ဦးယောဆက်သည် လီဆူးတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်ပြီး မိုးကုတ်မြို့ ပတ္တမြားမြေ ၏ အချမ်းသာဆုံး လူနည်းစု ထဲက တဦးဖြစ်သည်။ လက်ရှိတွင် ကျောက်မျက် လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ ၁၉၉၆ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့သော သူ၏ ဧက ၁၀၀ ကျော် အကျယ်ရှိသည့် တောင်ကုန်းတခုပေါ်က “ရွှေလိပ်ပြာ” ဟိုတယ်သည် မိုးကုတ်မြို့တွင် အကောင်းဆုံး ဟိုတယ် တခု ဖြစ်သည်။
ထိုစီးပွားရေး လုပ်ငန်းများအပြင် မိဘမဲ့ တိုင်းရင်းသား ကလေးငယ် ၈၀ ကျော်ရှိသည့် မိဘမဲ့ဂေဟာ တခုကိုလည်း တည်ထောင် စောင့်ရှောက်ထားသည်။
ဦးယောဆက်သည် ဒေသဖွံ့ဖြိုးရေး၊ မိုးကုတ်မြို့ ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်ပြီး ပရဟိတ သမားတဦးလည်း ဖြစ် သည်။ နအဖ စစ်အစိုးရ လက်ထက် ၁၉၉၉ ခုနှစ်က စီးပွားရေး လုပ်ငန်းကြီးများ လုပ်ကိုင်ရင်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရသောကြောင့် အကျဉ်းထောင်အတွင်း ၁၂ နှစ်ခွဲ နေထိုင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်တွင် သမ္မတ ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက် လာ ခဲ့ သူလည်း ဖြစ်သည်။ ယခု လက်ရှိ အချိန်တွင် မိုးကုတ်မြို့၌ မိသားစုနှင့် နေထိုင်လျက်ရှိသည်။
ဦးယောဆက်၏ စီးပွားရေးလုပ်ငန်း အတွေ့အကြုံ ဆိုင်ရာများ၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံ အတွေးအမြင် ဆိုင်ရာများနှင့် ပတ်သက်ပြီး ဧရာဝတီက ကိုစိုး(နိုင်မောင်)က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ အခုလို အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တယောက် ဖြစ်လာဖို့ ဘယ်လိုကြိုးစားခဲ့ရပါသလဲ။
ဖြေ။ ။ ဘယ်လိုပဲပြောပြော ကျနော်တို့က ကျောက်လုပ်ငန်းနဲ့ အခုလို ဖြစ်လာတာပေါ့။ အဲဒါကြောင့်မို့လို့ အထူးသဖြင့် ပြောချင်တာ က ကျနော်ဒီနေ့ ဒီဘ၀ ရောက်လာတာက အများစုက ဗုဒ္ဓဘာသာဝင်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကပေါ့နော် တရုတ်ပြည်က ဝယ် တဲ့ ကျောက်လေးတွေနဲ့ အခြေပြုပြီးမှ ဒီနေ့ ဒီဘ၀ ရောက်လာတာပါ။ အဲဒီတော့ မိုးကုတ်မှာရတဲ့ အကျိုးအမြတ်လေးတွေနဲ့ ရန်ကုန် ကိုယ့်မင်းကိုယ့်ချင်းလမ်းမှာ ဟိုတယ်တခုပေါ့။ အဲဒီလို တတ်နိုင်သမျှ လုပ်ခဲ့တာလေးတွေ ရှိပါတယ်။ ကျန်တာကတော့ တခြားတော့ မရှိပါဘူး။ ဒီအောင်မြင်လာတဲ့ အကြောင်းရင်းကတော့ အခြေခံက အဲဒီလောက်ပါပဲ။ ဒီအပေါ်မှာ အခြေခံပြီး ကျနော်တို့ ဘာသာရေး နဲ့ ပတ်သက်ရင်လည်း ဗုဒ္ဓဘာသာ ဖြစ်စေ၊ မွတ်စလင် ဖြစ်စေ၊ ကျနော်ကတော့ ခရစ်ယာန် ဖြစ်ပေမယ့်လည်း ကျေးဇူးတရားကို အမြဲတမ်း အောက်မေ့တယ်။ တတ်နိုင်သလောက်တော့ ထောင်ထဲ မရောက်ခင်က ဒီမြို့(မိုးကုတ်)အတွက် ပိုပြီး လုပ်ကိုင်ခဲ့တာပေါ့။ အခုကတော့ ပြန်ပြီး Foundation လုပ် ကိုယ့်ကိုယ်ကိုယ် မားမားမတ်မတ် ပြန်ပြီး ရပ်တည်နိုင်အောင်လုပ်ပြီး မြို့အတွက်ကိုပေါ့နော် နောင်အနာဂတ်မှာလည်း တတ်နိုင်သလောက် အုပ်တချပ် သဲတပွင့် ဆောင်ရွက်သွားမယ်လို့ ရည်မှန်းချက် ပန်းတိုင်လည်း ထားပါတယ်။
မေး။ ။ ဟိုတယ်လုပ်ငန်းကို ဘာဖြစ်လို့ စိတ်ဝင်စားရတာလဲ။
