မြန်မာနိုင်ငံရှိ နိုင်ငံရေး ပါတီများတွင် သက်တမ်း အရှည်ကြာဆုံး သမိုင်းဝင် ပါတီ ဖြစ်သည့် ဗမာပြည် ကွန်မြုနစ် ပါတီ (ဗကပ) သည် ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်က ၇၅ နှစ်မြောက်ခဲ့ပြီဖြစ်သည်။ ဗမာပြည် ကွန်မြုနစ် ပါတီ (ဗကပ)နှင့် ပတ်သက်သည့် အတွေ့အကြုံများ၊ သဘောထား အမြင်များကို တချိန် က ဗကပ အဖွဲ့ဝင်ဟောင်း ဖြစ်ခဲ့သည့် စာရေးဆရာ သန်းစိုးနိုင် အား ဧရာဝတီမှ ကိုစိုး(နိုင်မောင်)က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
စာရေးဆရာ သန်းစိုးနိုင်သည် ၁၉၇၀ ခုနှစ် ကစတင်၍ ဗကပ နှင့် ဆက်စပ်ပတ်သက်ပြီး နိုင်ငံရေး လှုပ်ရှားမှုများ လုပ်ကိုင်ခဲ့သူ ဖြစ် သည်။ ၁၉၇၄ ခု ဦးသန့်အရေးခင်း အပြီးနောက်ပိုင်း အလုပ်သမား အရေးအခင်းအတွင်း ပါဝင်ခဲ့မှုကြောင့် ထောက်လှမ်းရေးက လိုက်ဖမ်းသည့် အတွက် တောထဲရောက်သွားသည်။ ၁၉၇၅ ခုနှစ်မှ ၉၀ ပြည့်နှစ်အထိ ဗကပ လွတ်မြောက်နယ်မြေတွင် နေထိုင်ခဲ့ သည်။ ၉၀ ပြည့်နှစ်တွင် အထိန်းသိမ်းခံခဲ့ရသည်။ ၉၄ ခုနှစ်အကုန်၌ ပြည်တွင်းသို့ ပြန်လာခဲ့သည်။ ဗမာပြည် ကွန်မြူနစ် ပါတီတွင် ၄၀၄၆ တပ်ရင်း နိုင်ငံရေးမှူး နှင့် တပ်ပေါင်းစု လုပ်ငန်း တာဝန်ခံအဖြစ် အလယ်ပိုင်း ဗျူရို၌ တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
လက်ရှိ အချိန်တွင် နိုင်ငံရေး လေ့လာသူ တဦးအနေနှင့် ဆောင်းပါးများ၊ စာအုပ် စာတမ်းများ ရေးသားလျက် ရှိသည်။
မေး။ ။ အခုအချိန်မှာ စာရေးဆရာ တယောက်လည်း ဖြစ်နေပြီဆိုတော့ နှစ် ၂၀ လောက် ဖြတ်သန်းခဲ့ရတဲ့ ကွန်မြူနစ် တယောက်ရဲ့ ဘဝကို ဘယ်လို ပြန်မြင်မိပါသလဲ။ အခုအချိန်အထိရော ကွန်မြူနစ် ဝါဒအပေါ် ဘယ်လို သဘောထား ရှိပါသလဲ။
ဖြေ။ ။ ကွန်မြူနစ်တယောက်အနေနဲ့ ဘဝကို အနှစ် ၂၀ ဖြတ်သန်းခဲ့ရတဲ့နေရာမှာ တိုင်းပြည်အတွက် ကောင်းတယ်လို့ ယူဆလို့ ယုံယုံကြည်ကြည်နဲ့ ဖြတ်သန်းခဲ့တာ ဖြစ်တဲ့အတွက် ပံ့ပိုးပေးခဲ့ရတာတွေ၊ စွန့်လွှတ်ခဲ့ရတာတွေ၊ ဝမ်းနည်းကြေကွဲခဲ့ရတာတွေ များစွာရှိခဲ့သော်လည်း မတူတဲ့အတွေ့အကြုံတွေ ဖြတ်သန်းခွင့်ရခဲ့တယ်လို့ မြင်မိတဲ့အတွက် ကြေကွဲဝမ်းနည်းမှု မရှိပါဘူး။ ကျနော်အဲ့ဒါကို ကျေနပ်တယ်လို့ပဲ ပြောချင်ပါတယ်။
အခုအချိန်အထိတော့ ကွန်မြူနစ်ဝါဒအပေါ် ဘယ်လိုသဘောထားရှိလဲ ဆိုဒါနဲ့ပတ်သက်လို့ကတော့ ကျနော်ထုတ်ထားတဲ့ စာအုပ်ရှိပါတယ် “အနားသတ်မဲ့ မိုးကောင်းကင်”စာအုပ်ပါပဲ။ ကွန်မြူနစ်ဝါဒက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်းနဲ့ ဆက်လက်ပြီးတော့ သဏ္ဌာန် တမျိုးနဲ့ ရှင်သန် နေဦးမယ်လို့ ကျနော် ယူဆပါတယ်။
မေး။ ။ ဗမာပြည် ကွန်ဖြူနစ် ပါတီနဲ့ စင်ပြိုင် ပါတီ ထောင်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလား။
ဖြေ။ ။ ကျနော် ဗမာပြည် ကွန်မြူနစ်ပါတီနဲ့ စင်ပြိုင်ထောင်ဖို့ ကြိုးစားခဲ့တာ မဟုတ်ပါဘူး၊ ပါတီပြိုကွဲပြီးတဲ့နောက် ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့က ဆုံးဖြတ်ချက်တခုထွက်လာပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ကတော့ ရဲဘော် တယောက် ကို တရုတ်ငွေ ၅၀၀ စီပေးပြီးတော့ သင်တို့သွားလိုရာ သွားနိုင်ပြီဆိုပြီးတော့ မောင်းထုတ်လိုက်ပါတယ်။ အဲ့ဒီလိုမျိုး ကျနော် တို့ကို ပါတီထဲကနေ တွန်းထုတ်တာကို မူအရ ကျနော်တို့လက်မခံပါဘူး။ နောက်တချက်ကတော့ ကွန်မြူနစ်ပါတီသမိုင်းမှာ မကြုံဘူးလောက်တဲ့ နိုင်ငံ့တကာအကူအညီ ကြီးကြီးမားမား ရခဲ့တဲ့ကွန်မြူနစ်ပါတီ၊ နောက်ပြီးတော့ ပြည့်သူ့တပ်မတော်ဆိုတဲ့ အဆောက်အအုံကြီးတွေ တည်ဆောက်ပြီးတော့ လွတ်မြောက်တဲ့ ဒေသကို နှစ် ၂၀ လောက် ကျနော်တို့ ကာကွယ်ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီအခြေအနေ တရပ်လုံး ပြိုကွဲသွားအောင် လုပ်သွားတဲ့ ဗဟိုကော်မတီကို ဖျက်သိမ်းပေးဖို့ ကျနော်က တောင်းဆိုတာပါ။ နောက် တတိယအချက်ကတော့ တော်လှန်ရေးဆက်လုပ်မယ့် ရဲဘော်တွေ စုစည်းပြီးတော့ ကျနော်တို့ ညီလာခံတခု ကျင်းပမယ်၊ အဲ့ဒီကနေပြီးတော့ လမ်းစဉ်ပေါ်လစီတခုချပြီးတော့ ခေါင်းဆောင်သစ်ကို ပြန်ဖွဲ့ပြီး တော်လှန်ရေးကို ဆက်လုပ်ဖို့ ကျနော်တိုက်တွန်း တာပါ။
ကျနော်တိုက်တွန်းတယ်ဆိုတာ အဲ့ဒီတုန်းက ကျနော်နဲ့အတူ စွန့်ပယ်ခံထားရတဲ့ ရဲဘော် ၇၀ ကျော်ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ကြင် မောင် က အဲ့ဒါကို လက်မခံခဲ့ပါဘူး၊ ပေါ်လစ်ဗျူရို အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျနော်တို့ မနာခံနိုင်တော့ဘူး၊ ကျနော်တို့လိုအပ်လို့ရှိရင် တော်လှန်ရေးဆက်လုပ်ဖို့ ပါတီတရပ် ထူထောင်ရလိမ့်မယ်လို့ သဘောထားတဲ့ အကြောင်း ကျနော်ကပြောလိုက်ပါတယ်။ အဲ့ဒီပြောဆိုချက်ကို အကြောင်းပြုပြီးတော့ ကျနော်တို့ကို တရုတ်ပြည်ကနေ မောင်းထုတ်ပြီးတော့ ပန်ဆိုင်းမြို့ ကချင်-၃ စစ်ကြောင်း ၂ ကို တရုတ်ပြည်သူ့ တပ်မတော်ကနေတဆင့် ဖမ်းပြီး အပ်လိုက်ပါတယ်။ အဲ့ဒီတော့ကျနော်တို့က ကွန်မြူနစ်ပါတီကို စင်ပြိုင် တည်ထောင်တာ မဟုတ်ပါဘူး၊ သူတို့က ကျနော်တို့ကို ထုတ်ပစ်တဲ့အပြင် ရန်သူ့ထံ အပ်ခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ ကွန်မြူနစ် ဝါဒကို ဘုရားမဲ့ ဝါဒ၊ အဖျက်အမှောက် သမားတွေ၊ အန္တရာယ် ရှိတယ် ဆိုတဲ့ စွဲချက်တွေ နဲ့ လူ့အဖွဲ့အစည်း ကနေ ဖယ်ထုတ်ဖို့အထိ ဝေဖန်ပြောဆို တာမျိုးတွေရှိတာကို သိခဲ့ရပါတယ်။ ကွန်မြူနစ် ဖြစ်ခဲ့ဖူးသူ တယောက်အနေနဲ့ ဘယ်လို ပြောချင် ပါသလဲ။
ဖြေ။ ။ ဒါနဲ့ပတ်သက်လို့တော့ ကွန်မြူနစ်ဝါဒဟာ ဘုရားမဲ့ဝါဒဆိုတာကတော့ ဗုဒ္ဓဝါဒ တောင်မှပဲ ဖန်ဆင်းရှင်ကိုလက်မခံတဲ့ ဘုရားမဲ့ဝါဒ တမျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျန်တဲ့ ကိစ္စတွေကတော့ အဓိကအားဖြင့် ဖဆပလ အစိုးရကနေ ကွန်မြူနစ် ပါတီကို သရုပ်ဖျက် ဝါဒဖြန့်ခဲ့တာပါ။ ကျနော်တို့ တိုင်းပြည်က ဗုဒ္ဓဘာသာတိုင်းပြည်ပါ။ အဲ့ဒီတော့ ကျနော်တို့ ဘယ်အယူဝါဒကိုပဲဖြစ်ဖြစ် သူ့သက်ဆိုင်ရာ တိုင်းပြည်ရဲ့ ပြည်သူလူထုရဲ့ယုံကြည်ကိုးကွယ်မှုကို ထိပါးလို့မရပါဘူး။ ဒါတွေကိုကျနော်တို့က လူထု သဘောပေါက်အောင်၊ နားလည်အောင် ကျနော်တို့ ကိုယ်တိုင်က ပျော့ပြောင်းစွာ ပြဿနာတွေကို တင်ပြဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အဲ့ဒီဘက်မှာလဲ ကျနော်တို့ကွန်မြူနစ်ပါတီအနေနဲ့ ချွတ်ယွင်းချက်ရှိပါတယ်။ ဘာသာတရားဆိုတာ ကမ္ဘာ့လူထုကြီးရဲ့ ဘိန်းဖြစ် တယ် ဆိုတဲ့ စကားလုံးကို ကျနော်တို့ အခြေအနေနဲ့ ဘယ်လို ပေါင်းစပ်နားလည်ရမလဲဆိုတာကို ကျနော်တို့မှန်ကန်စွာ မကျင့်သုံးနိုင်ခဲ့ပါဘူး။
