သူတို့ ပြောသော ၈ လေးလုံး အမှတ်တရ မြင်ကွင်းများ (၁)

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၃ သြဂုတ်လသည် မြန်မာပြည် လွတ်လပ်ရေးရပြီးနောက် အကြီးမားဆုံးသော ပြည်လုံးကျွတ် ၈ လေးလုံး ဒီမိုကရေစီ လူထုအုံ့ကြွမှုကြီး ဖြစ်ခဲ့သည့် ၂၅ နှစ်ပြည့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ၈ လေးလုံး အရေးတော်ပုံကြီးတွင် ကဏ္ဍ အသီးသီးမှ နည်းမျိုးစုံ ပါဝင်ပတ်သက်ခဲ့ သူများ၊ တွေ့ကြုံခဲ့ရသူများ၏ အမှတ်တရ မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြသွားမည် ဖြစ်သည်။ ယနေ့တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ဖြစ်ကြသည့် ဦးကိုကိုကြီးနှင့် ဦးမင်းကိုနိုင်၊ နိုင်ငံကျော် လူရွှင်တော် ဇာဂနာ (ဦးသူရ) နှင့် အဆိုတော် ဂျေညီညီတို့၏ မမေ့နိုင်သော မြင်ကွင်းများ၊ အမြင်များကို ဧရာဝတီ ပရိသတ်အတွက် ဖော်ပြ ပေးလိုက်ပါသည်။ ဆက်လက် ဖော်ပြသွားပါမည်။

ဦးကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ အကြောင်းကို ပြောဆိုရင် ကျနော့်အမြင်မှာတော့ တကယ့် ဆေးရောင်စုံမြင်ကွင်းကျယ် ပန်းချီကားကြီး တချပ်လိုပဲ။ ကျနော်တို့ ကိုယ်တိုင် ၂၅ နှစ်လောက် ဖြတ်သန်းလာခဲ့ပြီးတဲ့အခါ ကျနော်တို့ ပါဝင်ခဲ့တဲ့ အစိတ်အပိုင်းက ဆေးစက်ကလေး တစက်လောက်ပဲ ရှိတယ်။ ပြည်သူတွေ တဦးချင်းစီရဲ့ အစက်အပြောက်ပေါင်းများစွာနဲ့ ခြယ်မှုန်းထားတဲ့ ဧရာမ ပန်းချီကားကြီးလို ဖြစ်နေလို့ပဲ။ ၈ လေးလုံး အရေးတော်ပုံနဲ့ ပက်သက်လို့ ဒါဟာ ငါလုပ်တာ၊ ဒါ ငါတို့ရဲ့အဖွဲ့က လုပ်တာလို့ ပြောရင် ရူးသွပ်တာပဲလို့ မြင်တယ်။

ကျနော်က ၈၈ ကာလမှာ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံတကာ အုပ်ချုပ်ရေးပညာ နောက်ဆံုံးနှစ် ကျောင်းသားတယောက် အဖြစ်နဲ့ ဒီလှုပ်ရှားမှုကြီးထဲ ပါလာတယ်။ ကျနော်ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍက အစပိုင်းမှာ သာမန် ကျောင်းသား တယောက်အနေနဲ့ ပါဝင်ခဲ့တာပဲ။

ကိုဖုန်းမော်ကျဆုံးတဲ့ ပစ်ခတ်နှိမ်နင်းမှုနဲ့ ပက်သက်ပြီး အစိုးရက လိမ်လည် သတင်းထုတ်ပြန်တာကို ကျောင်းသားတွေက အဖြစ်မှန် ဖော်ထုတ်ပေးဖို့၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပေးဖို့ တောင်းဆိုတာကနေ စဖြစ်တဲ့ ရန်ကုန် စက်မှုတက္ကသိုလ်ကနေ ရန်ကုန် တက္ကသိုလ်ထဲကို ကူးစက်လာတယ်။ အဲဒီ စသိသိချင်းမှာ မခံချင်စိတ်နဲ့ နီးစပ်ရာတွေစုပြီးတော့ ကျောင်းထဲမှာ ဟောပြောပွဲတွေ၊ ဆန္ဒပြမှုတွေမှာ ကျနော်ပါဝင်ခဲ့တာ။

အဲဒီနောက် မတ်လ ၁၆ ရက်မှာ တံတားနီအရေးအခင်းမှာ ချီတက်တဲ့ ကျောင်းသားတွေနဲ့အတူ ပါလာရင်း လုံထိန်းတွေနဲ့ ရိုက်ကြ၊ နှက်ကြ၊ ကျနော်တို့လဲ ပြေးကြ၊ လွှားကြနဲ့ လုံထိန်းတွေ နှစ်ဘက်ညှပ်ရိုက်တဲ့ မြင်ကွင်းက ကျနော်ကို ၂၅ နှစ်လုံးလုံး ဒီနိုင်ငံရေးထဲကို ထဲထဲဝင်ဝင် ပါစေတဲ့ အကြောင်းအရင်းပါပဲ။

ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးတောင်းဆိုမှုတွေနဲ့ မတ်လမှာ ကျောင်းတွေပိတ်သွားတယ်။ ဇွန်လ ကျောင်းတွေ ပြန်ဖွင့်တော့ ကျောင်းသား လှုပ်ရှားမှုတွေ ဆက်လုပ်ကြတယ်။ အဲဒီမှာ ကျောင်းပြန်ပိတ်သွားတယ်။

