေးတော်ပုံ အပြီး ၁၅ နှစ်ကြာသည် အထိ စစ်အစိုးရက ဂန်း နက်စ်ကို နာမည်ပျက်စာရင်းသွင်းထားဆဲ ဖြစ်ပြီး မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ကို တားမြစ်ထားကာ သူတို့၏ ထိပ်တန်း ရန်သူတယောက် အဖြစ်သတ်မှတ်ခဲ့သည်။ ၁၉၈၈ အရေးအခင်းကာလများ အတွင်းက သူ၏ သတင်းထောက် အတွေ့အကြုံများကို ဧရာဝတီမဂ္ဂဇင်းက ဆက်သွယ်မေးမြန်းထားချက်ကို ၂၀၀၃ ခုနှစ် စက်တင်ဘာလတွင် ဖော်ပြခဲ့ဖူးသည်။ ယခု ရှစ်လေးလုံး ၂၅ ပြည့်တွင် ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။
ခရစ်စတိုဖာ ဂန်းနက်စ်သည် ဘီဘီစီတွင် ထုတ်လုပ်သူ၊ သတင်းထောက်၊ နိုင်ငံရပ်ခြား သတင်းထောက်၊ သတင်းဖတ်ကြားသူ အဖြစ် ၂၃ နှစ် အလုပ်လုပ်ခဲ့သည်။ ၁၉၉၀ နှစ်လည်များတွင် ဘော်လ်ကန်ဒေသ ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းခဲ့ပြီး ၂၀၀၆ ခုနှစ်မှ စ၍ အရှေ့အလယ်ပိုင်းဒေသ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာခဲ့သည်။
မေး။ ။ ၁၉၈၈ ခုနှစ် နှစ်စပိုင်းလောက်မှာ ကြိုကြားကြိုကြားဖြစ်ခဲ့တဲ့ ကျောင်းသား ဆန္ဒပြမှုတွေကနေ တဆင့် တပြည်လုံးပါဝင်တဲ့ အရေးအခင်းတခုအဖြစ် ကြီးကျယ် သွားလိမ့်မယ်လို့ ထင်မိခဲ့ပါသလား။
ဖြေ။ ။ မြန်မာနိုင်ငံဟာ ပေါက်ကွဲဖို့ အချိန်ကို စောင့်နေတဲ့ ဗုံးတလုံးဆိုတာ ကျနော် သံသယမရှိ သိခဲ့ပါတယ်။ ကျနော့် စိတ်ထဲမှာ “ဘယ်အချိန်ဖြစ်မလဲ၊ ဘာအကြောင်းကြောင့် စဖြစ်နိုင်မလဲ” ဆိုတဲ့ မေးခွန်းတွေပဲ ရှိနေခဲ့ပါတယ်။ ၁၉၈၇ ခု နှစ်မှာ ငွေစက္ကူတွေ တရားမဝင် ကြေညာလိုက်တဲ့အတွက် တချို့နေရာတွေမှာ အခက်အခဲတွေ ဖြစ်ခဲ့ပါတယ်။ ၁၉၈၈ ရဲ့ အစောပိုင်း လတွေမှာ ကျောင်းသားတွေရဲ့ မကျေနပ်မှုကိုလည်း ရှင်းရှင်းလင်းမြင်နေရပါပြီ။ ပြဿနာကြီးတရပ် ကြီးထွား ပြန့်နှံ့ လာတော့မယ်ဆိုတာ ဦးနေဝင်းလည်း သိနေလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။
သူ့ရဲ့ကိုယ်ကျိုးမကြည့်ဘဲ လုပ်နေတယ်လို့ ကျနော် ပြောနေတာ မဟုတ်ပါဘူး၊ လက်တွေ့ကျကျ ပြောရမယ်ဆိုရင် သူ့ကိုယ်ပိုင်အကျိုးစီးပွားကို ကာကွယ်ဖို့ပါ။ ပါတီစုံ ဒီမိုကရေစီ စနစ်နဲ့ ဈေးကွက်စီးပွားရေး အကြောင်း ကြေညာတာမျိုး လုပ်ပြခဲ့ပေမယ့် သူ့ရဲ့ အုပ်ချုပ်ရေးဟာ စိန်ခေါ်မှုတွေကြုံတွေ့လာတော့မှာ ဦးနေဝင်းလည်း သိနေခဲ့မယ်လို့ ကျနော် ယုံတယ်။ ပြဿနာကို သူသိပါတယ်။ ဒါပေမယ့် သူမွေးဖွားပေးခဲ့တဲ့ အုပ်ချုပ်ရေးစနစ်လိုပဲ စိတ်ဆန္ဒ၊ စွမ်းဆောင် ရည်၊ အသိအလိမ္မာ ဒါမှဟုတ် အဖြေရှာဖို့ စိတ်ကူးစိတ်သန်း တခုမှ မရှိခဲ့ဘူး။