မေး။ ။ ၁၉၇၀ ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြုတ်၊ ထုတ်၊ သတ် လမ်းစဉ် နဲ့ ဖြစ်ရပ် အပေါ်ကိုရော ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ အမှန်တော့ ဒီကိစ္စမှာ ကျနော်တို့ နိုင်ငံ့တကာ အကြောင်းချက်နဲ့ ပြည်တွင်းအကြောင်းချက် တချို့ရှိပါ တယ်။ ဒီလမ်းစဉ်ဟာ မှားပါတယ်၊ ကျနော်တို့ပါတီရဲ့ မူအရပြောရင် ပါတီ တည်ေဆောက်ရေးလမ်းစဉ် မှားတယ်၊ ပါတီ တည်ဆောက်ရေး လမ်းစဉ်ဆိုတာ ကိုယ့်ပါတီဝင်တွေကို ကိုယ့်ရဲဘော်တွေကို ရဲဘော်စိတ် ထားရမယ့်အစား ဖြုတ်တယ်၊ သတ်တယ် ဆိုတဲ့ လမ်းစဉ်အထိ ကျင့်သုံးခဲ့ တာ အလွန်မှားပါတယ်။ ဒီအမှားကြောင့်လည်း ပဲခူးရိုးမနဲ့ တခြားကျန်ဒေသ တော်တော်များများ အထူးသဖြင့် မြစ်ဝကျွန်းပေါ် အခြေခံ ဒေသများ ဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ရတဲ့အကြောင်းအရင်းက နိုင်ငံတကာ အကြောင်းအချက်အရ တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေးဖြစ်နေချိန် ဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ ကွန်မြူနစ်ဝါဒရဲ့ အစွန်းရောက်တဲ့ လှုပ်ရှားမှုတခုလို့ ကျနော်က ယူဆပါတယ်။ နောက်အဲ့ဒီ အယူအဆတွေကို သယ်ဆောင်လာတာကလဲ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကာလမှာ တရုတ်ပြည်က ပြန်လာတဲ့ ရဲဘော် တော်တော်များများက သယ်ဆောင်လာတာ ဖြစ်ပါတယ်။ အဲ့ဒီလိုသူတို့တတွေ ရောက်လာချိန်မှာ တရုတ်ပြည် ယဉ်ကျေးမှု တော်လှန်ရေးမှာ လုပ်သလို ပါတီထဲမှာ ဓနရှင် လူတန်းစား ကိုယ်စားလှယ်တွေရှိတယ်။ အဲ့ဒီလူတန်းစားတွေကိုဖြုတ် ထုတ်တာ လုပ်ရမယ်လို့ ယူဆခဲ့ကြပြီးတော့ ဖြုတ်တာ၊ ထုတ်တာတွေလုပ်ခဲ့ပါတယ်။ ဒါပေမယ့် တောထဲမှာ ထောင်မရှိတော့ ကျနော် တို့ ဆီမှာ သတ်တဲ့အထိ အလွန်အကျွံ ဖြစ်သွားပါတယ်။
မေး။ ။ အဲဒီလို သတ်တာနဲ့ပတ်သက်ပြီးတော့ ၁၉၄၈ လောက်က တောခိုခဲ့ပြီး ဗမာပြည် ကွန်မြူနစ် ပါတီကို ဝင်ရောက်ခဲ့တဲ့ ဘာသာဗေဒနဲ့ သမိုင်း ပညာရှင် ဆရာ မင်းလတ်ရဲခေါင် တောတွင်းတနေရာမှာ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကိုရော ပြောပြပေးပါလား။
ဖြေ။ ။ အကြမ်းဖျဉ်းပြောရမယ်ဆိုရင်တော့ သူနဲ့ ဗဟိုကော်မတီနဲ့ ကွဲလွဲတာကတော့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ပါပဲ။ သခင် ဗသိန်းတင် တို့ ဗဟိုကော်မတီက တရုတ်ပြည်ကို အခြေပြုဝင်လာတဲ့အတွက် သူတို့က ပါတီရဲ့ တိုင်းရင်းသားလမ်းစဉ်နဲ့ ပတ်သက် တဲ့နေရာမှာ ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ သဘောထားမရှိပါဘူး။ တရုတ်ပြည်ရဲ့ပေါ်လစီဖြစ်တဲ့ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး မူဝါဒကိုပဲ ကျင့်သုံးဖို့ သဘောထားရှိပါတယ်။ အဲ့ဒီအယူအဆကွဲလွဲမှုက တော်တော်လေး ပြင်းထန်လာပါတယ်။ အဲ့ဒီအခါမှာ နောက် ဆုံး ယဉ်ကျေးမှု တော်လှန်ရေးကာလလည်း ဖြစ်နေတဲ့အခါကျတော့ ဆရာမင်းလတ်ရဲခေါင်က ပန်ဆိုင်းမှာ အဲ့ဒီမူဝါဒတွေကို တိုက်ဖျက် ရမယ်ဆိုတဲ့ စာလုံးကြီး ပိုစတာ ရေးပါတယ်။ အဲ့ဒီအခါမှာသူ့ကို ဒီအတိုင်းလွတ်ထားလို့မဖြစ်တော့ဘူးဆိုပြီး မုန်းကိုးနားမှာရှိတဲ့ မန်ကန်း တောင်ခြေမှာ အကျယ်ချုပ်ထားပါတယ်။ အဲ့ဒီနေရာကလည်း KIA တပ်မဟာ -၂ နဲ့ နီးစပ်တဲ့နေရာဖြစ်လို့ ဆရာမင်းလတ် ရဲခေါင် က