ဇွန်လ ၂၁ ရက်နေ့မှာဖြစ်တဲ့  မြေနီကုန်းအရေးအခင်းက သမိုင်းမှာ အရေးပါတဲ့ အချိုးအကွေ့တခုပဲ။ ကျောင်းတွင်းမှာ လှုပ်ရှားနေတဲ့ ကျောင်းသားလှုပ်ရှားမှုက ကျောင်းပိတ်လိုက်တော့ လမ်းပေါ်ကိုရောက်လာပြီး ပြည်သူတွေနဲ့ ပထမဆုံး ပူးပေါင်းဆန့်ကျင် ဆန္ဒပြခဲ့တဲ့ လှုပ်ရှားမှုပဲ။

အဲဒီနောက်ပိုင်း ကျောင်းပိတ်လို့ ပြန့်နှံ့နေတဲ့ ကျောင်းသားတွေကို တတ်နိုင်သလောက် စုပြီး ကျောင်းသားသမဂ္ဂ ပြန်ဖွဲ့ဖို့ လုပ်ကြတဲ့အချိန်ပါ။ အဲဒီအချိန်မှာ လှုပ်ရှားမှုတွေက အရမ်းကိုမြန်နေတယ်။ ၈ လေးလုံး အရေးတော်ပုံကြီးအထိ ဖြစ်လာခဲ့တယ်။ တချိန်ထဲမှာ တခုတည်းသော ပါတီဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီက အရေးပေါ် ညီလာခံခေါ်ဖို့ ဖြစ်လာ တဲ့အချိန်။

လွှတ်တော်ညီလာခံမှာ ဆွေးနွေးကြ၊ သမ္မတ အဆင့်ဆင့် ပြောင်းကြ၊ ဦးနေဝင်းက နုတ်ထွက်၊ ဦးစိန်လွင် တက်လာ၊ သူ့လက်ထက်မှာလည်း ပစ်ခတ်၊ သတ်ဖြတ်မှုတွေ ဆက်ဖြစ်ပြီး သူနုတ်ထွက်ပြန်တယ်။ ဒေါက်တာမောင်မောင် သမ္မတအဖြစ် တက်လာတဲ့ အချိန်မှာ ထူးခြားတဲ့ အဖြစ်ပျက် တခုကို ကျနော်ပြောချင်တာ။

အခု ကျနော် မှတ်တမ်းတချို့ကို ပြန်ကြည့်တဲ့အခါ ၈ လပိုင်း ၁၉ ရက်မှာ ဒေါက်တာမောင်မောင် တက်တယ်။ တက်ပြီးကာလ အတွင်းမှာ ဒီကိစ္စတွေ ဖြစ်လာတာ။ ဘယ်နေ့ ကမ်းလှမ်းတယ်၊ အကြောင်းပြန်တယ်ကို ရက်အတိအကျ မမှတ်မိတော့ဘူး။

ကျနော်တို့က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ဖြစ်မြောက်ရေးအတွက် ကြိုးစားနေတဲ့အချိန်၊ တတ်နိုင် သလောက် စုစည်းထားတဲ့ ကျောင်းသားအဖွဲ့အစည်းတွေ၊ သမဂ္ဂတွေနဲ့ ပုန်းလျှိုးဝှက်လျှိုး အစည်းအဝေးတွေ လုပ်နေတဲ့အချိန်မှာ ဒေါက်တာမောင်မောင်က တွေ့ဆုံဆွေးနွေးချင်တဲ့ အကြောင်းကို ကမ်းလှမ်းလာတယ်။

ဘယ်သူ့ဆီကနေလဲ ဆိုတော့၊ အခု ကျနော်တို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်း ကွန်ယက်မှာ လုပ်နေတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်သူရဲ့ အဖေ၊ ရှေ့နေကြီး ဦးဖိုးအောင်ဆီက တဆင့် စကားပါးလာတာ။

မှတ်မှတ်ရရ ကျနော်ရယ်၊ အခု အမေရိကန် ရောက်နေတဲ့ ကျနော်နဲ့အတူ နိုင်ငံတကာ ဆက်ဆံရေးမှာ တက်ခဲ့တဲ့ ကိုဝင်းမိုးနဲ့ တခြား ကျနော် နာမည်မမှတ်မိတော့တဲ့ သူတချို့နဲ့ ဆွေးနွေးတဲ့အခါ ကျနော်တို့က ဒီလိုလျှို့ဝှက်ပြီး တွေ့တာကို လက်မခံဘူး၊ တကယ်တွေ့ဆုံ ဆွေးနွေးချင်တယ် ဆိုရင် ကျနော်တို့ တွေ့မယ့်ကိစ္စကို နိုင်ငံပိုင် ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာ တွေကနေ တရားဝင် အသိပေးကြေညာရမယ်၊ ကျနော်တို့ တွေ့ဖို့ အသွားအပြန် လုံခြုံရေးကို တာဝန်ယူပေးရမယ် ဆိုပြီး ပြန်ပြောလိုက်တယ်။