မေး။ ။ ထောင်ထဲမှာ မုဒိန်းအကျင့်ခံရတယ်လို့ ပြောတဲ့ ကျောင်းသူတွေနဲ့ ခင်ဗျား အင်တာဗျူးလုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဒါတွေဟာ လုပ်ဇာတ်တွေဖြစ်ပါတယ်လို့ ဖြေရှင်းခဲ့တယ်။ အတိုက်အခံလှုပ်ရှားသူ တော်တော်များများ ကလည်း ဖြေရှင်းချက်ကို လက်ခံခဲ့ကြတယ်။ ခင်ဗျား တွေ့ဆုံမေးမြန်းခဲ့တဲ့သူတွေကို ခုချိန်ထိ ယုံကြည်ဆဲပဲလား။ ဒါတွေက ခင်ဗျားရဲ့ အသက်မွေးဝမ်းကျောင်း သတင်းထောက်အလုပ်ကို ဘယ်လောက်အထိ သက်ရောက်မှု ရှိပါသလဲ။
ဖြေ။ ။ ကျနော်တွေ့ဆုံခဲ့တဲ့ အမျိုးသမီးတွေ မုဒိန်းကျင့်ခံခဲ့ရတယ်ဆိုတာ ကို သံသယမရှိပါဘူး။ သူတို့ရဲ့ ကိုယ်ဟန် အမူအရာကလည်း မှားစရာမရှိပါဘူး။ ဒီလိုမျိုး ဖြစ်ခဲ့တဲ့ သားကောင်တွေ မြင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ဘော်လ်ကန် ဒေသ မှာလည်း တွေ့ပါတယ်။ ကျနော့် စိတ်ထဲမှာ လုံး၀ သံသယမရှိပါဘူး။ အမျိုးသမီးတွေ ဒီလို ပြုမူဆက်ဆံတာခံခဲ့ ရတာနဲ့ ပတ်သက်ပြီး စွဲချက်တင်ဖို့ အတည်ပြုပေးနိုင်တဲ့ သတင်းအရင်းအမြစ်တွေလည်း နောက်ပိုင်းမှာ အများကြီး ထပ်တွေ့ပါ သေးတယ်။
အစိုးရရဲ့ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီးပြောရရင် သူတို့ ကျူးလွန်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိမှုကို မြန်မာ ပြည်သူတွေသာမက ကမ္ဘာကပါသိအောင် ပိုပြီးအားထုတ်မယ်လို့ ဆုံးဖြတ်ခဲ့မိတာကလွဲရင် ဗိုလ်ချုပ်တွေ ဘာပြောပြော ကျနော့်ရဲ့ အလုပ်ကို ထိခိုက်မှု မရှိပါဘူး။ ဒီလို ထိုးနှက်တိုက်ခိုက်မှုမျိုးတွေ ကျနော် မကြာခဏ ကြုံခဲ့ဖူးပါတယ်။ ဒါတွေကို ကျနော့်အတွက် အကောင်းဆုံး အထောက်အကူတွေလို့ပဲ ယူဆပါတယ်။
နောက်ပြီး ဒါက ကျနော့်ရဲ့သတင်းပေးပို့မှုတွေ ဟာ ဘယ်လိုတိကျသေချာတယ် ဆိုတာ ဆက်လက် ပြသနေတာဖြစ်ပြီးတော့ အမှန်တရားက မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ သူတို့ကို ထောက်ခံပေးနေတဲ့ အစိုးရတွေကို ဆက်လက်ပြီးတော့ စိတ်အနှောက်အယှက် ဖြစ်စေပါလိမ့်မယ်။
မေး။ ။ ရန်ကုန်ကို အခြေပြုပြီး မြန်မာနိုင်ငံသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့စဉ်အတွင်းမှာ ဘယ်လို စိတ်ပျက်စရာတွေ ဝမ်းနည်းစရာ တွေကြုံခဲ့ပါသလဲ။