သူ့အယူအဆတွေကို သူ့ကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ပေးထားတဲ့ ကချင်အမျိုးသမီး ရဲဘော် တယောက်ကနေ တဆင့် KIA ရဲ့ ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို ထောက်ခံကြောင်း စာပို့တယ်။ အဲ့ဒီဇာတ်လမ်းတွေကို ဗဟိုက သိရှိသွားပြီး သူ့ကို ဒီမှာထားလို့မဖြစ်ဘူးဆိုပြီးတော့ “ဝ” မြောက် ခွင်းမာ မြို့ထဲကို ပို့လိုက်ပါတယ်။ ခွင်းမာမြို့နယ်ဆိုတာ တရုတ်ပြည်နယ်စပ် ဘေးမှာရှိပါတယ်။ အဲ့ဒီမှာ သူ့ကို ဗမာပြည်ထဲကို မကူးနိုင်အောင် တရုတ်ပြည်နောက်ခံထားပြီးတော့ အကျယ်ချုပ်ထားပါတယ်။ ဒါပေမယ့် ခက်တာက သူ့စခန်းမှာ မိုင်းရမ်းတိုက်ပွဲကနေ ဖမ်းမိလာတဲ့ တပ်မတော်က ဗိုလ် ၆ ယောက်လည်း ရှိပါတယ်။ အဲ့ဒီ ဗိုလ် ၆ ယောက် က အခွင့်သာတဲ့တနေ့မှာ မြို့နယ်မှူးရဲ့ ကလေးနှစ်ယောက်ကို သတ်တယ်၊ နောက်ပြီးတော့ စခန်းထဲမှာရှိနေတဲ့ လူမမာ ရဲဘော်နှစ် ယောက်ရဲ့သေနတ်ကို လုပြီးတော့ လူမမာ နှစ်ယောက်ကိုလည်း ပစ်သတ်ခဲ့ပါတယ်။ ပစ်သတ်ပြီးတော့ ဆရာမင်းလတ်ရဲခေါင်ကို လိုက်ခဲ့ဖို့ ခေါ်တော့ လိုက်သွားပါတယ်။ ဒါပေမယ့် တကယ်တော့ သူ့ရဲ့ ကျန်းမာရေး အခြေအနေက မကောင်းပါဘူး၊ အဲ့ဒီတော့ သူက ဝေးဝေးကို မသွားနိုင်တော့ဘဲနဲ့ ကျန်ရစ်ခဲ့ပါတယ်။ မြို့နယ်မှူးက သူ့တပ်ဖွဲ့တွေကို စည်းရုံးပြီးတော့ လိုက်ရှာတဲ့အခါမှာ ဆရာ မင်းလတ်ရဲခေါင်ကို ဖမ်းမိသွားပါတယ်။ ဖမ်းမိသွားတဲ့ အချိန်မှာ သူ့ကို မြို့နယ်ရုံးကိုပြန်ခေါ်ပြီး မြို့နယ်ရုံးအနီးရှိ သစ်ပင်ရင်းမှာ ကပ် ချည်ပြီးတော့ လှံစွတ်ထိုးပြီး သတ်ဖြတ်လိုက်ပါတယ်။ နောက်ပြီးတော့ သူ့အလောင်းကို အဲ့ဒီအနီးမှာရှိနေတဲ့ ချောက်ထဲကို တွန်းချလိုက်ပါတယ်။ ဗဟိုကော်မတီအနေနဲ့ မင်းလတ်ရဲခေါင်ကို သတ်ဖို့ သဘောထားနဲ့ ဆုံးဖြတ်ချက် မရှိခဲ့ပါဘူး။ ဒေသဆိုင်ရာအဖွဲ့အစည်းတခုက သူတို့ထဲမှာ ဖြစ်ပေါ်လာတဲ့ အရေးအခင်းတခုကို အကြောင်းပြုပြီးတော့ ဖြေရှင်းတဲ့နေရာမှာ ဆရာမင်းလတ်ရဲခေါင်ပါ ပါသွားတယ်။ အဲဒီတော့ ဒါကတော့ ကျနော်တို့ နိုင်ငံတကာ သိ၊ ပြည်တွင်းသိ ပညာရှင် တယောက် ဆုံးရှုံးသွားတဲ့အတွက် ကျနော် တို့ ပါတီအတွက်ရော တိုင်းပြည်အတွက်ရော ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်လို့ ကျနော်ပြောချင်ပါတယ်။
မေး။ ။ အခုဆိုရင် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ သက်တမ်းဟာ ၇၅ နှစ် စိန်ရတု တိုင်ခဲ့ပါပြီ။ ဒီလို သမိုင်းဝင် သက်တမ်းအရှည်ကြာ ဆုံး နိုင်ငံရေး ပါတီကြီး ၁၉၈၉ ခုနှစ်မှာ ပြိုကွဲခဲ့ရတာနဲ့ ပတ်သက်ပြီး ဒီနေ့ဒီအချိန်မှာ ဘယ်လို သုံးသပ် မိပါသလဲ။
ဖြေ။ ။ ကွန်မြူနစ်ပါတီ ပြိုကွဲတာနဲ့ပတ်သက်ပြီးတော့ တော်တော်များများလည်း ရေးသားခဲ့ကြပါတယ်။ ဗိုလ်ကြင်မောင်က သူ့ရဲ့ ပြည်သူ့ အာဏာဆောင်းပါးထဲမှာ ကွန်မြူနစ်ပါတီ ပြိုကွဲရခြင်းမှာ အဓိကအားဖြင့် ဗဟိုမှာ တာဝန်ရှိတယ်။ ဗဟိုကော်မတီ ခေါင်းဆောင်နိုင်စွမ်းမရှိလို့ ဒီအခြေအနေကို ရောက်ရတယ်လို့ ကောက်ချက်ချပါတယ်။ သူရဲ့ကောက်ချက်ထဲမှာ ၂ ချက်ပါပါတယ်။ ပထမတချက်က မြန်မာပြည်တော်လှန်ရေးနဲ့ ရေရှည်ကင်းကွာနေတဲ့ တရုတ်ပြည်က လူတွေအများစု ဝင်ရောက်ခေါင်းဆောင်တဲ့ အတွက် ပါတီဟာ ပြိုကွဲတဲ့အခြေအနေဖြစ်ရတယ်။ နောက်ဒုတိယတချက်ကတော့ ပြည်တွင်းမှာရှိနေတဲ့ အခြေခံစခန်းတွေကလည်း အများစုက လမ်းစဉ်အမှားကြောင့် ပြုတ်ကုန်တယ်။