အဲဒီအချိန်က ကျနော်တို့မှာ ပုန်းဝှက်ပြီး လုပ်နေကြရတော့ လုံခြုံရေးက သေရေးရှင်ရေးပဲ။ ဒါပေမယ့် သူတို့ဘက်က ဘာမှ အကြောင်းပြန် မလာတော့ဘူး။

၈ လပိုင်း ၂၈ ရက်မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီဆိုပြီး  ကျောင်းသား ညီလာခံကိုခေါ်တယ်။ အဲဒီမှာ ဥက္ကဋ္ဌအဖြစ် ကိုမင်းကိုနိုင်၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကျနော်၊ အထွေထွေ အတွင်းရေးမှူးအဖြစ် ကိုမိုးသီးဇွန်တို့နဲ့ ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်တယ်။

အဲဒီလိုဖွဲ့ပြီးတဲ့အချိန် ၉ လပိုင်း ၁ ရက်နေ့မှာ လွှတ်တော် အစည်းအဝေးမှာလည်း ၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗုံးခွဲတဲ့ ကိစ္စနဲ့ သူ့ကြောင့့်၊ ကိုယ့်ကြောင့်ဆိုပြီး အပြစ်ပုံချ၊ လွှဲချနေတယ်လို့ ကြားတယ်။ အဲဒီလို လွှတ်တော်မှာ ငြင်းခုန်နေကြတဲ့ အချိန်မှာ ဒေါက်တာမောင်မောင်က အသံလွှင့် မိန့်ခွန်းကနေ ထပ်မံ ကမ်းလှမ်း လာပြန်တယ်။

သမဂ္ဂ အဆောက်အဦးကို ပျော်ပျော်ပါးပါးကြီး အုပ်မြစ်ပြန်ချကြရအောင်ဆိုပြီး သမဂ္ဂ အဆောက်အဦးကို ပြန်တည်ဆောက်ဖို့၊ သမဂ္ဂပြန်ဖွဲ့စည်းဖို့ ကမ်းလှမ်းချက် ဖြစ်လာတယ်။

ကျနော်တို့ဘက်ကလည်း သဘောထား ကြေညာချက် ထုတ်ပြန်လိုက်တယ်။ လူထုတရပ်လုံးက တပါတီစနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ စနစ် ရရှိရေးတွေ တောင်းဆိုနေချိန်မှာ လူထုတောင်းနေတာနဲ့ ကျနော်တို့ တောင်းနေတာက တထပ်တည်းပဲ။ ကျနော်တို့က လူထုတောင်းဆိုချက် နိုင်ငံရေးလမ်းကြောင်းကနေ ခွဲထွက်ပြီးတော့ ကျောင်းသားသမဂ္ဂ ရယူဖို့ကိစ္စကို လုံး၀ လက်မခံဘူးလို့ ငြင်းပယ်လိုက်တယ်။

အဲဒီနောက်ပိုင်း တက္ကသိုလ် ဆရာများ သမဂ္ဂက ဆရာဦးစံတင်အောင် (ရွှေဘို) က ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့အချိန်မှာ ဆရာတို့ဆီကနေ ထပ်ကမ်းလှမ်းပြန်တယ်။ ကျောင်းသားသမဂ္ဂကို လက်မခံသေးဘူး ဆိုရင်တောင် သမဂ္ဂအဆောက်အဦးကို မူလ ပုံစံအတိုင်း ပြန်ဆောက်ပေးရမလား၊ ကိုယ့်စိတ်ကြိုက် ပုံစံသစ် ရေးဆွဲပြီး ပြန်ဆောက်မလား၊ အစိုးရက ပြန်ဆောက်ပေး ရမလားဆိုပြီး ထပ်မေးတယ်။ ကျနော်တို့ကလည်း အရင်သဘောထားအတိုင်း ပြန်ပြောလိုက်တယ်။ လူထုရဲ့ တိုက်ပွဲကနေ ခွဲထွက်ပြီးတော့ ကျောင်းသားသမဂ္ဂကို လက်မခံဘူးလို့။

အဲဒီအချိန်တုန်းက ဆုံးဖြတ်ချက်အတိုင်းကို ကျနော်တို့ ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ သဘောထား ထုတ်ပြန်ခဲ့တာ။ ကျနော့် အနေနဲ့ အဲဒီ အဖြစ်အပျက်ကို ပြန်သုံးသပ်ရရင် နိုင်ငံရေးယုံကြည်ချက် တွေမှာတော့ ဒီနေ့အချိန်အထိ မှန်တယ်လို့ မြင်တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်းသားသမဂ္ဂ ဖွဲ့စည်း တည်ဆောက်ခွင့်ဆိုတာကို သာမန် တည်ငြိမ်နေတဲ့ အချိန်မှာ တကယ် စစ်မှန်တဲ့ စိတ်စေတနာနဲ့ ပေးတာမျိုးလို့ မခံစားရဘူး။ တနိုင်ငံလုံး အုံကြွနေချိန်မှာ ကျောင်းသား လှုပ်ရှားမှုကို ရပ်တန့်သွား အောင် ကမ်းလှမ်းတာမျိုးဟာ လူထုလှုပ်ရှားမှုတွေကနေ ဖဲ့ထုတ်တာလို့ ခံစားရတဲ့အတွက် ငြင်းပယ်ခဲ့တာ။ ဒါ့ကြောင့် အခု အချိန်အထိ မှားတယ်လို့ မခံစားရဘူး။