ဖြေ။ အကြီးမားဆုံး စိတ်ပျက်စရာ ဝမ်းနည်းစရာကတော့ အလွန်အမင်း ထိခိုက်ခံစားခဲ့ရတဲ့ မြန်မာနိုင်ငံက ကျနော့် မိတ် ဆွေတွေ အတွက်ပါ။ နောက်တခုကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက အပြောင်းအလဲအတွက် အလွန်နည်းပါးစွာ လုပ်ပေးနိုင်ခဲ့တဲ့ အတွက်ပါ။ ဝါရှင်တန်၊ ဥရောပမြို့ကြီးတွေနဲ့ တိုကျို ဘေဂျင်းလို နေရာမျိုးတွေက ကမ္ဘာကို ချုပ်ကိုင်နိုင်စွမ်း ရှိသူတွေ စိတ်ဝင်စားစရာ အကြောင်းတခု အမြဲရှိခဲ့ပါတယ်။ အီရတ်၊ ယူဂိုဆလား ဗီးယား၊ အာဖဂန် နစ္စတန် နဲ့ တခြားဘယ်နေရာကမဆို မြန်မာနိုင်ငံကို နိုင်ငံတကာ အစီအစဉ်ထဲက ထုတ်ပစ်ဖို့ တွန်းအားပေးသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အီရတ် ကိစ္စနောက်ပိုင်း အခြေအနေတွေက ပြောင်းလဲလာတယ်လို့ ကျနော်ထင်ပါတယ်။ လှည့်ဖျားတတ်တဲ့ နိုင်ငံ အစိုးရတွေကို သည်းခံခြင်းက လျော့နည်းသွားပြီ။ ကျနော် ရှာဖွေတွေ့ ရှိလိုက်တဲ့ ဝါရှင်တန်က အမေရိကန် တာဝန်ရှိသူတွေ ရဲ့ ပြဿနာဖြေရှင်းပုံ နည်းလမ်းက သူတို့ အမေရိကန်ရဲ့ လစ်ဘရယ် တန်ဖိုး တွေကို တကမ္ဘာလုံး ရောက်အောင် မြှင့်တင်ပြီးတော့ ယုတ္တိဆန်တဲ့ အဆုံးသတ်ဖြစ်ဖို့ပဲ။ ဒီနည်းလမ်းက မြန်မာနိုင်ငံကို အကျိုး ရှိလာ စေနိုင်ပါတယ်။
မေး။ ။ ခင်ဗျားက အခုအချိန်အထိ မြန်မာနိုင်ငံရဲ့ နာမည်ပျက်စာရင်းမှာ ရှိနေတုန်းပဲလား။ ပြန်သွားဖို့ ကြိုးစားခဲ့သေး လား။ ပြန်သွားချင်သေးသလား။ တကယ်လို့ သွားခွင့်ရမယ်ဆိုရင် ဘာလုပ်ဖို့ စိတ်ကူးရှိသလဲ။
ဖြေ။ ။ ဟုတ်ကဲ့။ ကျနော့်ကို ပြည်ဝင်ခွင့် ပိတ်ထားပါတယ်။ ဗီဇာလျှောက်လို့ မရနိုင်ဘူးဆိုတာ လန်ဒန်မြို့က သံအရာ ရှိတွေက ကျနော့်ကို ရှင်းအောင် ပြောထားပြီးပါပြီ။ ဒါပေမယ့် ထိုင်းနိုင်ကနေတဆင့် နယ်စပ်ကိုဖြတ်ကျော်ပြီး တခါသွားခဲ့ ပါသေးတယ်။ ဒါပေမယ့် ရန်ကုန်ကို ရောက်အောင် မသွားနိုင်ခဲ့တဲ့အတွက် အရမ်း စိတ်ပျက်စရာကောင်းပါတယ်။ တကယ် လို့ အလည်သွားခွင့် ရမယ်ဆိုရင်တော့ စစ်ထောက်လှမ်းရေးက ကျနော်နဲ့ စကားပြောခဲ့သူတွေကို ဖမ်းနိုင်တယ်လို့ သံသယ နည်းနည်း ရှိတဲ့အတွက် သူတို့နဲ့ ပတ်သက်ပြီး အရမ်း သတိထား ဂရုစိုက်ရပါမယ်။