မေး။ ။ ဗမာပြည် ကွန်မြူနစ်ပါတီကို ၁၉၈၉ မှာ လက်အောက်ခံ ဖုန်ကြားရှင် ကိုးကန့် အဖွဲ့က စတင်ပုန်ကန်ခဲ့တဲ့ ဖြစ်ရပ်မှာ စစ်ထောက် လှမ်းရေး၊ ဘိန်းဘုရင် လော်စစ်ဟန်နဲ့ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးတို့ ပါဝင် ပတ်သက်မှုတွေ ရှိခဲ့တယ် လို့ မှတ်တမ်း တခုမှာ ဖတ်ရဖူးပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်လို သိထားတာ ရှိပါသလဲ။
ဖြေ။ ။ ကျနော် နားလည်ထားတာကတော့ ဦးဖုန်ကြားရှင်တို့ ကိုးကန့်အဖွဲ့ ပုန်ကန်တယ်ဆိုတာက ဦးဖုန်ကြားရှင်တို့အဖွဲ့ သက် သက် မဟုတ်ပါဘူး။ ဦးဖုန်ကြားရှင်တို့နဲ့ “ဝ” နဲ့ မိုင်လားနဲ့ သူတို့ အပြန်အလှန် ဆွေးနွေးညှိနှိုင်းထားမှုတွေရှိပါတယ်။ အဲ့ဒီဆွေးနွေးထားမှုတွေအရ ကိုးကန့်က မတ်လမှာစပြီးတော့ ပုန်ကုန်မှုလုပ်တယ်ပေါ့၊ ဒါပေမယ့် အဲ့ဒီအဖွဲ့သုံးဖွဲ့လုံးက ပုန်ကန်ပြီးရင် ဘာလုပ် မယ်ဆိုတဲ့ ညှိနှိုင်းထားတဲ့ ကိစ္စ မရှိပါဘူး။ အဲ့ဒီအချိန်မှာ ကျနော်ကြားသလောက်ကတော့ ဒီဗိုလ်ခင်ညွှန်ဦးဆောင်တဲ့ ထောက်လှမ်း ရေးအဖွဲ့ကနေပြီးတော့ ဦးလော်စစ်ဟန် ကနေတဆင့် ဦးဖုန်းကြားရှင်နဲ့ ဆက်သွယ်တယ်။ ဆက်သွယ်ပြီးတော့ ထောက်လှမ်းရေး က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းပါတယ်။ ဒီမှာ ဦးအောင်ကြီး ပါတယ်မပါဘူးဆိုတဲ့ ကိစ္စကိုတော့ ကျနော်လည်း အတိအကျ မပြောနိုင်ပါဘူး။
မေး။ ။ ဗမာပြည် ကွန်မြူနစ် ပါတီ အနေနဲ့ ၁၉၈၈ ခုနှစ် လူထု အုံကြွမှု ဖြစ်ပွားခဲ့တာကို သိပ်စိတ်ဝင်စားမှု မရှိခဲ့ဘူးလို့ သတင်းစာ ဆရာ ဘာတေးလ် လစ်တ်နာ အင်္ဂလိပ်လို ရေးပြီး စာရေးဆရာ ကျော်ဝင်း မြန်မာလိုဘာသာပြန်တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ နေထွက်ချိန် နဲ့ နေဝင်ချိန် ဆိုတဲ့ စာအုပ်ထဲမှာ ဖတ်ရပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘာကြောင့် စိတ်ဝင်စားမှု နည်းရတာပါလဲ။
ဖြေ။ ။ တကယ်တော့ အဲ့ဒီ သဘောထားက မမှန်ဘူးထင်ပါတယ်။ ရှစ်လေးလုံး အရေးအခင်းကြီး ဖြစ်လာတဲ့အချိန်မှာ ပါတီက အလွန် အားရ တက်ကြွနေပါတယ်။ သူတို့ ပေါ်လစ်ဗျူရို အစည်းအဝေးကိုတောင်မှ မုန်းကိုးမှာ သွားပြီးတော့ ကျင်းပပါတယ်။ အကြောင်းကတော့ မုန်းကိုးဆိုတာ မူဆယ်နဲ့ အလွန်နီးတဲ့ မြန်မာပြည်နဲ့ အနီးကပ်ဆုံးနေရာဖြစ်လို့ ဒီအရေးအခင်း ဖြစ်လာရင် ဘယ်လို လုပ်မယ်၊ ဘယ်လို လမ်းညွှန်မှုတွေ ပေးမလဲဆိုတာကို ဗိုလ်ကြင်မောင်နဲ့ ညှိနှိုင်းကြဖို့အတွက် မုန်းကိုးမှာ အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီအစည်းအဝေး ကျင်းပပြီးတော့ မြေအောက်မှာ ဘယ်လိုလမ်းညွှန်ချက်တွေ ပေးမယ်။ နောက်ပြီးတော့ ဘယ်လို အင်အားစုဖွဲ့ တည်ဆောက်မယ် စသည်အားဖြင့် ကိစ္စတွေကို ဗိုလ်ကြင်မောင် တယောက်တည်းတင် မဟုတ်ဘူး ဝိုင်းဝန်းဆွေးနွေးခဲ့တယ်ဆိုတော့ အလေးထားတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။