ဒါပေမယ့် ဒီ ၂၅ နှစ်တာကာလ ကြာခဲ့တဲ့အချိန်မှာ ကျနော်တခု ပြန်သုံးသပ်မိတာရှိတယ်။ တွေ့ဆုံဆွေးနွေးရေး ဆိုတာနဲ့ ပတ်သက်ပြီး သုံးသပ်မိတာ။

တကယ်တော့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးသဘောထား ကွဲလွဲတဲ့ သူတွေနဲ့ပဲ ဖြစ်ဖြစ် တွေ့ဆုံဆွေးနွေး တော့မယ်ဆိုရင် စစချင်းမှာ မီဒီယာတွေခေါ်၊ ဆလိုက်မီးတွေထိုး၊ ဓာတ်ပုံတွေရိုက်၊ မှတ်တမ်းတွေတင် ဆိုတာနဲ့ စလေ့စထ မရှိဘူး။

တကယ်က အလွတ်သဘော ထိတွေ့မှုကနေစတာ။ အဆင့်တဆင့် အောင်မြင်လာတော့မှ သတ်သတ်မှတ်မှတ် ညှိနှိုင်းပြီး ဘယ်လောက် သဘောထား ထုတ်ပြန်မယ် ဆိုတာကို လုပ်ကြရတာ။ တွေ့ဆုံဆွေးနွေးရေးရဲ့ သဘောသဘာဝက အလွတ် သဘော ဆွေးနွေးမှုတွေနဲ့ စရတယ်ဆိုတာ ငယ်စိတ်တွေနဲ့ ခိုးကြောင်ခိုးဝှက် တွေ့ပြီး လက်ဝါးချင်းရိုက် အပေးအယူလုပ် တာမျိုးကို လက်မခံဘဲ အပြတ်ငြင်းခဲ့ကြတာ။

ဒီနေ့ဒီအချိန် ကျနော်တို့နိုင်ငံမှာ အင်မတန် သိမ်မွေ့တဲ့ ကိစ္စမျိုး ဆွေးနွေးတော့မယ်ဆိုရင် ဆွေးနွေးပွဲတွေရဲ့အစက အလွတ် သဘော တွေ့မှုတွေကနေ စမယ်၊ တခုရှိတာက ကိုယ့်ဘက်က အရေးပါတဲ့လူတွေ ကိုတော့ ပွင့်လင်းမြင်သာမှု ရှိရမယ်။ ဒါက လူသိရှင်ကြား မပြောသေးပေမယ့် စပြီးထိတွေ့နေပြီ၊ ဘယ်နှကြိမ် ဆွေးနွေးမယ်၊ ဘာတွေ တိုးတက်မှုရှိတယ်ဆိုတာ ကိုယ့်အချင်းချင်း ကြားထဲ အသိပေးပြီးတော့မှ အောင်မြင်တဲ့ အဆင့်တဆင့် ရောက်ရင် ဘာတွေ သတင်းထုတ်ပြန် ရမယ်ဆို တာ ဖြစ်သင့်တယ်။

အဲဒီတုန်းက စပြီး ကမ်းလှမ်းစဉ်မှာပဲ တခါတည်း အပြတ် ငြင်းချလိုက်တယ်။ အဖြစ်အပျက်တွေကလည်း အရမ်းမြန်နေတော့ တဘက်ကလည်း ဒါကို အရေးတယူနဲ့ ပြန်တုန့်ပြန်တာမျိုး မရှိတော့ဘူး။ အဲဒီအချိန်က စပြီး နောက်ဆုံး စက်တင်ဘာ ၁၈ ရက် အာဏာသိမ်းတဲ့ အခြေအနေ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ကျနော်တို့အားလုံး ဖမ်းဆီးခံရ၊ ထောင်ကျခံရ၊ ဒီနေ့ အခြေအနေ အထိရောက်လာတာပဲ။

ဆရာကြီး ဒဂုန်တာရာရဲ့ ပူးပေါင်းပေးပို့ခဲ့တဲ့ သဝဏ်လွှာက စပြီးတော့ ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ရေး၊ ကျောင်းသား သမဂ္ဂ ပေါ်ထွန်းရေးတို့ကို ဒီနေ့ဒီအချိန် မျိုးဆက် အဆက်ဆက်က ပူးပေါင်းဆောင်ရွက်နေချိန်မှာ လွန်ခဲ့တဲ့ ၂၅ နှစ်တာ ကာလက ကျောင်းသားသမဂ္ဂနဲ့ ပက်သက်တဲ့ ကမ်းလှမ်းချက်ကို ပြန်တုံ့ပြန်တာတွေကို ပြန်ထင်ဟပ်ရအောင် အခု ဦးဆောင် နေတဲ့၊ တာဝန်ယူကြတဲ့ လူငယ်တွေ အမှတ်မှတ်ရရ ဒါကို ဖြစ်ပါလိမ့်မယ်။

ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)