သွားခွင့်ရမယ် ဆိုရင် ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ ပေါက်ကွဲမှု အကြောင်းအရာတွေထက် မြန်မာ ပြည်သူတွေရဲ့ ဘဝတွေနဲ့ ဆက်စပ် နေတဲ့ ရှုထောင့်တွေကို သတင်းလုပ်ဖို့ ကြိုးစားပါမယ်။ လူ့အခွင့်အရေးဟာ အရေးကြီးတယ်ဆိုပေမယ့် နှစ် ၅၀ ကြာ ဖိနှိပ်ကန့်သတ်မှုတွေကြားမှာ ပြည်သူတွေ ဘယ်လိုရုန်းကန်ရှင်သန်ခဲ့ရတယ် ဆိုတာကို ပြောပြချင်ပါတယ်။ ခေတ်သစ်မြန်မာနိုင်ငံရဲ့ဇာတ်လမ်းဟာ လူသားစိတ်ဓာတ်ရဲ့ သဘာဝကို ခိုင်မြဲအောင် ထိန်းသိမ်းတဲ့ အကြောင်းပါပဲ။ ဒီမိုကရေစီရေးတိုက်ပွဲဆိုတာ အဲဒီရှုထောင့်တွေထဲက တခုပဲဖြစ်ပါတယ်။
မေး။ ။ အစိုးရကို ဆန့်ကျင်သူတွေရော စစ်အစိုးရပါ နှစ်ဖက်လုံးက အရေးအခင်းဖြစ်ဖို့ စတင်နေချိန်မှာ ခင်ဗျားရဲ့ သတင်းပေးပို့ ချက်တွေကြောင့် ပြည်သူတွေရဲ့ ဒေါသကို ပိုပြီးကြီးထွားဖို့ ဖြစ်လာခဲ့တယ်လို့ ယူဆကြတယ်။ ခရစ္စတိုဖာ ဂန်းနက်စ် ဆိုတဲ့နာမည်ဟာ ရှစ်လေးလုံး ဒဏ္ဍာရီရဲ့ အစိတ်အပိုင်းတခုဖြစ်လာတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။ သတင်း ထောက် တယောက်အနေနဲ့ ခင်ဗျားရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိခဲ့ပါသလဲ။
ဖြေ။ ။ အမှန်တရားကို ပြောရရင် အကြောင်းတချို့ကြောင့် ကျနော် ရှက်မိတယ် ဆိုတာပါပဲ။ ပထမ အချက်အနေနဲ့ ကတော့ ကျနော့်ကြောင့်လို့ ယူဆတာ မှားတယ်လို့ ထင်ပါတယ်။ ပြည်သူတွေက ဒေါသဖြစ်ပြီးသားပါ။ ကျနော့်ကြောင့် မဟုတ်ပါဘူး။ အစိုးရ လုပ်ခဲ့တာတွေကြောင့်ပါ။ သန်း၄၀ ကျော်တဲ့ ပြည်သူတွေ ဒီလိုလုပ်ခဲ့ကြတာဟာ ဘီဘီစီက အတွေ့ အကြုံ အလွန်နည်းတဲ့ သတင်းထောက် တယောက်ရေးတဲ့ သတင်းတွေကြောင့်လို့ ယူဆမယ်ဆိုရင် ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့ကြ တဲ့ မြန်မာပြည်သူတွေရဲ့ အခန်းကဏ္ဍက မှိန်ဖျော့သွားပြီး လိုရင်းနဲ့ လွဲချော်သွားပါလိမ့်မယ်။
မြန်မာပြည်သူတွေဟာ သူတို့ ဆန္ဒနဲ့ သူတို့ အုံကြွခဲ့ကြတာပါ။ သူတို့တွေသာလျှင် ၁၉၈၈ ရဲ့ သူရဲကောင်း အစစ်အမှန်တွေ ဖြစ်ပါတယ်။ ကျနော် လုပ်ခဲ့သမျှက ဒီအကြောင်းတွေကို သတင်းပို့ ရုံပါပဲ။
ဒုတိယအချက်ပြောရမယ်ဆိုရင် ၈၈ အရေးအခင်းမှာ ကျနော့်ရဲ့ အခန်း ကဏ္ဍကို ပိုတင်လိုက်ခြင်းအားဖြင့် ဗိုလ်ချုပ်တွေ ဆင်တဲ့လမ်းကို ရောက်သွားပါလိမ့်မယ်။ အကျင့်ပျက်ခြစားပြီး၊ အလုပ် မဖြစ်တဲ့၊ လိုအင်လောဘကြီးတဲ့ အစိုးရက သတင်းထောက်တယောက်အပေါ်မှာ ပုံချအပြစ်တင်ဖို့ လွယ်ကူသွားပါလိမ့်မယ်။ သူတို့ကြောင့် မဟုတ်ဘူး။ နိုင်ငံခြားသားတယောက်ကြောင့်လို့ ပြောဖို့ဖြစ်သွားပါတယ်။ ဒါက နည်းဟောင်းကြီးပါ။