ဒီမှာ အချက်အလက် နှစ်ခုတော့ ရှိတာပေါ့လေ။ အဲဒါတော့ မိုင်းယန်း တိုက်ပွဲပေါ့။ မြို့ပေါ်ကနေလာတဲ့ ရဲဘော်တွေကနေ ဝိုင်းဝန်းပြီးတော့ တောင်းဆိုကြတာပေါ့။ မြို့ပေါ်မှာ ကျောင်းသားတွေနဲ့ ပြည်သူတွေ အသတ်ခံနေရတဲ့ အချိန်မှာ လက်နက်ကိုင်ထားတဲ့ ကွန်မြူနစ်တွေက စစ်ရေးလှုပ်ရှားမှု မရှိဘူးဆိုတာ အတော်တော့ ရှက်စရာကောင်းတယ်။ တခုခုတော့ လုပ်သင့်တယ်လို့ တောင်းဆိုတဲ့ အခါမှာ ကျန်ရှိနေတဲ့ လက်နက်ခဲယမ်း အကြွင်းအကျန် နဲ့ မိုင်းယန်းစစ်ပွဲကို ဆင်နွှဲခဲ့တာပေါ့လေ။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြောသလို ဗကပ တွေရဲ့ အာဏာသိမ်းရန် ကြိုးပမ်းမှုမှာ တကယ်ကျတော့ မိုင်းယန်းစစ်ပွဲကို တိုက်ဟန်ပြပြီးတော့ ရွှေလီချိုင့်ဝှမ်းကို ထိုးစစ်ဆင်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီလိုလုပ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။
ဒါပေမယ့် ပြည်တွင်းကို အင်အားတရပ်နဲ့ ဆင်းပြီးတော့ လှုပ်ရှားမယ်လို့ ရဲဘော်တွေ ဝိုင်းတောင်းဆိုကြတဲ့အခါမှာ တပ်မဟာ ၈၈၈ ကို တပ်ဖွဲ့ အင်အား ၃၀၀ နဲ့ ဖွဲ့စည်းပါတယ်။ ဒါပေမယ့် အဲဒီဖွဲ့စည်းမှုရဲ့ ခေါင်းဆောင်တွေက စစ်ရေးအတွေ့အကြုံ သိပ်မရှိဘူး။ နောက်တခုက အဲ့ဒီမှာ ပါဝင်တဲ့ ရဲဘော်တွေနဲ့လည်း အတူတူ ဖြတ်သန်းဖူးတဲ့ အတွေ့အကြုံမရှိဘူး။ အဲ့ဒီအခါကျတော့ သံလွင်မြစ်ကို ဖြတ်ကူးဖို့တောင် အခက်အခဲဖြစ်ပြီးတော့ သံလွင်မြစ်ဘေးမှာ စောင့်ရင်း စောင့်ရင်းနဲ့ တပ်ကထွက်ပြေးတာ၊ အိမ်ပြန်ပြေးတာ စတဲ့ ကိစ္စတွေ အမျိုးမျိုးဖြစ်ပြီးတော့ ဒီ ရှစ်လေးလုံး တပ်ကြီးကို ရှမ်းဘာသာနဲ့ “ပျက်ပျက်ပျက်” တပ်မတော်လို့ ခေါ်လိုက်ကြတာပေါ့။ ဒီအချက်အလက်တွေအရ ကြည့်ရင် ကွန်မြူနစ်ပါတီ အနေနဲ့က တခုက မြို့ပေါ်က လှုပ်ရှားမှုတွေမှာ လမ်းညွှန်ချက်တွေပေးတယ်။ နောက်တခုက နယ်စပ်ဒေသ တပိုင်တနိုင် စစ်ဆင်ရေးလုပ်တယ်။ နောက်တခု က ပြည်တွင်းအထိ ထိုးဝင်မယ်ဆိုတဲ့ စိတ်ကူးနဲ့ တပ်မဟာ တခုတောင် ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေ အချက်အလက် မပြည့်စုံတဲ့အောက်မှာ မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့်မို့ ဘာတေးလ် လစ်တနာ ရဲ့ကောက်ချက် မမှန်ဘူးလို့ ထင်ပါတယ်။
မေး။ ။ အဲဒီ ၈၈ အရေးအခင်း မတိုင်ခင် ၁၉၈၇ မှာ ဗမာပြည် ကွန်မြူနစ် ပါတီက ဖွဲ့စည်း ပေးလိုက်တဲ့ ၄၈၂၈ ကော်မတီ ရဲ့ အခန်း ကဏ္ဍ ကရော ဘယ်လောက် ထိရောက် ကျယ်ပြန့်မှု ရှိသလဲ၊ မရှိဘူးလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီက လက်နက်ကိုင် တော်လှန်ရေးလုပ်နေတဲ့ ကာလတလျှောက်လုံး မြေအောက် လုပ် ငန်း ကို အရင်တုန်းကတော့ သခင်ချစ် တို့ လုပ်ကိုင်ခဲ့တယ်။ ပဲခူးရိုးမ ကျဆုံးပြီးတဲ့ နောက်ပိုင်းမှာတော့ အဲ့ဒီလုပ်ငန်းတွေကို အရှေ့မြောက် ခေါင်းဆောင်တွေက လုပ်တာပေါ့။ အဓိကတာဝန်ယူတာကတော့ ဗိုလ်ကြင်မောင်ပါပဲ။ ၄၈၂၈ ကော်မတီ မပေါ်သေးခင် ကတည်းကိုက အဲ့ဒီလုပ်ငန်းတွေက လုပ်နေပြီးသား၊ ရှိပြီးသားပေါ့။ အဲ့ဒီတော့ ၄၈၂၈ ဆိုတဲ့ ကော်မတီကို ၁၉၈၇ ခုနှစ်မှာ ဖွဲ့တယ် လို့ ကျနော် မထင်ပါဘူး။ ကျနော် သိရသလောက်က ဖုန်းမော် အရေးအခင်း ပြီးတဲ့အခါမှာ ခုနက ကျနော်ပြောခဲ့တဲ့ ထိပ်သီး အစည်းအဝေး ကျင်းပပါတယ်။ မြေပေါ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ အင်ကြီးအားကြီး တိုးချဲ့ပြီးတော့ လုပ်ဖို့အတွက် အဲ့ဒီ အစည်းအဝေးကနေ ဖွဲ့စည်း ပေးလိုက်တာ။ သူက ဘယ်လောက်ကျယ်ပြန့်သလဲ ဆိုတာတော့ ကျနော်လည်း မပြောတတ်ပါဘူး။