အဲဒီတုန်းက ၁၉၈၈ ဇူလိုင်လထဲမှာ တောင်ကြီးနဲ့ ပြည်မြို့တွေမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်တယ်ဗျ။ အဲဒီ အချိန်မှာ ကျနော်တို့ ကျောင်းသားတွေ တော်တော်များများက တပါတီ အာဏာရှင်ကိုဖြုတ်ချပြီး ဒီမိုကရေစီ ရဖို့အတွက် တော်တော်ကြီး စည်းရုံး လှုပ်ရှားနေကြပြီ။

ကျနော်တို့က လက်ကမ်း စာစောင်တွေ၊ ဖြန့်ချိရေးစာတွေ လိုက်ဝေကြတယ်။ အဲဒီတုန်းက တရားဝင် ပေါ်ပေါ်ထင်ထင် မဝေရဲ ဘူး။ အဖမ်းအဆီးတွေက တော်တော်လေးကို ကြမ်းနေတဲ့အချိန်။ ညဘက်တွေမှာ ဘတ်စ်ကား မှတ်တိုင်တွေကနေ စောင့်ဝေ၊ အိမ်တွေရဲ့ ပြတင်းပေါက်တွေထဲကို ပစ်ထည့်ပြီး ပြေးကြနဲ့ အဲဒီလိုဝေကြရတယ်။

အဲဒီအချိန်မှာ လူတွေက ဆင်းရဲနေကြတဲ့အချိန်။ အခုလို ပုံနှိပ်ပြီး ထုတ်ဝေဖို့ကိုလည်း ဘယ်ပုံနှိပ်တိုက်ကမှ မလုပ်ပေးရဲကြ ဘူး။ ဖယောင်းစက္ကူပေါ်မှာ စူးနဲ့ လက်ရေးရေးပြီးတော့ မီးချောင်းတွေနဲ့ လှိမ့်ရတယ်ဗျ။ ဂတ်စ်တန်နာလို့ ခေါ်တဲ့ စာကူးစက် တွေကတောင် မလုပ်ပေးရဲကြဘူး။ လုပ်ရတာ အင်မတန် ပင်ပန်းတယ်။

ရလာတဲ့ စာတွေကို ခိုးချောင်ခိုးဝှက် ဖြန့်ကြတဲ့အချိန်မှာ တချို့ပြည်သူတွေက တာဝန်သိတယ်ပဲခေါ်ခေါ်၊ နိုးကြားတယ်ပဲ ပြောပြော သူတို့နည်းနဲ့ သူတို့ လက်ရေးနဲ့ ပြန်ရေးပြီး ဖြန့်တာတွေရှိတယ်။ သူတို့ ဆိုင်ရာ စာကူးစက် ကလေးတွေမှာ ဒလိမ့် တုံးနဲ့ လှိမ့်ပြီးတော့ ဖြန့်ကြတာ ရှိတယ်။

တနေ့မှာ ညမှောင်နေတဲ့အချိန် ဘုန်းကြီးကျောင်း တကျောင်းနားရောက်တော့ သံဃာတွေကို အဲဒီ ဖြန့်ချိရေးစာလိပ်တွေ ကမ်းတာပေါ့ဗျာ။ တိတ်တဆိတ် ပြေးသွားပြီးတော့ အရှင်ဘုရားများ၊ ဒီစာလေးတွေ ဖတ်ကြည့်ပါလို့ ပြောပြတယ်။ သူတို့က သိတယ်။ ဒါဟာ တခု တခုကို စည်းရုံး လှုံ့ဆော်တာပဲ ဆိုတာကိုဗျ။

ဒါလေးကို ယူပြီးတော့မှ အေးကွ၊ ငါတို့လည်း တောင်ကြီးနဲ့ ပြည်ကိစ္စကို ကြားပြီးကတည်းက ချချင်နေတာလို့ ပြောတယ်။ အဲဒီတော့မှ ကျနော်တို့က အရှင်ဘုရားများ၊ တပည့်တော်တို့က ဘာသာရေးကိစ္စ မဟုတ်ဘူး။ ဘာသာရေး အဓိကရုဏ်းကို အားပေးဖို့ မဟုတ်ဘူး။ အားလုံးနဲ့ဆိုင်တဲ့ စနစ်ကြီးပြောင်းလဲသွားအောင် တပည့်တော်တို့က ကြိုးစားနေတာ။ ဟိုဟာက အာရုံကို ပြောင်းတဲ့ ကိစ္စတွေ ဖြစ်နေတယ်လို့ ပြောတော့မှ ဟေ … ကွာဆိုပြီး ငါတို့ဖတ်ကြည့်ပါဦးမယ်လို့ ပြောတယ်။

ဒီနေ့အထိ ဒီလက္ခဏာတွေလည်း အကြောင်းသင့်ရင် ပေါ်နေဦးမှာပဲ။ နောက်လည်း ပေါ်နေဦးမှာပဲ။ ပြောချင်တာက စနစ်တခုရဲ့ အပြောင်းအလဲကို ကြိုးစားကြတဲ့အခါမှာ လမ်းကြောင်း ပြောင်းတာတွေရှိတယ်။ ဒါကို သတိထားဖို့ လိုတယ် ဆိုတာကိုလည်း ပြောချင်တယ်။ အမြော်အမြင် ကြီးကြီးနဲ့ စုပေါင်း ဆောင်ရွက်မှုနဲ့မှ ရနိုင်တယ် ဆိုတာမျိုးကို ပြောချင်တာ။