ဒါပေမယ့် ပြင်ပက ဓားစာခံ တယောက်ရှာဖို့ လူမဆန်စွာ အားထုတ်ခဲ့တာပါပဲ။ ထပ်ပြောရရင် အင်္ဂလိပ် ကိုလိုနီခေတ်ကို ကြောက်လန့်မှုနဲ့ အမှတ်ရ စရာတွေကို ပါးပါးနပ်နပ် အသုံးချလိုက်တာဖြစ်ပါတယ်။ ကျနော် လုပ်ခဲ့တာတွေက ကိုလိုနီနယ်ချဲ့သမားလက်သစ်လို လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရက ဘီဘီစီမှာ အစီအစဉ် တရပ်ရှိတယ်လို့ ယုံကြည်ကြစေချင်တယ်။ အဲဒါ မဟုတ်ပါဘူး။ ကျနော်က သတင်းထောက် တယောက်ပါ။ ဘီဘီစီက နိုင်ငံတကာ အသံလွှင့်ဌာနပါ။ မြန်မာနိုင်ငံက ပုံရိပ်တွေကို ကျနော်တို့ ထင်ဟပ်ပြခဲ့တယ်။ ဗိုလ်ချုပ်တွေက သူတို့မြင်နေတာကို သဘောမကျဘူး ဆိုရင် သူတို့ကိုယ်သူတို့ အပြစ်တင်ကြဖို့ပဲ ရှိပါတယ်။
မေး။ ။ မြန်မာနိုင်ငံရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆချက် ပေးနိုင်ပါသလဲ။ ၁၉၈၈ နဲ့ မျဉ်းပြိုင်ဖြစ်နေ တာမျိုးရော မြင်မိပါသလား။
ဖြေ။ ။ အစိုးရက သတင်းအချက်အလက်တွေကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပြီးတော့ စာနယ်ဇင်းသမားတွေနဲ့ အတိုက်အခံတွေ လွတ်လွတ်လပ်လပ် စကားပြောခွင့်မရှိတဲ့ မြန်မာနိုင်ငံက အခြေအနေကို ဘယ်လိုလုပ်ရမှာလဲ။ ဒါပေမယ့် အခြေအနေက ခုချိန်မှာ ကွဲပြားခြားနားသွားပြီလို့ထင်ပါတယ်။ ၈၈ တုန်းကတော့ စစ်တပ်ရဲ့ သဘောထားနဲ့ ပတ်သက်လို့ သိချင်တဲ့ မေးခွန်းတခုပဲရှိတယ်။ စစ်တပ်က သူအလုပ်အကျွေးပြုဖို့တာဝန်ရှိတဲ့ ပြည်သူတရပ်လုံးရဲ့သဘောထားကို အသိအမှတ်ပြု လက်ခံမှာလားဆိုတဲ့ မေးခွန်းပဲ။ အဲဒီမေးခွန်းကို ၈၈ ခုနှစ် စက်တင်ဘာလမှာ စစ်တပ်က သူ ဘာအတွက်ပြင်ဆင်ထားတယ်ဆိုတာ ပြသတဲ့ အနေနဲ့ လက်နက်မဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူထောင် ပေါင်းများစွာကို ရက်ရက်စက်စက် သတ်ပြီး အဖြေပေးခဲ့ပြီးပါပြီ။ ဒီနေ့ထက်ထိ အမှန်တရားဖြစ်နေဆဲပါပဲ။ ဒါကြောင့် ၁၉၈၈ လိုမျိုး အရေးအခင်းတခု ထပ်ဖြစ်လာဖို့ မလွယ်ပါဘူး။
ဒါပေမယ့် အကောင်းဖက်က ကြည့်မယ်ဆိုရင်တော့ နိုင်ငံတကာ အခြေအနေကလည်း ပြောင်းနေပါပြီ။ အီရတ်နဲ့ အာဖဂန် နစ္စတန်မှာ အမေရိကန် ဦးဆောင်တဲ့ လှုပ်ရှားမှုတွေက နေရာတိုင်းမှာရှိတဲ့ ရက်စက်တဲ့ အုပ်ချုပ်သူတွေကို နောက်တလှည့် သူတို့ ဖြစ်နိုင်တယ်လို့ သတိပေးနေသလိုပါပဲ။ ဆွေးနွေးရမယ့် အကြောင်းအရာကလည်း ဖျက်အားပြင်း လက်နက်တွေကနေ ဆက်ဒမ်ဟူစိန်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းတွေဆီ ပြောင်းသွားပါတယ်။