ဖြေ။ ။ အဓိကကတော့ ဒီလိုပါ။ ဟိုတယ်လုပ်ငန်း ဆိုတာက ကျနော်ကိုယ်တိုင်လည်း ထိုင်းနိုင်ငံကို ရောက်ဖူးတယ်။ ရောက်ဖူးတဲ့ အချိန်မှာ ထိုင်းနိုင်ငံနဲ့ ပတ်သက်ပြီး ကျနော် လေ့လာတယ်။ ထိုင်းနိုင်ငံရဲ့ အဓိက ဝင်ငွေက GDP ပြောမယ်ဆိုရင်၊ ကျနော်သွားတဲ့ မဆလ ခေတ် ၈၈ အရေးအခင်း မတိုင်ခင် သူတို့နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသည်တွေ လာလည်တာ ကျနော်တို့ နိုင်ငံနဲ့ ယှဉ်လိုက်ရင် မိုးနဲ့ မြေလို ကွာတာကို။ ကွာတဲ့အချိန်မှာ သူတို့ရဲ့ဝင်ငွေလည်းကွာတယ်။ နောက်တခုက ဟိုတယ်လုပ်ငန်း လုပ်တဲ့သူတွေက ကိုယ့် ရဲ့ နိုင်ငံသူ နိုင်ငံသားတွေကိုလည်း အလုပ်အများကြီးပေးနိုင်တယ်။ အလုပ်အကိုင် ဖန်တီးပေးတာပေါ့နော်။ အဓိကကတော့ ဒါလေး တွေကို ကျနော်မြင်တယ်။ သူတို့ရဲ့ အောင်မြင်တာတွေကိုလည်း အားကျမိတယ်။ ကျနော်တို့နိုင်ငံမှာလည်း ဘာပဲဖြစ်ဖြစ် ဒီလို ဟို တယ် နဲ့ပတ်သက်တဲ့ စီးပွားရေးတွေ လုပ်သင့်တယ် ဆိုပြီးတော့မှ ကျနော်စပြီး အကောင်အထည် ဖော်ခဲ့တာပေါ့။ ဝန်ထမ်း ၁၀၀ ကျော်ရှိတယ်။ လက်ရှိ အခန်းက ၂၅ ခန်း၊ အခု ဆောက်နေတာက ၄၂ ခန်းဆိုတော့ အခန်း ၆၀ ကျော် ရှိတယ်။
မေး။ ။ ဒီလုပ်ငန်းကို လုပ်တဲ့အခါမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါ။
ဖြေ။ ။ ကျနော်က ၁၉၉၉ မှာ အရေးယူခံရပါတယ်။ ဘယ်သူ့ကိုမှလည်း အပြစ်တော့ မတင်လိုပါဘူး။ ဗုဒ္ဓဘာသာ အနေနဲ့ ပြောရင် ကံတရားအရ ကျနော် ထောင်ထဲ ရောက်ခဲ့တာပေါ့။ ကျနော် ထောင်ထဲ ရောက်တဲ့အချိန်မှာ ဝမ်းနည်းတာ တခုရှိတာက ကျနော့် အနေနဲ့ တိုင်းပြည်အတွက် ဘာမှအကျိုးမရှိတဲ့ လူတယောက် ဖြစ်နေပြီလား၊ ကျနော့်မြို့ အတွက် ဘာမှ မလုပ်ပေးနိုင်တဲ့ လူ တယောက် ဖြစ်နေပါလား ပေါ့နော်။ နေ့စဉ်နဲ့အမျှ အရင်တုန်းက ကျနော် ဒီမှာ(မိုးကုတ်မှာ)နေတဲ့ အချိန်မှာ မနက် ၅ နာရီကျော် ဆို လို့ ရှိရင် ငှက်ဖျားပိုး ဦးနှောက်ထဲဝင်တဲ့လူ၊ ကျန်းမာရေး မကောင်းတဲ့ လူ၊ ဟိုး ဆမလ တခေတ်လုံးပေါ့နော်၊ အဲဒီခေတ်ကာလ တုန်း က ကျနော် နည်းနည်းပါးပါး အဆင်ပြေတဲ့အချိန်မှာ ကူညီခဲ့ရတာတွေရှိတယ်။ ဒါပေမယ့် တအား ပင်ပန်းတယ်။ ကျနော်တို့ မြို့ ဆို တာက ရွာလေးတခုလိုပဲ အားလုံးက တဦးနဲ့ တဦး ဆက်စပ်နေတယ်။ တဦးနဲ့တဦး အားကိုးတဲ့ ကိစ္စလေးတွေ ရှိတယ်။ နေ့စဉ်နဲ့အမျှ ဒုက္ခသုက္ခတွေ၊ တခါတလေ ချေးငှားတဲ့လူကအစပေါ့လေ တတ်နိုင် တာ ကူညီတာ ရှိတယ်။ ကျနော်တို့လည်း တခါတလေ အခက် အခဲ ရှိတယ်။ ကျနော်တို့ နိုင်ငံရဲ့ ဘဏ်စနစ်က အားနည်းတာကို အဲဒီခေတ်က။ ကိုယ်ပိုက်ဆံ မရှိရင် ဘာမှကိုလုပ်လို့ မရဘူး။ ကိုယ် လည်းတခါတလေ ကျောက်ဝယ်တယ်၊ ကျောက်က မရောင်းရ၊ ပိုက်ဆံက ပြတ်တဲ့ အချိန်မှာ လာပြီး အကူအညီတောင်းတဲ့ အခါ ကူ ညီပေးချင်ပေမယ့် မပေးနိုင်တဲ့ အခက်အခဲတွေလည်း ကြုံရ တယ်။ ကျနော်လည်း စိတ်မကောင်း ဖြစ်တာပေါ့။
အင်းစိန် ထောင်ထဲ ရောက်တဲ့အချိန် အသက်ကလည်း ၄၀ ကျော် ဆိုတော့ မြို့အတွက် တိုင်းပြည်အတွက် အုပ်တချပ် သဲတပွင့် လုပ်ချင်ပေမယ့်လည်း ဘာမှ မလုပ်ရတဲ့ အချိန်တွေ ကုန်ခဲ့တာပေါ့နော်။ ကျနော့်တဦးတည်း အတွက်တော့ ကျန်းမာရေးနဲ့ပတ်သက် တာကို အဲဒီမှာ ကောင်း ကောင်းမွန်မွန် လုပ်ရတယ်။ နေ့စဉ် ကျနော် ကျန်းမာ ရေးကို ဂရုစိုက်တယ်။ ဒုတိယ တခုက စာတွေ အများကြီး ဖတ်ရတယ်။ နိုင်ငံ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်တဲ့ ဟိုချီမင်း၊ တိန်ရှောက် ဖိန်၊ မော်စီတုန်း၊ မာ့ခ်စ် ၊ ဘာထရန်ရပ်ဆဲလ် ကနေ မဖတ်ဘူးတဲ့ စာအုပ် မရှိသလောက်ကို ဖတ်လိုက်ရတယ်။ အဲဒီတော့ ကျနော့် အတွက် အထောက်အကူ အများကြီး ပြုတယ်။ အဲဒါတွေ ဖတ်လိုက်ခြင်း အားဖြင့် ကျနော့်ရဲ့ အားနည်းချက်တွေ၊ ကျနော် နောင်မှာ လုပ်ရမယ့် ဥစ္စာလေးတွေလည်း ကျနော် သိရတာပေါ့နော်။ ချုပ်ပြောမယ် ဆိုရင်တော့ အဲဒါကတော့ အကောင်းဆုံးပေါ့။
ပထမပိုင်းကတော့ ၉၉ က စအရေးယူခံရတဲ့အချိန်မှာ တလလောက်ကတော့ နည်းနည်း စိတ်အနှောင့်အယှက် ဖြစ်တာပေါ့။ ကျနော် လည်း တတ်နိုင်သလောက် တိုင်းပြည်အတွက် လုပ်ပေးခဲ့တာပဲ။ အဲဒီတော့ အရေးယူမယ်ဆိုလည်း ထိုက်သင့်တဲ့ ပြစ်ဒဏ် ချစေချင် တာပေါ့။ ဒါပေမယ့် မမျှော်လင့်တဲ့ ပြစ်ဒဏ်နဲ့ ထောင်ထဲမှာ ၁၂ နှစ်ခွဲ နေလိုက်ရတယ်။ ချတာက အနှစ် ၂၀။ အဲဒီတော့ ကျနော့်အတွက်လည်း အကျိုး မရှိဘူး။ တိုင်းပြည်အတွက်လည်း အကျိုးမရှိဘူး။ ကျနော့်မြို့မှာလည်း ကျနော့်ကို မှီခိုနေတဲ့ လူတွေအားလုံး ဒုက္ခတွေ ရောက်ကြတယ်။ ဒါလေးတွေတော့ နောင်အနာဂတ်မှာ မရှိတော့ဘူးလို့ ရင်ထဲမှာတော့ အောက်မေ့ထားတယ်။ သမ္မတ ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် သူ့ကိုတော့ ကျေးဇူးတင်တယ်လို့ ပြောရမယ်။
ဒီဟိုတယ်လုပ်ငန်း လုပ်နေရင်းနဲ့ ထောင်ထဲ ရောက်သွာတာ။ ကျနော်မရှိတဲ့အချိန် သားသမီးတွေရော၊ ကျနော့် အမျိုးသမီးရော သူတို့ လည်း မလုပ်တတ် မကိုင်တတ်နဲ့ဆိုတော့ အားလုံးပြိုသလို ဖြစ်ကုန်တာပေါ့။ အဲဒါတွေ အစအဆုံး ပြန်ပြင်ရတာဆိုတော့ အခက်အခဲတော့ တွေ့တာပေါ့။ ကျနော် မရှိတဲ့ အချိန်မှာ ၉၆ ခုက ကျနော်လုပ်ထားတဲ့ မိဘမဲ့ကျောင်းလေး ဆိုရင်လည်း အခက် အခဲ ဒုက္ခတွေတွေ့တာပေါ့။ ကျနော် သွားတဲ့အချိန်မှာ မိဘမဲ့ကလေးတွေ ၈၀ ကျော်ရှိတယ်။ လီဆူး ကလေးတွေ အများဆုံး၊ တခြား တိုင်းရင်းသား ကလေးတွေလည်း ပါတယ်။ အဲဒီ မိဘမဲ့ဂေဟာကို အစ်မတယောက်က စောင့်ရှောက် ပေးထားတယ်။ အများကြီး ပေါ့လေ ဒုက္ခတွေ ရောက်ခဲ့ကြတာပေါ့။ ကျနော် ပြန်ထွက်လာတဲ့အချိန်မှာ မိမိကိုယ်ကို မားမားမတ်မတ် ရပ်တည်နိုင်အောင်လုပ်မှ ကူညီနိုင်မယ်။ ကျနော် ထောင်က ပြန်ထွက်လာတဲ့အချိန်မှာ တေဇတို့၊ အောင်ကိုဝင်းတို့ လေယာဉ်တွေတောင် ပိုင်ကုန်ကြပြီ။ ဟိုတုန်း က တော့ အဲဒီလိုတော့ မဟုတ်သေးဘူးပေါ့။ ကိုယ်ကတော့ နိမ့်သွားတာပေါ့။ ဒီအချိန်မှာ ကျနော်ဘာလေးတခု စိတ်ထဲမှာရှိလည်း ဆို တော့ လှူချင် တန်းချင်သေး တယ်။ ကျနော့်မြို့လေး အတွက် တိုင်းပြည်အတွက် တတ်နိုင်သလောက်လေး လုပ်ချင်သေးတယ်။
မေး။ ။ အဲဒီလို ပြန်လည်ထူထောင်ရေး လုပ်ရတဲ့ ကာလတွေမှာ ဘယ်လို ကြိုးပမ်းခဲ့ရပါသလဲ။
ဖြေ။ ။ အဓိကကတော့ ကျနော် ထောင်ကထွက်လို့ ရှိရင် ဆိုပြီး ထောင်ထဲမှာကတည်းက စိတ်ကူးခဲ့တာပေါ့။ စိတ်ကူးယဉ်ခဲ့တာ။ ကျနော့် သားသမီးတွေ ၁၀ ယောက်လောက်ထဲမှာ မြို့ကို ချစ်တဲ့၊ တိုင်းပြည်ကို ချစ်တဲ့ သားသမီး တယောက် ၂ ယောက်လောက် တော့ ရှိကောင်း ရှိမယ်လို့ စိတ်ထဲမှာ မျှော်လင့်ခဲ့မိတာပေါ့။ အဲဒီအချိန်ကျရင် ဟိုတယ်နဲ့ ပတ်သက်တဲ့အပိုင်းတွေ၊ တချို့ စီးပွားရေးနဲ့ ပတ် သက်တာတွေ သူတို့ကိုလုပ်ကိုင်ပေးပြီး ကျနော်က ပရဟိတ လုပ်ချင်တာ။ လူမှုရေး ကိစ္စလေးတွေကို လုပ်မယ်ဆိုပြီး ရည်ရွယ် ချက်နဲ့ ကျနော်ထားခဲ့တာ။ ဒါပေမယ့် တကယ်ထောင်က ထွက်လာတဲ့ အချိန်မှာ အဲဒီလို မဟုတ်ဘူး။ ကျနော်ကလည်း ထောင်ထဲ ရောက်၊ ကလေးတွေက ငယ်သေးတော့ အားလုံးက အဲဒီလို စိတ်မျိုး မဟုတ်တော့ဘူး။ ဘာမှကို မလုပ်တတ်ကြတာ။ အခုချိန်အထိ ကျနော်က ပြောပြ ဆိုပြ သင်ပြပေးပေမယ့်လည်း အားမရသေးဘူး။ အထူးသဖြင့် အရေးကြီးဆုံးကတော့ သားသမီးတွေ အရည်အချင်း ရှိရင် ကျနော် အလုပ်ပိုပြီးလုပ်နိုင်မယ်ပေါ့။ အခုအဲဒီလို မဟုတ်တော့ အားလုံးကို ကိုယ်တိုင်ကိုယ်ကျ လုပ်နေရတယ်။ အခက်အခဲ ဆုံးကတော့ အဲဒါပါပဲ။ ကျန်တဲ့အပိုင်းကတော့ ဒီခေတ်ထဲမှာ ကောင်းလာပြီဆိုတော့ ကျနော်တို့လုပ်ချင်တဲ့ စီးပွားရေးပိုင်း ဆိုင်ရာ လေးတွေ လုပ်လို့ရတဲ့ အပိုင်းလေးတွေ ရှိလာပါတယ်။
မေး။ ။ ပြစ်ဒဏ်ကျခံရတဲ့ အကြောင်းအရင်း၊ အဲဒီကာလက အတွေ့အကြုံ ခံစားမှုနဲ့ အခုကာလ အမြင်ကို ပြောပြပေးပါ။
ဖြေ။ ။ ဒီပြစ်ဒဏ် ကျခံရတယ် ဆိုတာကတော့ ပြောမယ်ဆိုရင် အဲဒီအချိန်က အစိုးရ၊ တပ်မတော်ပေါ့လေ၊ အားလုံးကတော့ မဟုတ် ပါဘူး။ ဒီထဲကနေ နည်းနည်းပါးပါးပေါ့နော်၊ ကျနော့်ကို မကြိုက်တဲ့လူလည်း ရှိမှာပဲ။ ဒါသဘာဝပဲ လေ။ ၁ ယောက် ၂ ယောက်ပါ။ သူတို့က ကျနော့် ယောက်ဖ ဦးအောင်သိန်းနဲ့ ကျနော့်ကို အရေးယူချင်တဲ့အချိန်မှာ ပုဒ်မ တခု တော့ တပ်ရမှာဆိုတော့၊ တကယ်က ဒီအဖြစ်အပျက်က တပ်မတော် ထောက်လှမ်းရေးက ဗိုလ်ချုပ် ခင်ညွန့်တို့ကိုယ်တိုင် ရှိပါတယ်။ သူတို့လည်း သိပါတယ်။ ဒီကိစ္စက ပြောနေရင်တော့ အရှည်ကြီးပေါ့။ ဒါပေမယ့် ကျနော်ပြောချင်တာက ကျနော်တို့ တိုင်းပြည်အတွက် အများကြီး မဟုတ်ပေမယ့် တတ်နိုင်သလောက် ကျနော် လုပ်ခဲ့တာပေါ့နော်။
ကျနော်ကိုယ်တိုင် ပညာရေးကို အားပေးချင်တယ်၊ ကျနော်တို့နိုင်ငံမှာ ပညာရေးဟာ အဓိက။ Foundation ဟာ ပညာရေးပဲ။ ဒီပညာ ကို ပြည့်ပြည့်စုံစုံ တတ်မှ ကျနော်တို့နိုင်ငံ အတွက် အထောက်အကူ ပြုမယ်ဆိုတဲ့ စိတ်က ကျနော့်မှာ ရှိတယ်ဆိုတော့၊ ဒီလောက် အထိ လူပိုဖြစ်နေပြီလား ဆိုတဲ့စိတ် တခါတလေ တွေးမိတယ်၊ ကျန်တဲ့ အချိန်တော့ မတွေးမိဘူး၊ စာအုပ်ဖတ်တယ်၊ ပြီးရင် ဒီလောက် အကြာကြီးနေရလိမ့်မယ်လို့လည်း စိတ်ထဲမှာ မထား ဘူးပေါ့။ လွှတ်ရင် လွှတ်ပေးတဲ့နေ့ပေါ့၊ ဒီလောက်ပဲ စိတ်ထဲမှာ ထား တယ်။ ဝမ်းအနည်းဆုံးက ပထမဆုံး ကျနော့်ကို မှီခိုနေတဲ့လူတွေ ဒုက္ခရောက်ကုန်ရော၊ ဟိုတယ် ဆိုရင်လည်း ထိုင်းရောက်တဲ့လူ ရောက်၊ အမေရိက ရောက် တဲ့လူ ရောက် အားလုံး ကို ပြိုသွားတော့၊ ဒါတွေက ကျနော့်မှာ တာဝန်ရှိတယ်။ ကျနော်ကိုယ်တိုင် တည် ထောင်လာတာကို။ ရိုးရိုးသားသား ပြောရရင် မမေ့နိုင်ဘူး။
ဒီနေ့ ဒီအချိန်မှာ ကျနော်ပြောချင်တာက ကျနော် ထောင်ထဲရှိစဉ် စာအုပ်ဖတ်ရတဲ့အချိန် ဘာတွေတွေ့ရလည်း ဆိုတော့ ကျနော်တို့ ဗမာလူမျိုးတွေက တော်တယ်ဗျ။ ဗိုလ်ချုပ် အောင်ဆန်း မကျဆုံးခင်မှာ သခင်သန်းထွန်း တို့ အပါအဝင် အားလုံးက လူတော်တွေချည်း ပဲ။ တကယ့်ကို တိုင်းပြည်ချစ်တဲ့ စိတ်နဲ့ လုပ်နေတာလို့ ပြောလို့ရတယ်။ ထိုနည်းလည်းကောင်းပဲ တကယ့် ကိုယ့်ရဲ့ ဗမာ လူမျိုး ဆိုတဲ့ စိတ်နဲ့ တိုင်းပြည်ချစ်တဲ့ စိတ်နဲ့ တော်လှန်ရေးကြီး ဖြစ်ပေါ်လာပြီး လွတ်လပ်ရေးကို ရအောင် လုပ်ခဲ့တာတွေ ရှိတယ်။ ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးသွားပြီးတဲ့ အချိန်ကနေ စပြီး ဗမာပြည်ကွန်မြူနစ် ပါတီ သခင် သန်းထွန်းတို့ ပေါ်လာတယ်၊ သခင်စိုးတို့ ပေါ်လာ တယ်။ အဲဒီတော့ အဲဒီအထဲကနေ မြန်မာလူမျိုးအချင်းချင်း မညီညွတ်တဲ့ ဥစ္စာက ဗကပ တွေ တရုတ်ပြည်က အထောက်အပံ့ ပြုပြီးမှ လုပ်တဲ့ အလုပ်က ရှမ်းပြည်နယ်မှာဆို ကျနော်တို့ လီဆူးတွေ၊ တိုင်းရင်းသား လူမျိုးတွေဆို တအားဒုက္ခရောက်တယ်။ မြေဇာပင် ဖြစ် ခဲ့ တာပေါ့နော်။ အဲဒီကနေပြီးမှ ထိုင်းဘက် ရောက်လိုရောက်နဲ့ တကယ့်ကို ခေတ်ဆိုးကာလကြီး တခုကို ကျနော်တို့ ကျော်ဖြတ်ခဲ့ပြီးပြီပေါ့နော်။ အခုလည်း ဒီနေ့ဒီအချိန်အထိ ဗမာလူမျိုး မစည်းလုံးသေးဘူး ဆိုတာကိုတွေ့ရတာ စိတ်မကောင်းတာကို ပြောတာပါ။ ဗမာလူမျိုး စည်းလုံးမှသာ အနာဂတ်အတွက် ဒီတိုင်းပြည် ကောင်းမယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ ဒီနေ့အုပ်ချုပ်နေတဲ့ သမ္မတကြီးပဲ ဖြစ်ဖြစ် အားလုံးအတူတူ လုပ်ရင်တောင် လိုသေးတယ်၊ ပညာရှင်တွေ အများကြီး လိုသေးတယ်။ စည်းစည်းလုံးလုံးနဲ့ ညီညီ ညွတ်ညွတ် မလုပ်ရင်တော့ အများကြီး ပေးဆပ်ရဦးမှာပါ။
မေး။ ။ ဟိုတယ်လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည် အခြေအနေကိုရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျနော်ထင်တယ် ရွေးကောက်ပွဲ ပြီးမှပဲ ၊ ဒီရွေးကောက်ပွဲမှာ အေးအေးချမ်းချမ်းနဲ့ အားလုံး တည်တည်ငြိမ်ငြိမ် ဖြစ်သွားမယ် ဆိုရင်တော့ ဟိုတယ် လုပ်ငန်းတွေ အနေနဲ့ ကျနော်တို့ နိုင်ငံမှာ အများကြီး လုပ်ရဦးမှာပါ။ ကျနော်တို့ မိုးကုတ် ဆိုရင်လည်း ပြော မယ် ဆိုရင် ဟိုတယ် တခု တိုးလာတယ်။ ကျနော်ကတခု။ ဒါမှတပါး ကျန်တဲ့ ဥစ္စာတွေက နည်းနည်း နိမ့်နေသေးတယ်။ ကျနော် က ဒီထက်မက လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့မြို့ကို နိုင်ငံခြားသားလာရင် အထင်မသေးတော့ဘူး။ ဒါကြောင့် မို့လို့ မြို့ခံတွေအနေနဲ့ အားစိုက်ပြီးတော့ လုပ်စေချင်တယ်။
ရွေးကောက်ပွဲပြီးရင်တော့ ရလဒ်အပေါ်မှာ အကောင်းအဆိုး ဆိုတာ ဖြစ်လာမယ်။ သို့သော်လည်း ကျနော်က သုံးသပ်တာကတော့ ဒီထက် ဆိုးစရာတော့ မရှိဘူးလို့ပဲ အောက်မေ့ပါတယ်။
မေး။ ။ လက်ရှိအခြေအနေအရ အခုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ အရင်ထက်စာရင် ပြောင်းလဲတိုးတက်မှု ဘယ်လိုရှိလာ သလဲ။
ဖြေ။ ။ ဟိုတယ်ကတော့ အရင်ထက်စာရင် ကောင်းတယ်။ အရင်တုန်းကတော့ ဒီမိုးကုတ် ဆိုရင် မြန်မာ့စီးပွားရေး ဦးပိုင်ကနေမှ၊ သူတို့ဆီ တင်ရတယ်။ သူတို့ကနေ ခွင့်ပြုတဲ့အမိန့်ကို ကျနော်က ယူရတာကိုး။ ယူရတဲ့ အချိန်မှာ အခက်အခဲလေးတွေ အများကြီး ရှိသွားတယ်။ Tourism အပါအဝင် အားလုံး မိုးကုတ်ကို နိုင်ငံခြားသား လာလည်တာရော မြန်မာ့စီးပွားရေး ဦးပိုင်က ယူထားတာလေ။ အဲဒီတုန်းက အခက်အခဲ ရှိတယ်။ အခုကတော့ ဟိုတယ်နဲ့ ခရီးကနေ တာဝန်ယူပြီး လုပ်ပေးနေတယ်။ အရင်ခေတ်ထက် အများကြီး ကောင်းပါတယ်။ လိုအပ်တာလည်း အများကြီးရှိပါတယ်။ ဥပမာ နိုင်ငံခြားသားတွေ ဒီကိုလာချင်ရင် ချက်ချင်းတော့ မရဘူး။ ရက်လေးတွေ စောင့်ရတာတော့ ရှိတာပေါ့။ အဲဒါလေးတခုကတော့ နောင် တဖြည်းဖြည်းနဲ့ ရွေးကောက်ပွဲပြီးရင်တော့ အားလုံး ပြေလည် သွားမယ်လို့ ကျနော် ထင်ပါတယ်။
မေး။ ။ Tourism နဲ့ ပတ်သက်တာရော ဘယ်လို မြင်လဲ။