နောက်တခု ပြောချင်တာက ပြည်သူတရပ်လုံးက အားလုံးဝိုင်းပြီးတော့ နိုင်သလောက် ဆောင်ရွက်ကြလို့ အဲဒီလို လှုံ့ဆော်ရေး စာတွေက ပျံ့လာတာ။ အဲဒါကြောင့်လည်း ဒီအရေးတော်ပုံမှာ လူအများစုက လိုက်ပါလာနိုင်တာ။ တစုတဖွဲ့တည်း ကောင်းလို့တော့ မရဘူး။ လူအများရဲ့ ပူးပေါင်းဆောင်ရွက်မှုက ခေတ်တိုင်းမှာ လိုတယ်ဆိုတာကို ပြတာ။

မိတ္တူ၊ စာကူးစက်တွေ မပေါ်သေးတဲ့၊ ခက်ခဲရှားပါးတဲ့ ခေတ်ကြီးမှာတောင် ပြည်သူတွေက ကိုယ့်လက်ရေးနဲ့ကိုယ် တက်နိုင် သလောက် ဖြန့်ခဲ့ကြတာ။ ဒါ့ကြောင့် ဆက်သွယ်ရေး စနစ်တွေ ဘယ်လောက် ကောင်းကောင်း၊ နည်းပညာတွေ ဘယ်လောက် တိုးတက် တိုးတက်၊ ပြည်သူလူထုအများက စိတ်ပါဝင်စားပြီး မလိုက်ပါနိုင်ဘူး ဆိုရင် ဘယ်အရေးတော်ပုံပဲ ဖြစ်ဖြစ် အောင်မြင် မှာ မဟုတ်ဘူး။

ဇာဂနာ (လူရွှင်တော်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ဦးသူရ)

ကျနော် ပြောချင်တဲ့ မြင်ကွင်းကတော့ စက်တင်ဘာ ၁၉ ရက်နေ့ပေါ့။

စက်တင်ဘာ ၁၈ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းသွားတယ်။ နောက်တစ်နေ့ ၁၉ ရက်နေ့ မနက်မှာ ဆေးရုံကြီးကနေ ကျနော်တို့ လမ်းပေါ်ထွက်တော့ လမ်းပေါ်မှာ ဘယ်သူမှ မရှိတော့ဘူး။ တကယ် သေနတ်နဲ့လည်း ပစ်ရော တယောက်မှ ထွက် မလာတော့ဘူး။ အဲဒီမှာ ကျနော်ရယ်၊ ကိုဇင်ဝိုင်းရယ်၊ ကိုအရိုင်းရယ်၊ ကိုမိုးဝင်းရယ် ၄ ယောက်ပဲရှိတယ်။

၄ ယောက်က အလံလေးတွေ ဆွဲပြီးတော့ သိမ်ကြီးဈေးဘက်မှာ ရှိနေတဲ့အချိန်ပါ။ အခုတော့ လေဟာပြင်ဈေးနဲ့ သိမ်ကြီးဈေး ကြားနားက နေရာပါ။  အရင်က အဲဒီနားမှာ ရေခဲတိုက်ရှိတယ်။ အဲဒီ ရေခဲတိုက်ရှေ့ ရောက်တဲ့ချိန်မှာ သိမ်ကြီးဈေး စီရုံကြီး အပေါ်ကနေ သေနတ်နဲ့ ပစ်တော့တာပဲ။

ပစ်တဲ့အချိန်မှာ ကိုဇင်ဝိုင်းနဲ့ ကပ်လျက် ပါလာတဲ့ ကျောင်းသားလေး တဦး ကျည်ဆံထိသွားတယ်။ ကျနော်နဲ့ ကိုဇင်ဝိုင်း ရုတ်တရက် သွေးပျက်သွားတယ်။ တခါမှလည်း မမြင်ဘူးတော့ ဘာလုပ်ရမှန်းလည်း မသိခဲ့ဘူး။

အဲဒါနဲ့ နောက်တော့ ရေခဲတိုက် ဝင်းထဲကို အဲဒီ ကျည်ထိသွားတဲ့ ကလေးကို ဆွဲခေါ်သွားလိုက်တယ်။ အဲဒီ မြင်ကွင်းကတော့ မှတ်မှတ်ရရပဲ။ ဘယ်သူမှ မထွက်တော့တဲ့ အချိန်၊ ကျနော်တို့ အနုပညာရှင် ၄ ယောက်ထွက်ခဲ့ကြတယ်။ နောက် ကျောင်းသားတွေ ပါလာတယ်။ ကျောင်းသားတွေ ထဲကဆို ကိုကျော်မြင့် ပါတယ်၊ ကိုနိုင်မင်းဆိုတာ ပါတယ်၊ ကိုမင်းမင်း ပါတယ်။

ထိသွားတဲ့ တယောက်က ကိုစိုင်းခင်မောင်ဌေး ဆိုတဲ့ ရှမ်းတိုင်းရင်းသား ကျောင်းသား တယောက်ပါ။ သူက သေတော့ မသေခဲ့ဘူး။ အခု ခြေထောက်တော့ မသန်တော့ဘူး။ အဲဒါကတော့ မှတ်မိနေတဲ့ မြင်ကွင်းတခုပါ။

၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့တာက တပါတီ အာဏာရှင်ဆိုတာကို ကျနော် တော်တော် မုန်းခဲ့တယ်၊ တသွေး တသံ တမိန့်ကို မကြိုက်ဘူး။ အဲဒါကို ကျောင်းသား ဘဝကတည်းက ဇာတ်ခုံပေါ်ကနေ ပြက်လုံးနဲ့ လှောင်ခဲ့၊ ပြက်ခဲ့၊ လုပ်ခဲ့ ကြတာလေ။

၈၈ စဖြစ်တော့ ကိုဖုန်းမော် သေနတ်နဲ့ စပစ်ခံရတဲ့ မတ်လ ၁၃ ရက်ညမှာ မြောက်ဥက္ကလာမြို့နယ် ရန်အောင်ဘုရားပွဲမှာ ပြဿနာ စဖြစ်ရာကနေ ပေါက်ကွဲပြီး သပိတ်မှောက်၊ အရေးတော်ပုံ အောင်ရမည်တွေ ထလုပ်ကြတာ။ ဒီလိုနဲ့ပဲ သြဂုတ်လ ၈ ရက်မှာ လူအုပ်ကပါ ကျောင်းသားနဲ့ ရောပါသွားတော့တာပါပဲ။

၈၈ မှာ ဗမာတပြည်လုံး ပထမဆုံး အဖမ်းခံရတာ ကျနော်ပါပဲ။ စစ်တပ်အာဏာသိမ်းပြီး စဖမ်းခံရတာ ကျနော်ပဲ။ ၇ လ အဖမ်းခံ ခဲ့ရတယ်။ ၈၈ က ဒီနှစ်ဆို ကြုံတောင့်ကြုံခဲ ငွေရတုဆိုတော့ အကောင်းတွေပဲ ဖြစ်ဖို့ မျှော်လင့်ပါတယ်။

အနာတွေကို ပြတာမဟုတ်ဘူး။ မှားခဲ့တာ၊ မှန်ခဲ့တာလည်း ရှိမယ်။ နောင် တိုင်းပြည်အတွက် အကောင်းတွေ ဝိုင်းရှာနိုင်ဖို့ မျှော် လင့်ပါတယ်။ ၈၈ ကနေ ရလာတဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုအောက်မှာ ဘာတွေ နစ်နာခဲ့လဲ မေးရင် ကျနော်ဆို ဆရာဝန်ဖြစ်ခါစ ကြိမ်ဖန်များစွာ ထောင်ထဲ ရောက်ရတယ်။ အစ်ကိုအကြီး သေခဲ့ရတယ်။ အဖေနဲ့ အမေကို စာရေးခွင့် ပိတ်ခဲ့တာ သေသည်ထိ တိုင်ပဲ။ အဖေက နန်းညွန့်ဆွေ ဆိုတဲ့ ကလောင်နာမည်နဲ့ ၁၉၈၈ ကနေစပြီး သေခဲ့တဲ့အချိန် ၂၀၁၁ ခုနှစ်အထိ အဲဒီသူ့နာမည်နဲ့ ဘာစာမှ မရေးခဲ့ရဘူး။ ဒါ တဦးတည်းပေါ့။

သို့ပေမယ့် ဒါတွေကို မပြောလိုတော့ဘူး။ အခုအချိန်မှာ အကောင်းတွေကို သွားနိုင်ဖို့ပဲ စိတ်ကူးတယ်။ ကျနော့်ကို ဖမ်းခဲ့တဲ့ အထဲမှာ ကျနော့် သူငယ်ချင်းတွေတောင် ပါတယ်။

ဂျေညီညီ (အဆိုတော်)

၈၈ ကာလ အကြောင်းထဲက မှတ်မှတ်ရရ မြင်ခဲ့ရတာကို ပြောပါဆိုရင် ကိုယ်တိုင် ထောင်ထဲရောက်ခဲ့တဲ့ မြင်ကွင်းတခုပဲ။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းပြီး မကြာခင်မှာ အရေးအခင်းနဲ့ ပတ်သက်တဲ့ သူတွေကို လိုက်ဖမ်းတယ်။

ဒီအထဲမှာ ပါဝင် ဆန္ဒပြသူတွေလည်း ပါတယ်။ တရက်၊ ကျနော်က ရန်ကုန်မြို့လယ် ၃၄ လမ်းနဲ့ အနော်ရထာ လမ်းထောင့်က လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာ ရှိနေတယ်။ သက်သာ ချောင်ချိရေးအတွက် ဖွင့်ထားတဲ့ ဆိုင်လေးပေါ့။ အဲဒီမှာ လက်ဖက်ရည် သောက်နေတုန်း လူနှစ်ယောက်က လက်ဖက်ရည်ဆိုင်ထဲ ဝင်လာပြီး ခဏလောက် လိုက်ခဲ့ပါလို့ဆိုတယ်။ ဘာ ကိစ္စလဲလို့ မေးတော့ ဗိုလ်ကြီးက ခဏလောက် တွေ့ချင်လို့ပါဆိုပြီး နှစ်ယောက်က ညှပ်ခေါ်သွားခဲ့တယ်။