ဒါဆိုရင် ရန်ကုန်က ဗိုလ်ချုပ်ကြီး တွေလိုမျိုး နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ချိုးဖောက်နေတဲ့ သူတွေနဲ့ ပတ်သက်ပြီး အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ မျှော်လင့်ကြည့်ဖို့ လွယ်ကူသွားပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆို ဆက်ဒမ်ဟူစိန်ကို အမေရိကန်နဲ့ အင်္ဂလန်နဲ့က ဖြုတ်ချ ယ်လို့ ဘယ်သူတွေးမိမှာလဲ။
မေး။ ။ ၈ လေးလုံး ၁၅နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ ပတ်သက်တဲ့ ခင်ဗျား ရဲ့ အမှတ်တရလေး တချို့ကိုပြောပြပေးပါလား။
ဖြေ။ ။ မြန်မာတွေရဲ့ ကြင်နာတတ်မှုနဲ့ သတ္တိကို ကျနော် အမှတ်ရနေပါတယ်။ စစ်ထောက်လှမ်းရေးတွေဟာ နေရာ တိုင်းမှာ ပျံ့နှံ့ နေပေမယ့် သူတို့ ခိုးကြောင်ခိုးဝှက်နဲ့ ကျနော့်ကို ဆက်သွယ်ခဲ့ကြတယ်။ ကျနော့်ကို ကူညီဖို့အတွက် သူတို့ စွန့်စားခဲ့ကြပါတယ်။ နောက်ပြီး သေဆုံးခဲ့ ဒဏ်ရာရခဲ့တဲ့ ကျနော့် မိတ်ဆွေတွေကိုလည်း တကယ်ကို သတိရနေပါတယ်။
မေး။ ။ မြန်မာပြည်သူတွေကို ပြောစရာ စကားများရှိပါသလား။
ဖြေ။ ။ အဲဒါက နဲနဲတော့ ကြီးကျယ်ပါတယ်။ ဟုတ်တယ် မဟုတ်လား။ ဒါပေမယ့် ကျနော် အပြောချင်ဆုံးစကား တခု ဆိုရင်တော့ ဘယ်လို နာကျင်ခံစားရမှုမျိုးကမှ ထာဝရ မဖြစ်နိုင်ပါဘူးလို့ မြန်မာပြည်သူတွေကို ပြောချင်ပါတယ်။ သမိုင်း တလျှောက်ကို ပြန်ကြည့်လိုက်ပါ။ မြင့်မားတဲ့ တန်ဖိုး၊ မြင့်မြတ်တဲ့ အဖွဲ့အစည်းခိုင်မာမှုတွေနဲ့ အင်အားကြီးမားခဲ့တဲ့ အင်ပါယာကြီးတွေတောင်မှ နောက်ဆုံးမှာ အဆုံးသတ်ခဲ့ရတာပါပဲ။ မြန်မာစစ်အစိုးရ ဆိုတာ မကြီးမားပါဘူး။ မမြင့်မားပါဘူး။
သေသေချာချာ သုံးသပ်ကြည့်မယ်ဆိုရင် သူတို့မှာ အကြွေးပတ်လည်ဝိုင်းနေတာပါ။ နောက်ထပ်တခု ကတော့ မြန်မာ နိုင်ငံသား ဖြစ်တဲ့အတွက် ကြောက်ရွံ့ အထီးကျန်မှုတွေ ဆိုးဆိုးဝါးဝါး ခံစားနေရနိုင်ပေမယ့် လက်တွေ့မှာ အပြင်ဖက် ကမ္ဘာက အမြဲတမ်းစောင့်ကြည့်နေပါတယ်လို့ ကျနော်ပြောချင်ပါတယ်။ ပြည်သူတွေရဲ့ နာကျင်ခံစားရမှုတွေနဲ့ မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်တွေကို မှတ်သားထားပြီးတော့ တရားမျှတမှု မလွဲမသွေရောက်ရှိလာတဲ့ အချိန်မှာ ကမ္ဘာက လည်း အသင့်ပြင်ဆင်ပြီး ဖြစ်နေပါလိမ့်မယ်။