ဒါပေမယ့် ကျနော်တို့ ပြီးခဲ့တဲ့ ဗိုလ်ကြင်မောင်ရဲ့ ပြိုကွဲသွားတဲ့ UG တွေ အတွေ့အကြုံအရကြည့်ရင် ရာဂဏန်းလောက်တော့ ရှိမှာပေါ့။ ဒါပေမယ့် ကျနော်ပြောချင်တာက သူ့အခန်းကရော ဘယ်လောက်အထိ ကျယ်ပြန့်မှု ရှိ မရှိ ဆိုတဲ့ကိစ္စကတော့ ပြောစရာရှိပါတယ်။ ရှစ်လေးလုံး အရေးအခင်း ဆိုတာ ကျနော့်အမြင်အရတော့ ကျောင်းသားထု လှုပ်ရှားမှုကနေပြီးတော့ စတဲ့ကိစ္စပေါ့။ နောက် တခုက ပြည်သူတရပ်လုံး လူတန်းစား လူ့အလွှာအားလုံး ပါဝင်တဲ့ လှုပ်ရှားမှုပေါ့။ ၄၈၂၈ တင် မဟုတ်ပါဘူး၊ အနောက်တိုင်းနဲ့ ဆက် စပ်နေတဲ့ အင်အားစုတွေလည်းပဲ ဒီအထဲမှာ ပါဝင်လှုပ်ရှားကြတာ ရှိပါတယ်။ အဲ့ဒီတော့ ၄၈၂၈ အနေနဲ့ ကျနော် ကြားသိရ သလောက်ကတော့ ကြားဖြတ် အစိုးရ ဖွဲ့စည်းရေး ဆိုတာကို ကွန်မြူနစ်ပါတီက ထောက်ခံတဲ့သဘောထား ကျနော် ကြားရပါတယ်။ တကယ်ကျတော့ သဘောတရားအရ ပြောမယ် ဆိုရင် ကွန်မြူနစ်ပါတီအတွက် အဲ့ဒါက တော်တော်ခက်ခဲပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီကွန်မြူနစ်ပါတီရဲ့ ကွန်ဂရက်က ချမှတ်ထားတာက ကျေးလက်အခြေခံ မြို့ကိုဝိုင်းရေး လမ်းစဉ်။ အခုက မြို့ပေါ်မှာ သပိတ်တွေစုံနေပြီ၊ သပိတ်တွေစုံရင်တော့ ကွန်မြူနစ်တွေ အလိုအရ သူပုန်ထကြတော့မှာပဲ။ ဒါပေမယ့် ကွန်မြူနစ်ပါတီက ပြင်ဆင်ထားပုံ မရပါဘူး။ လုပ်နိုင်တဲ့စွမ်းရည်လည်း မရှိခဲ့ပါဘူး။ သပိတ်တွေစုံရဲ့သားနဲ့ သူပုန်မထနိုင်တဲ့ ကိစ္စကတော့ ဗကပ လမ်းညွှန်မှုထဲမှာ မပါခဲ့ပါဘူး။ ပါတယ်လို့ ကျနော် မကြားပါဘူး။ အဲ့ဒါကြောင့်မို့ အဲ့ဒီကိစ္စတော့ ကွန်မြူနစ်ပါတီတရပ် အနေနဲ့ ပြောရ ရင်တော့ သူတို့ရဲ့ မူဝါဒ လမ်းစဉ်က ပြဿနာလည်း ရှိပုံရတယ်လို့ ကျနော် ယူဆပါတယ်။
မေး။ ။ မြန်မာပြည် လွတ်လပ်ရေးတိုက်ပွဲ ကာလမှာ ကွန်မြူနစ်ပါတီက နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ တကယ်လို့ ကွန်မြူနစ်ပါတီ အာဏာရပြီး အုပ်ချုပ်ခွင့်ရမယ်ဆိုရင် ဗမာပြည်ရဲ့ အနေအထားဟာ ဘယ်လိုဖြစ်မယ်လို့ ထင်ပါသလဲ။
ဖြေ။ ။ ကွန်မြူနစ်ပါတီ အာဏာရခဲ့လို့ရှိရင်တော့ အဲ့ဒီက အခြေအနေနဲ့ နိုင်ငံရေး နောက်ခံကားအရ ပြောလို့ရှိရင် မော်စီတုန်းခေတ် တရုတ်ပြည်ရဲ့ လမ်းကြောင်းမျိုးကို ဗမာပြည် ကွန်မြူနစ်ပါတီက လျှောက်ပါလိမ့်မယ်။
အဲ့ဒီတော့ ကျနော်တို့ ဗမာပြည် ကွန်မြူနစ်ပါတီမှာ တခုထူးခြားတာ ဘာလဲဆိုတော့ သူ့မှာ ကွန်မြူနစ်ပါတီရယ်လို့ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး စစ်ပွဲအသီးသီးမှာ နိုင်ငံရေး ခေါင်းဆောင်မှုအပိုင်းကို ရယူခဲ့ရပေမယ့် ပါတီရဲ့ အတွေ့အကြုံနဲ့ သက်တမ်းက အလွန်နုနယ်ပါတယ်။ ဒါပေမယ့် သမိုင်းက ဒီကွန်မြူနစ်ပါတီအပေါ်မှာ တင်ပေးလိုက်တဲ့တာဝန်ဟာ အလွန်ကြီးမားပါတယ်။ ပါတီက နုနယ်တော့ ခေါင်းဆောင်တွေကလည်း အတွေ့အကြုံ မရင့်ကျက်ကြပါဘူး။ အသက် ၃၀ ဝန်းကျင် ပုဂ္ဂိုလ်တွေပဲ ဖြစ်ခဲ့ပါတယ်။
ပြောချင်တာက ဘာလဲဆိုတော့ ကျနော်တို့ ကွန်မြူနစ်ပါတီရဲ့ သိသာထင်ရှားတဲ့ အားနည်းချက် တခုကတော့ တော်လှန်ရေး လှုပ်ရှားမှုတွေဟာ အဆင့်တိုင်း အဆင့်တိုင်းမှာ ပြည်ပက အယူအဆတွေကို လက်ခံပြီးတော့ ကျင့်သုံး အကောင် ထည်ဖော်ခဲ့တဲ့ အတွက် ဆိုးဝါးတဲ့ ရှုံးနိမ့်မှုတွေ၊ မှားယွင်းမှုတွေ ကြုံခဲ့ရပါတယ်။ ၄၈ ခုနှစ် အခြေအနေမှာ ကွန်မြူနစ်ပါတီသာ အာဏာ ရမယ်ဆို အဲ့ဒီတုန်းက မော်စီတုန်းခေတ် တရုတ်ပြည်ရဲ့ ဆိုရှယ်လစ် တည်ဆောက်ရေး လမ်းကြောင်းအတိုင်းပဲ ဆက်လျှောက်မယ်လို့ ကျနော်က ယုံကြည်ပါတယ်။ အဲ့ဒီလို ဆက်လျှောက်ခဲ့မယ်ဆိုရင်လည်း တရုတ်ပြည်ခံရတဲ့ ကံကြမ္မာမျိုးတွေပဲ ကြုံရမယ် လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။
မေး။ ။ ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ လွတ်မြောက်နယ်မြေမှာ နေခဲ့ရတဲ့ ကာလတွေအတွင်း အမှတ်ထင်ထင် ရှိနေတာ တခုလောက် ပြောပြပေးပါ။
ဖြေ။ ။ ဟုတ်ကဲ့၊ နှစ် ၂၀ လောက် ဖြတ်သန်းမှုဆိုတော့ ပြောစရာတွေတော့ အများကြီးတော့ ရှိမှာပေါ့ဗျာ။ အရေးကြီးတယ်လို့ ကျနော် ထင်ရတဲ့ ပြဿနာတခုတော့ ကျနော် ပြောပြချင်ပါတယ်။ အဲ့ဒါကတော့ ၁၉၈၅ ခုနှစ်မှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် ပါတီကွန်ဂရက် ကျင်းပပါတယ်။ အဲ့ဒီကျင်းပတဲ့အချိန်မှာ ကျနော် ပေါ်လစ်ဗျူရိုကို စာတမ်းလေးစောင် တင်ပြပါတယ်။ အဲ့ဒီစာတမ်းလေးစောင်ရဲ့ အဓိပ္ပါယ်ကတော့ တခုက ပါတီတွင်းမှာ ဘိန်းရောင်းဝယ်လုပ်မှု၊ လကျာ်တရားသေ ဝါဒ လွှမ်းမိုးမှု၊ ပါတီ ထဲ မှာ လူတန်းစား ကွာဟချက် ကြီးမားနေတယ်ဆိုတဲ့ ပါတီရဲ့ ယိုယွင်းနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ကျနော် ဗဟို ကော်မတီကို စွဲချက်တင်ထားပါတယ်။
နောက်ထပ်တစောင်ကတော့ ဗဟိုကော်မတီက ချမှတ်တဲ့ လမ်းစဉ် ပေါ်လစီတွေဟာ မှားယွင်းနေတဲ့အကြောင်း ကျနော် တင်ပြသွားပါတယ်။ နောက်တခုကတော့ အဲ့ဒီအချိန်ကာလမှာ ပြောင်းလဲနေတဲ့ နိုင်ငံတကာက အခြေ အနေတွေ၊ အဲ့ဒီအချိန်မှာ နည်းပညာတော်လှန်ရေးတွေ စပြီးပေါ်ပေါက်နေပြီ။ အရင်တုန်းက တတိယကမ္ဘာနိုင်ငံတွေလို့ ခေါ်ခဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေဟာ အခု ကိုလိုနီ တပိုင်း၊ ပဒေသရာဇ် တပိုင်း တိုင်းပြည်ဆိုတဲ့ ၁၉၃၈ ခုက မော်စီတုန်း ပြောခဲ့တဲ့ အခြေအနေတွေ မဟုတ်တော့ဘူး။ ဒီနေ့မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း စက်မှုနိုင်ငံ ထူထောင်နိုင်တဲ့ အခြေအနေတွေ ရှိနေတယ်။ ပြောချင်တာ ကတော့ စင်ကာပူတို့၊ ထိုင်ဝမ်တို့လိုပေါ့။ ဒါကြောင့်မို့ ကျနော်က ကိုလိုနီတပိုင်း၊ ပဒေသရာဇ်တပိုင်း တိုင်းပြည်ဆိုတဲ့ ကောက်ချက် ကို ပြန်ပြင်ဖို့ ကျနော် တင်ပြတာပါ။
အဲ့ဒီမှာ အရေးအကြီးဆုံး ပြဿနာကတော့ မြေယာပြဿနာပါ။ ကျနော်တို့ ဗမာပြည်မှာ မြေရှင်မရှိတော့ဘူး။ ဘာပဲရှိလဲဆိုရင် စစ်တပ် လက်ဝါးကြီးအုပ် မြေရှင်စနစ်ပဲ ရှိတော့တယ်။ အဲ့ဒီ စာတမ်းတွေ ကျနော် တင်လိုက်ပါတယ်။ အဲ့ဒီစာတမ်းတွေကို ဗဟို ကော်မတီ က ပယ်ချလိုက်ပါတယ်။ နောက်ပြီးတော့ ကျနော့်ကို အလယ်ပိုင်းဌာနခွဲကနေပြီးတော့ ကွန်ဂရက် ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့်ကို ရုပ်သိမ်းလိုက်ပါတယ်။ ကျနော် ပြောခဲ့တာတွေက မှားသလား၊ မှန်သလားဆိုတဲ့ ကိစ္စကတော့ ဒီနေ့ နောက်ပိုင်းဖြစ်ပေါ် တိုးပွားမှုတွေနဲ့ ချိန်ထိုးကြည့်လို့ရပါတယ်။ ဒါကြောင့်မို့ ၈၅ ဗဟိုကော်မတီနဲ့ ၈၅ လမ်းစဉ်မျိုးနဲ့ ကျနော်တို့ ဗမာပြည် တော်လှန်ရေး ကို အောင်ပွဲခံအောင် လုပ်နိုင်မယ့် အခြေအနေမရှိဘူးလို့ တင်ပြခဲ့တဲ့အတွက် ကျနော် ကြုံခဲ့ရတဲ့ အနေအထားကတော့ တော်တော် ပဲ ဆိုးဝါး ပြင်းထန်ပါတယ်။ ။