ဖြေ။ ။ Tourism နဲ့ ပတ်သက်တာ ကျနော်တို့ နိုင်ငံမှာ အများကြီး လုပ်ရဦးမယ် ထင်တယ်။ တခုရှိတာက အရင်တုန်းက မိုးကုတ် ဆိုလို့ ရှိရင် အပေါ်မှာ လူကြီးတွေ တချို့ တွေးတာလေးတွေက နည်းနည်းချော်နေလို့ပါ။ ဘယ်လို ချော်နေလဲဆိုတော့ မိုးကုတ် လာ လို့ ရှိရင် ဒီက ခိုးကျောက် တွေ ရောင်းလိုက်လို့ နိုင်ငံခြားသားတွေ ဝယ်သွားဦးမယ် ဆိုတဲ့ သူတို့ စိတ်က ပူပန်တာရှိတယ်။ သူတို့ ပူပန်တာ မှားနေတယ်။ တကယ်ခိုးရောင်းမယ် ဆိုရင် ထိုင်းနိုင်ငံလည်း ရှိတယ်။ ကျနော်တို့ မိုးကုတ် ကျောက် မပြောနဲ့ ဟိုကျောက် စိမ်းတွေ ဆင်ထက် မက ကြီးတဲ့ဟာတောင် တရုတ်ပြည်မှာ ရောင်းနေတယ်။ ကျနော်တို့ ရွှေလီ သွားကြည့်လိုက်ရင် တော်ရုံတန်ရုံ မမနိုင်တဲ့ ပေ ၄၀ – ၅၀ အတုံးကြီးတွေတောင် ရောက်နေတာ။ တကယ်တမ်း မှောင်ခိုလုပ်မယ် ဆိုရင်တော့ ဒီမြို့မှာ လုပ်စရာကို မလိုပါဘူး။ အဲဒီမှာ နည်းနည်းလေးလွဲနေတယ်။ ကျနော်ကတော့ အဲဒါလေးတွေကို အခုနောက် လူတွေကတော့ နားလည်မယ် လို့ သုံးသပ်ပါတယ်။
နောက်ပြီး ကျနော်တို့ နိုင်ငံမှာ လူနေမှု အဆင့်အတန်းအနေနဲ့ အတော်နိမ့်သေးတယ်။ အခုကတော့ ပိုပြီးတော့တောင် နိမ့်တယ်လို့ ပြောရမယ်။ ဥပမာ ထိုင်းမှာ ခရီးဝေးတခုကို သွားတယ်ပေါ့၊ သွားတဲ့နေရာမှာ ဘယ်နေရာပဲရောက်ရောက် သူတို့ မိလ္လာ စနစ်လေးတွေက တအားကောင်းတယ်။ စားသောက်ဆိုင်ပဲ ဖြစ်ဖြစ်၊ လမ်းမှာ၊ လမ်းဘေးပဲ ဖြစ်ဖြစ် သူတို့လုပ်ထားတဲ့ မိလ္လာစနစ်တွေက လူနေမှု အဆင့်အတန်း တခုကို ဖော်ပြတယ်။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ လူနေမှုအဆင့်အတန်းကတော့ အဓိက အိမ်သာ မိလ္လာစနစ် အရေးကြီးတယ်။ ကျနော်တို့ နိုင်ငံကိုလည်း အဲဒီလိုမျိုးဘဝကို ရောက်စေချင်တယ်။
အခု လောလောဆယ်တော့ ကျနော့် ဟိုတယ်မှာ လာလည်တဲ့ နိုင်ငံခြားသားက ပြင်သစ်က များတယ်။ နှစ်စဉ်လာတာ ပြင်သစ်က အများဆုံးပဲ။ တချို့လည်း လာချင်တယ်၊ ဒါပေမယ့် အချိန်မရဘူး။ ဥပမာ သူတို့က ဗမာပြည်ကို တပတ် လည်မယ်၊ အင်းလေးကို သွားတယ်၊ ပုဂံသွားတယ်၊ ပြီးရင် မိုးကုတ် သွားချင်တယ်ဆို ဗီဇာ ကိစ္စက အခက်အခဲ ရှိတယ်။ ဒါပေမယ့် ဝန်ကြီးဌာနက အတတ်နိုင် ဆုံး လုပ်ပေးပါတယ်။ သို့သော်လည်း တချို့တချို့ ဥပဒေကြောင်းဆိုင်ရာ အခက်အခဲလေးတွေ ရှိလို့ ဆိုပြီး ဒီလိုပဲ ကျနော်တို့ သုံးသပ် ပါတယ်။ အဲဒါနဲ့ နိုင်ငံခြားသားတွေက သူတို့ရဲ့ ကျန်တဲ့ရက် ၂ ရက် ၃ ရက်လေးကို ဒီမိုးကုတ်ကို လာချင်ပေမယ့် မလာဖြစ် တော့ဘူး။ မလာဖြစ်တဲ့အတွက် ဒီအတွက်တော့ နစ်နာတာပေါ့။ ကျနော့် ဟိုတယ်လုပ်ငန်း အနေနဲ့တော့ အဆင်ပြေပါတယ်။ ဝန်ထမ်းတွေကို သူ့ဟာနဲ့သူ လစာတော့ ပေးနိုင်ပါတယ်။ သိပ်တော့ အမြတ်ကြီးတော့ မဟုတ်ဘူးပေါ့။
မေး။ ။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တယောက် အနေနဲ့ ခံယူချက်နဲ့ ရပ်တည်ချက်ကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်က ပင်ကိုမွေးရာပါလို့ပဲ ပြောရမှာပေါ့၊ ပင်ကို ပရဟိတစိတ်ရှိတယ်။ ကျနော့်စိတ်မှာလည်း ကျနော့်မြို့ကို ကူညီပေးချင် တယ်၊ မြို့ကို တိုးတက်စေချင်တယ်၊ ကျနော်က ဒီမြို့ကနေ ဖြစ်လာတဲ့ အတွက်။ ကျနော် မွေးတာကတော့ မြစ်ကြီးနားမြို့မှာ။ ၅ နှစ် သားလောက် အရွယ်မှာ ဒီပြောင်းလာတယ်။ သို့သော်လည်း ကျေးဇူးတရားအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီမိုးကုတ်သူ မိုးကုတ်သား တွေရဲ့ ကျေးဇူးတွေ ရှိပါတယ်။ ဘယ်တော့မှ ကျနော် မမေ့ဘူး။ ဒီကျေးဇူးတွေကို ဆပ်ဖို့ ဒီနေ့ဒီအချိန်အထိ စဉ်းစားနေတယ်။ ဘယ် လောက်ပဲ ဆိုးချင်ဆိုးပစေ၊ နောက်ဆုံးသေတဲ့အထိ ဒီနိုင်ငံ ဒီမှာပဲ နေသွားချင်တယ်။ အဲဒီလို စိတ်မျိုး။ ကျန်တာကတော့ ကျနော်တို့နိုင်ငံရဲ့ အခြေအနေက အရင်ထက် စာရင် နည်းနည်းချင်း နည်းနည်းချင်း ပြောင်းနေပြီ၊ အရင်အစိုးရထက်စာရင် အခုအစိုးရက လည်း အများကြီး ကောင်းနေပြီလို့ ပြောလို့ရတာပေါ့နော်။ ဒီကောင်းတဲ့ အပေါ်မှာ အခြေပြုပြီးမှ နိုင်ငံတော် အစိုးရဘက်ကနေ ပိုပြီး ထက်မြက်တဲ့ ခေါင်းဆောင်တွေ ပေါ်ထွန်းလာပြီး တနိုင်ငံလုံး အတိုင်းအတာ အရပေါ့လေ။ ဥပမာ ကျနော်တို့ မိုးကုတ်မြို့အနေနဲ့ မိုးကုတ် ကျောက်ကို အခြေခံပြီး လုပ်ရတော့ ဘာတွေသွားတွေ့ရလဲ ဆိုတော့ မြန်မာ့ စီးပွားရေး ဦးပိုင် အနေနဲ့ ကျောက်မျက် ကဏ္ဍ လုပ်ကွက်တချို့ကို သူတို့ ယူလိုက်တာလေးတွေ ရှိတယ်၊ အဲဒီအတွက် ကျနော်တို့ ဒီမှာလုပ်ကိုင်နေတဲ့ သူတွေ၊ အလုပ်သမားတွေက အစ အလုပ်လက်မဲ့ ဖြစ်ကုန်တာ ရှိတယ်။ ဒုတိယတခုက ကျနော် ထောင်ထဲရောက်ပြီးတဲ့ အချိန်မှာ အကျိုးတူဆိုတာ ပေါ်လာတယ်။ နောက် သိပ္ပံနဲ့ နည်းပညာဆိုတာ ပေါ်လာပြန်ရော၊ ပေါ်လာတော့ နယ်မြေက ကျဉ်းသွားတယ်။ ကျနော့်အနေနဲ့ ဘယ်ဟာပဲ ဖြစ်ဖြစ် ပေါ့၊ အကောင်းဆုံးအနေနဲ့ မြို့သူမြို့သားတွေကို နောက်ဆုံး အဆင်းရဲဆုံးသူတွေကို ဦးစားပေးပြီးတော့မှ လုပ်သင့်တယ်လို့၊ ပြီး တော့ တယောက်ချင်းစီ ရဲ့ အခွင့်အရေးလေးတွေကိုလည်း နောင် တဆင့်တဆင့် လုပ်ပေးစေချင်တယ်။
မကြာသေးခင်က ကျနော်တရုတ်ပြည် ရောက်သွားတဲ့အခါ ကျနော်တို့ နိုင်ငံနဲ့ တအားကွာနေတယ်။ ကိုယ့် နိုင်ငံဘက်ပြန် လာတဲ့ အချိန်မှာ စိတ်မကောင်း ဖြစ်မိတယ်။ အဲဒီတော့ စိတ်မကောင်း ဖြစ်မိတဲ့ အထဲကနေပြီးမှ နောင်တက်လာမယ့် နိုင်ငံတော် အကြီး အကဲ တွေရဲ့လမ်းကို အခြေခံပြီးမှ သူများတိုင်းပြည်ထက် ကိုယ့်တိုင်းပြည်ကို သူတို့ထက် မကျော်ရင်တောင် သူတို့ထက် မနိမ့် အောင် ကျနော်တို့ အများကြီး ကြိုးစားရဦးမယ်။ တရုတ်ပြည်ဆိုရင် ကျနော်ရောက်ခဲ့တဲ့ နေရာတွေမှာ ကျနော်တို့ လူမျိုးတွေ အများကြီး တွေ့ရတယ်။ ထိုင်း ဆိုရင် မပြောနဲ့တော့ နှစ်ပေါင်းများစွာ ကျနော်တို့ နိုင်ငံကို အညွန့်ချိုးစားလာတာ နည်းတဲ့နှစ် မဟုတ်တော့ ဘူး။ အဲဒီ ဒဏ်ရာဒဏ်ချက်တွေ၊ သယံဇာတတွေ၊ ထိုင်းနဲ့ နီးစပ်တဲ့ နယ်စပ်မှန်သမျှ ဘာသစ်ပင်မှ မရှိတော့ဘူး။ အင်မတန်မှ ဝမ်း နည်းစရာ ကောင်းတယ်၊ တရုတ်ပြည်မှာဆိုရင်လည်း သူတို့ ဘက်မှာ သစ်ပင်တွေချည်းပဲ။ ကျနော်တို့က သယံဇာတ ဆုံးရှုံးတဲ့အပြင် အင်မတန်မှ ရှားပါးတဲ့ ငှက်တွေ၊ သတ္တဝါမျိုးနွယ်စုတွေ အားလုံး သူတို့ကခေါ်သွားတယ်။ ဝယ်စရာတောင် မလိုဘူး၊ နေစရာ မရှိလို့ သူတို့ပြည်ထဲ သွားခိုလှုံနေရတယ်။ အဲဒါတွေကိုကြည့်ခြင်းအားဖြည့် ဘယ်လိုလုပ်ကြမလဲပေါ့။ နောင်အနာဂတ် တိုင်းပြည်ကို တာဝန် ယူမယ့် ဒီရွေးကောက်ပွဲပြီးရင် ကျနော့်အနေနဲ့တော့ အထူးသဖြင့် ဂဃနဏ ခေါင်းဆောင်ကောင်း တယောက် ပေါ်လာဖို့တော့ လိုမှာပေါ့။ တိုင်းပြည်ကို ချစ်တဲ့ခေါင်းဆောင်ကောင်း တယောက်ပေါ်လာမှပဲ ကျနော်တို့ နိုင်ငံ လမ်းကြောင်းတခုကို ရောက်မယ်။ သူများနိုင်ငံကို ကျော်ဖြတ်ဖို့ ဆိုတာကတော့ အများကြီး လိုသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခြေခံအားဖြင့် နှစ်ပေါင်းများစွာ တာဝန်ယူလာတဲ့ နားလည်လို့ပဲ ဖြစ်ဖြစ်၊ နားမလည်လို့ပဲဖြစ်ဖြစ် အားလုံး ရောရောသောသောနဲ့ တာဝန်ယူရတဲ့အချိန်မှာ သူများနိုင်ငံ က အဲဒီလို မဟုတ်ဘူး။ ကျနော်တို့ ကျောက်ဝယ်သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင် ကျင်နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert(ကျွမ်းကျင်သူ)ဖြစ်ဖို့တော့ လိုတာပေါ့။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သူ့ဟာနဲ့သူ တာဝန်ယူနိုင်တဲ့ Foundation တခုရမှသာ ကျနော်တို့ တိုင်းပြည်အတွက် ကောင်းမယ်လို့ ကျနော် ခံစားမိတယ်။
မေး။ ။ လက်ရှိကျင့်သုံးနေတဲ့ တိုင်းပြည်ရဲ့ စီးပွားရေးစနစ်နဲ့ စီးပွားရေး အခြေအနေ ဒီထက်ပိုကောင်းဖို့ကိုရော ဘာပြောချင်သလဲ။
ဖြေ။ ။ တပ်မတော်ပိုင်းမှာလည်း သူ့ဟာနဲ့သူ အရည်အချင်းရှိတဲ့လူ ရှိကောင်းရှိမယ်။ ဥပမာ တရုတ်ပြည် ကွန်မြူနစ်ပါတီဆို ဟိုတုန်း က အရပ်ဘက်ကနေ အုပ်ချုပ်လာတာ။ သူတို့က ကျေးရွာအဆင့်ကနေပြီးမှ တဆင့် မြို့နယ်၊ မြို့နယ်ကနေပြီးမှ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ နားလည်မယ်၊ အဲဒီကနေပြီးတော့မှ သူတို့က စီးပွားရေး ဆိုလည်း သူတို့ ဦးနှောက်ထဲမှာ စပြီး တည်ထောင်လာကတည်းက ရှိနေတာ။ ကျနော်တို့ နိုင်ငံကျတော့ မဆလ ပြိုသွားတဲ့ အချိန်မှာ တပ်မတော်က တာဝန်ယူရတဲ့ အချိန်ကျတော့ တကယ်တမ်းကို ပညာရှင်တွေက နောက်ပိုင်းမှာ မရှိသလောက်ကို ဖြစ်သွားတယ်။ အဓိက ပြဿနာ က အဲဒါပဲ။ ဘယ်ဟာဖြစ်ဖြစ် လုပ်ငန်းကို ကျွမ်း ကျွမ်းကျင်ကျင်နဲ့ အတွေ့အကြုံရှိတဲ့လူတွေ များများရှိမှ သူများကို ကျနော်တို့လိုက်နိုင်မှာ။ ဥပမာ ထိုင်းဆိုရင် အာဏာသိမ်းလည်း အောက်ခြေမှာ Foundation က ရှိပြီးသား။ ပြဿနာမရှိဘူး။
ကျနော်တို့ကကျတော့ တပ်မတော်က တာဝန်ယူတဲ့အချိန် အစအဆုံး တာဝန် ယူရတာကို။ ဌာနတိုင်းမှာ တာဝန်ယူရတဲ့အချိန်မှာ တချို့ကျတော့ အခြေခံကောင်းတဲ့လူ၊ တချို့ကျတော့လည်း အတွေ့အကြုံမရှိတဲ့အခါကျတော့ ဒီယန္တရားကြီးကို လည်ပတ်ဖို့ဆိုတာ တော်ရုံတန်ရုံ အံဝင်ခွင်ကျ မဖြစ်နိုင်ဘူး။ နောက် အစိုးရ အနေနဲ့လည်း ခေါင်းစားမှာက ရခိုင်ကိစ္စ။ ဒီကိစ္စက မရှင်းလို့လည်း မရဘူး။ ရှင်းရင်လည်း ဘယ်လိုရှင်းမလဲ ဆိုတာ။ အင်မတန် ခက်ခဲတဲ့ကိစ္စ။ တော်တော်ကို နက်နဲတယ်။
ကျနော်တို့က စီးပွားရေးရော၊ နိုင်ငံရေးရော။ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေလည်း အခုထက်ထိ လုပ်တော့ လုပ်နေ တယ်။ မပြီးသေးဘူး။ ဒါပေမယ့် အပစ်အခတ် ရပ်စဲရေးထက် ဆိုးတာ ဒီ ရခိုင်ကိစ္စ။ နောင် တက်လာမယ့် အစိုးရအတွက် မလွဲမသွေ ရင်ဆိုင်ရမယ့်ကိစ္စ။ နာမည်ပျက်စရာ ရှိလည်း ပျက်နိုင်တယ်။ အတော် သတိထားရမယ့် ကိစ္စ။ မရှင်းလို့ ရှိရင်လည်း ကျနော်တို့ တိုင်းပြည်က၊ ကျနော်က ဘာ စိုးရိမ်လဲဆိုလို့ရှိရင် အပြစ်မဲ့တဲ့လူတွေ ထိခိုက်နိုင်တယ်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း ကမ္ဘာလှည့် ခရီး သွား လာမယ်တို့ ဘာတို့ ဒါတွေက အိပ်မက် ဖြစ်သွားမယ်။ တိုင်းပြည်အတွက် စီးပွားရေး အခြေခံကောင်းများ အန္တရာယ်ရှိတယ်။ အဲဒါ လူကြီးတွေအနေနဲ့ အလေးအနက်ထားပြီးတော့မှ အခုကတည်းက အသေအချာ စနစ် တကျ ကိုင်တွယ်နိုင်ဖို့ အရေးကြီးတယ် လို့ ကျနော် ခံစား မိတယ်။ သူတို့လည်း စဉ်းစားထားပြီး ဖြစ်ရင် ဖြစ်မှာပါ။ ။