အဲဒီနောက် အနော်ရထာ အတိုင်း ဆူးလေဘက် လမ်းလျှောက်သွားရတယ်။ ဆူးလေဘက်ကနေမှ ၃၃ လမ်းထိပ် ရောက်တော့ အီတူးသောင်ဇင် ကားကြီးပေါ် တက်ခိုင်းတယ်။ အဲဒီကနေ ကမ်းနားလမ်းမှာ ရှိတဲ့ စီးပွားရေးဘဏ်နား ခေါ်သွားတယ်။

ခေါ်သွားပြီး မရမ်းကုန်း ရဲစခန်းဘက်ကို ဆက်ခေါ်သွားတယ်။ အဲဒါက အခု ရန်ကုန် အင်တာနေရှင်နယ် ဟိုတယ် နေရာပေါ့။ အဲဒီကနေ နောက်ဖမ်းထားတဲ့ လူတွေပါ တက်လာခိုင်းပြီး မင်္ဂလာဒုံဘက်ကို ဆက်သွားတယ်။

လူတွေကိုလည်း ဘယ်လိုမှ မအောင့်မေ့ပါနဲ့၊ တာဝန်အရပါဆိုပြီး လက်ထိပ်ခတ်တယ်။ မျက်နှာကို အုပ်တယ်။ ထောက်လှမ်း ရေး ၆ ကို ရောက်ခဲ့တယ်။ နေ့စစ်၊ ညစစ်နဲ့ ၂ ပတ်လောက်လည်း ကြာရော ကျောက်တံတား ရဲစခန်းမှာ ထုတ်ပြီးတော့ အင်းစိန်ထောင် ပို့လိုက်တယ်။

အင်းစိန်မှာ ၁ တိုက်၊ အခန်းနံပါတ် ၅ မှာ ထောင်သက် ၉ လ ကျော်ကျော် နေခဲ့ရပါတယ်။ ဘယ်လိုပုံစံ လှုပ်ရှားခဲ့လို့ ဖမ်းတာလဲ ဆိုတော့ မဆလခေတ်မှာ ဂီတကောင်စီဆိုတာ ရှိတယ်။ ကီလီလမ်း (အခု ဝါးတန်းလမ်း) အောက်မှာ ရှိတယ်။ အဲဒီဆိုင်းဘုတ်ကို ကျနော်တို့ ဖြုတ်လိုက်တယ်၊ နောက် ဂီတပညာရှင်များ သမဂ္ဂလုပ်ပြီး ကျနော်က အဲဒီမှာ စည်းရုံးရေး တာဝန်ခံ လုပ်တယ်၊ နယ်လှည့် ဟောပြောပွဲတွေ လုပ်တယ်။ အဲဒီ အမှုတွေနဲ့ အဖမ်းခံခဲ့ရတာ။

ဂီတဘက်က အဆိုဘက်မှာဆို ကျနော်၊ သဘင်မှာဆို ကိုမိုးဝင်း၊ ဟာသမှာဆို ကိုဇာဂနာ၊ ရုပ်ရှင်မှာဆို ကိုဇင်ဝိုင်း အဲဒီလိုတွေ အဖမ်းခံခဲ့ရတာ။ အနှိမ်ခံခဲ့ရတာ တအားများလာတာကြောင့် ဒီအရေးတော်ပုံထဲမှာ ပါဝင်ဖြစ်ခဲ့တာ။ အနုပညာသမား ဆိုတာက အနှိပ်အကွပ်၊ အနှိမ် မခံတတ်တဲ့ လူစားတွေ။ ဒီလို ဖိနှိပ် ခံခဲ့ရတာတွေ များတော့ အနုပညာသမား အနေနဲ့ ပရိသတ် ကျွေးတာ စားပြီး ပရိသတ်ကို ကျေးဇူးဆပ်တာ ပါပဲ။

အရေးအခင်း ဖြစ်နေတဲ့အချိန် တရက်မှာလည်း သရုပ်ဆောင် ကိုလူမုန်းနဲ့ ကျနော် ဆေးရုံကြီးကနေ ဗိုလ်ချုပ်လမ်းက တဆင့် မဟာဗန္ဓုလ လမ်းအတိုင်း လျှောက်လာတဲ့ အခါတုန်းက မြို့တော်ခန်းမနား အရောက်မှာ သေနတ်နဲ့ ပစ်တာ ခံရသေးတယ်။ ကံကောင်းလို့ မသေခဲ့တာ။ ခွေးပြေးဝက်ပြေး ပြေးခဲ့ရသေးတယ်။ ဒီလို မြင်ကွင်းတွေ ရှိခဲ့တယ် ဆိုပေမယ့် အခုအချိန်မှာ ဘာမှတော့ မပြောချင်တော့ပါဘူး။ အကောင်းတွေပဲ ဖြစ်စေချင်ပါတယ်။

ဧရာဝတီသတင်းထောက် စနေလင်း၊ ထက်နိုင်ဇော်၊ နဒီထိုက်နှင့် မြတ်သူအောင်တို့ တွေ့ဆုံမေးမြန်းသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading