သတင်း

ထိုင်းဘုရင်ဟောင်း အုတ်ဂူ နှစ်နိုင်ငံ ယဉ်ကျေးမှု ဌာနများ ညှိနှိုင်း လေ့လာတော့မည်

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း အမရပူရ လင်းဇင်းကုန်း သင်္ချိုင်းမှာရှိတဲ့ ထိုင်း ဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူနဲ့ ပတ်သက်ပြီး ထိုင်း အစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာနက မြန်မာ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး တရားဝင် လေ့လာမှုတွေ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာန အနေနဲ့ လက်ရှိ အယုဒယဘုရင်ဟောင်း ဥတွန်ပုံ အုတ်ဂူကို တူးဖော်နေတဲ့ ထိုင်း-မြန်မာ ရှေးဟောင်းသုတေသန ဝါသနာရှင်များ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ရေသဖန်းပွင့် အသင်းရဲ့ သုတေသနပြု တူးဖော်နေမှုများနဲ့ စပ်လျဉ်းပြီး ယာယီအားဖြင့် လက်မခံနိုင်ကြောင်း တရားဝင်ထုတ်ဖော် ပြောဆိုပြီးနောက်မှာ အခုလို ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်တိုင် လေ့လာမှုတွေ ပြုလုပ်ဖို့ မနေ့ကဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် မူလတူးဖော်နေတဲ့ ရေသဖန်းပွင့် အသင်းနဲ့တော့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနက ဆိုပါတယ်။

ထိုင်း- မြန်မာ သမိုင်းကို လေ့လာနေတဲ့ ရေသဖန်းပွင့်အသင်း ဥက္ကဋ္ဌမစ်ကီဟတ်က “ကျနော်တို့နဲ့လည်း ရှေ့ဆက် လက်တွဲလုပ်ဆောင်သွားမယ်လို့ ထိုင်းယဉ်ကျေးမှုက ဆိုပါတယ်၊ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနက ကျနော်တို့ တွေ့ထားတဲ့ အထောက်အထားတွေကို မဟုတ်ဘူးလို့ မဆိုလိုပါဘူး၊ နားလည်မှု လွဲသွားတာပါလို့ မနေ့အစည်းအဝေးမှာ ပြောသွားပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ရေသဖန်းပွင့် အသင်း အနေနဲ့ကတော့ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာန ပါဝင်သည် ဖြစ်စေ၊ မပါဝင်သည် ဖြစ်စေ အမရပူရ လင်းဇင်းကုန်းမှာ ရှိတဲ့ အယုဒ္ဓယ ဘုရင်ဟောင်းဥတွန်ပုံရဲ့ အုတ်ဂူကို ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ထားပြီး ဖြစ်သလို၊ အဲဒီ ဆုံးဖြတ်ချက်ကိုလည်း ပြီးခဲ့ တပတ်ကပဲ ထိုင်းသတင်းမီဒီယာတွေကို ခေါ်ယူ ရှင်းလင်းခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်မှာ ထိုင်းဘုရင်ဟောင်း အုတ်ဂူရှိတဲ့ အမရပူရ လင်းဇင်းကုန်း သင်္ချိုင်းကို မန္တလေးတိုင်းစည်ပင်က ဖျက်ဆီးတော့မယ့် အကြောင်း ဧရာဝတီသတင်းဌာနက ရေးသားပြီးနောက်ပိုင်းမှာ ထိုင်းရှေးဟောင်းသုတေသန ဝါသနာရှင်တချို့က ဘုရင့်ဟောင်း ဥတွန်ပုံရဲ့ အုတ်ဂူ ဟုတ်မဟုတ် စစ်ဆေးဖို့၊ စစ်မှန်တယ်ဆိုရင်လည်း ထိန်းသိမ်းသွားဖို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အကူအညီနဲ့ မြန်မာအစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာနကို ဆက်သွယ်ပြီး စတင် လုပ်ဆောင်ခဲ့တာပါ။

အဲဒီ နောက်မှာတော့ အယုဒ္ဓယဘုရင်ဟောင်းဥတွန်ပုံ (ကျောက်ဘွားဒေါက် မဒူဝါး) ရဲ့ အမည်ကို အစွဲပြုပြီး ရေသဖန်းပွင့် အသင်း ဆိုတဲ့ အမည်နဲ့ ထိုင်း-မြန်မာ ရှေးဟောင်းသုတေသနနှင့် သမိုင်းဝါသနာရှင်များ၊ ပညာရှင်များနဲ့ ပူးပေါင်းဖွဲ့စည်းခဲ့ ပါတယ်။

ရေသဖန်းပွင့် အဖွဲ့ရဲ့ သုတေသနလုပ်ငန်းတွေကို ထိုင်းဘုရင့် ဘဏ္ဍာတော်အဖွဲ့က ငွေကြေး ကျောထောက်နောက်ခံပြုထားပြီး၊ ဘတ်သန်း ၄၀ ချထားပေးတယ် လို့ မစ်ကီဟတ်က ရှင်းပြပါတယ်။

အယုဒ္ဓယဘုရင်ဟောင်းရဲ့ အုတ်ဂူတူးဖော် သုတေသနပြုမှုကို ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလမှ စတင်ခဲ့ရာ အရိုးတချို့ ထည့်သွင်းထားတဲ့ သပိတ်တလုံးကို တွေ့ရှိခဲ့ပြီးနောက် ရေသဖန်းပွင့် အသင်း၏ သုတေန လုပ်ငန်းများ ပြီးဆုံးခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ လကုန်ပိုင်းကတော့ ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနက လာရောက်စစ်ဆေးပြီး လက်ရှိ တူးဖော်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကွင်းဆင်းလေ့လာမှု၊ သုတေသနပြုမှု အားနည်းတယ်၊ အစီရင်ခံစာ အားနည်းတယ်၊ တွေ့ရှိတဲ့ အရိုးတချို့ကို သိပ္ပံနည်းကျ DNA တိုက်ဆိုင် စစ်ဆေးပြီးမှ ရလဒ်ကို ဖော်ထုတ်ရမယ်၊ မြန်မာသမိုင်း ဖြစ်စဉ် ရက်စွဲများနဲ့ ထိုင်းနိုင်ငံဆိုင်ရာ သမိုင်း ဖြစ်စဉ် ရက်စွဲများ နှစ်ဖက် တိုက်ဆိုင် သုတေသန ပြုလုပ်ပြီး တူညီမှု ရှိမှသာ ပထမအဆင့် လက်ခံနိုင်မည် ဖြစ်သည့်အတွက် လက်ရှိ တူးဖော်ရေးလုပ်ငန်း ဆောင်ရွက်မှုကို ယာယီအားဖြင့် လက်မခံကြောင်း သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။

“ဘုရင်ကြီးဥတွန်ပုံနဲ့ ပတ်သက်ပြီး သမိုင်းအထောက်အထားက ထိုင်းသမိုင်းမှာ အင်မတန်နည်းပါး ပါတယ်၊ ဘုရင်ကြီးဟာ အယုဒ္ဓယပျက်ပြီး မြန်မာပြည်ကို ခေါ်ဆောင်ခံရတဲ့ နောက်ပိုင်းသမိုင်းအထောက်အထားတွေ ထိုင်းနိုင်ငံမှာ မရှိတော့ဘဲ မြန်မာမှာပဲ ရှိတယ်၊ အဲဒီတော့ ထိုင်းသမိုင်းနဲ့ မြန်မာသမိုင်း တိုက်ဆိုင်စစ်ဆေးဖို့ ဆိုတာမဖြစ်နိုင်ဘူး၊ မြန်မာသမိုင်းပညာရှင် တွေရဲ့ လေ့လာချက် အပေါ်မှာသာ ထိုင်းတွေအနေနဲ့ လေ့လာရမှာပါ” လို့ မစ်ကီဟတ်က ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ ကောက်ချက်ချမှုကို အခုလို ပြန်လည်ချေပ ပါတယ်။

မြန်မာသမိုင်းမှာတော့ အယုဒယ ဘုရင်ဟောင်းဥတွန်ပုံနဲ့ ပတ်သက်လို့ ဝန်ထောက်မင်း ဦးမောင်မောင်တင် ရေးသားတဲ့ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး၊ လန်ဒန်ပြတိုက်ရှိ မြန်မာ့ရှေးဟောင်း ရွှေနန်းလက်သုံး ဆေးရောင်စုံ ပုရပိုက် ပန်းချီတချပ်၊ ခေတ်အဆက်ဆက် နှောင်းလူများ ညွှန်ပြပြောဆိုသည့် ဗျုပ္ပတ်တို့က ညွန်ပြနိုင်ပါတယ်။

ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ရေသဖန်းပွင့် အသင်းကြား အငြင်းပွားမှု ဖြစ်ပွားနေစဉ်မှာ နောက်ထပ် အရှုပ်အထွေး တခုကတော့ မန္တလေးတိုင်းစည်ပင်သာယာရေးအဖွဲ့ရဲ့ ရေသဖန်းပွင့် အသင်းအပေါ် တူးဖော်မှု ရပ်ဆိုင်းဖို့ တားမြစ်ချက် ထုတ်ပြန်လိုက်ခြင်းပါ။

မန္တလေးတိုင်း စည်ပင်သာယာအဖွဲ့ အနေနဲ့ တောင်သမန် အင်းစောင်းမှာ ရှိတဲ့ ဗမာ၊ မွတ်စလင်၊ ခရစ်ယာန်၊ အာမေးနီးယန်း စတဲ့ လူမျိုးပေါင်းစုံ မြုပ်နှံခဲ့တဲ့ ရှေးဟောင်း လင်းဇင်းကုန်း သင်္ချိုင်းကို ဖျက်ပြီး မြို့ပြစီမံကိန်းထဲ ထည့်သွင်းဖို့ ကြိုးစားနေချိန်၊ အယုဒဘုရင်ဟောင်းရဲ့ အုတ်ဂူကိစ္စ ပေါ်ပေါက်လာခြင်းဟာ သူတို့အတွက် အကျပ်အတည်း တခုဖြစ်စေတယ် လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

ဒါ့အပြင် အမရပူရခေတ် ရှေးဟောင်း ဘုန်းကြီးကျောင်းကြီးများ၊ တံတိုင်းကြီးများ ထပ်မံတွေ့ရှိရတဲ့ အတွက် ရှေးဟောင်း အဆောက်အဦးများ ထိန်းသိမ်းစောင့်ရှောက်လိုသူများရဲ့ ဝေဖန်မှုကို မန္တလေးစည်ပင်သာယာအဖွဲ့ အနေနဲ့ အပြင်းအထန် ဝေဖန် ခံနေရပါတယ်။

မြန်မာအစိုးရယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေက “လက်ရှိ အနေအထားမှ မန္တလေးစည်ပင်သာယာက တားမြစ်တာကတော့ ဆက်မလုပ်စေချင်တော့တဲ့ သဘောပဲ၊ ဒါပေမယ့်  ဘူဒိုဇာနဲ့တော့ ထိုးဖျက်လောက်တဲ့ အထိတော့  မလုပ်ဘူး လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနဲ့ကတော့ ယခုအချိန် အထိ ထိုင်းဘုရင်ဂူနဲ့ ပတ်သက်ပြီး သုတေသနပြု တူးဖော်တဲ့ လုပ်ငန်းတွေမှာ ဘတ်ဂျက်ငွေကြေး မရှိတဲ့ အတွက် လေ့လာသူ အဖြစ်ကလွဲလို့ ပါဝင်ပတ်သက်ခြင်း မရှိပါဘူး။

အဲဒီအတွက်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုဝန်ကြီးဒေါ်စန္ဒာခင် ကိုယ်တိုင် သမိုင်းဝင် ထိုင်းဘုရင် အရိုးအိုးစေတီနဲ့ ပတ်သက်ပြီး ထိန်းသိမ်းဖို့ ငွေကြေး မရှိဘူး၊ အနွယ်တော်တွေ အနေနဲ့ ထိန်းသိမ်းနိုင်တယ် လို့ လွန်ခဲ့တဲ့ ၂၀၁၂ခုနှစ် အမျိုးသားလွတ်တော်မှာ ဖြေဆိုသွားဖူးပါတယ်။

ယဉ်ကျေးမှု ဝန်ကြီးဌာန အနေနဲ့ ဒီရှေးဟောင်းအုတ်ဂူကို ထိန်းသိမ်းချင်စိတ် ရှိမရှိဆိုတာ  ဝန်ကြီးဦးအေးမြင့်ကြူ အပေါ်မှာ မူတည်နေတယ် လို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက အရာရှိတချို့က ဆိုပါတယ်။

ဒါပေမယ့် ထိုင်းယဉ်ကျေးမှု ဝန်ကြီးဌာန အနေနဲ့ကတော့ မြန်မာအစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်တစား ရှိနေပါတယ်။

ထိုင်းပြည်သူတွေ အနေနဲ့တော့ အယုဒ္ဓယဘုရင်ဟောင်း အုတ်ဂူ တူးဖော်ခြင်းနဲ့ပတ်သက်ပြီး စိတ်ဝင်တစားရှိကာ ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုလားနေကြတယ် ဆိုတာ လူမှုကွန်ရက် facebook ပေါ်မှာ ပြောဆိုဆွေးနွေး ပြောဆိုမှုတွေ ကြည့်ရင်သိနိုင်တယ်လို့ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ် အာရှယဉ်ကျေးမှုနှင့် ဘာသာစကား လေ့လာရေး ဌာနမှ ဆစ်တီပွန် နာနီယွန် (မြန်မာအမည် ဦးညိုဝင်း) က ဆိုပါတယ်။

“ဘုရင်ရဲ့ အရိုးတွေ ဟုတ်လား မဟုတ်ဘူးလား၊ အစစ်လား၊ မစစ်ဘူးလားကို အဓိက မဟုတ်ပါ၊ ဒါပေမယ့် ထိုင်းနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်တာက အရေးအကြီးဆုံးပါ” လို့ သူက ဆက်ပြောပါတယ်။

ဆင်ဖြူရှင်မင်း လက်ထက် အယုဒ္ဓယကို အောင်နိုင်ပြီး ယိုးဒယားမင်း အပါအဝင် ညီတော် နှမတော်၊ မိဖုရား၊ မောင်းမမိဿံ၊ သူဌေးသူကြွယ်၊ ပန်းထိမ်၊ ပန်းပဲ၊ ပန်းရန်၊ ရွှေခြည်ထိုး လက်မှု ပညာသည်များ၊ အဆိုအတီး ပညာရှင်များ၊ အချက်အပြုတ် ကျွမ်းကျင်သူများမှ အစ အိမ်ထောင်စုပေါင်း များစွာ အင်းဝသို့ ခေါ်ဆောင်ခြင်း ခံခဲ့ရပါတယ်။

မန္တလေးနှင့် အင်း၀ တဝိုက် လာေရောက် အခြေချသည့် ထိုင်းလူမျိုးများကို အစွဲပြုပြီး ရဟိုင်းဈေး မုန့်တီစု၊ မင်းသားစု၊ မိချောင်း တံတားနှင့် ယိုးဒယားဈေး စသည့် အမည်များ မှည့်ခေါ်ထားပြီး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ကိုးကွယ်မှု၊ အနုပညာ၊ လက်မှုပညာနှင့် အစားသောက် တချို့မှာ ယခုတိုင် ရှိနေဆဲ ဖြစ်ပါတယ်။

သဲပုံစေတီ တည်ခြင်း၊ ရာမနတ် ကိုးကွယ်ခြင်း စသည့် ဓလေ့များ၊ အနုပညာဘက်၌ ရာမဇာတ်၊ အီနောင် ဇာတ်တော်ကြီး များ၊ ပန်းမြိုင်လယ် ယိုးဒယား (ဖရင်းချား) စသည့် သီချင်းကြီးများ၊ အစားအစာ၌လည်း မြန်မာများ စားသုံးနေသည့် မုန့်လက်ဆောင်း (ခနုံလော့ချောင်း)၊ မုန့်တီ၊ ရွှေကြည်ဆနွမ်းမကင်း၊ ခနုံခေါပုတ်၊ ဟင်းလေး စသည့် အစားအစာများမှာ ယခုတိုင် မြန်မာ့ဓလေ့တွင် တင်ကျန် နေသည့် အရာများ ဖြစ်ပါတယ်။

ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတပုဒ်တွင်လည်း ထိုင်း ယဉ်ကျေးမှု ဌာနက မြန်မာနိုင်ငံ မန္တလေးနှင့် စစ်ကိုင်းဒေသများ၌ ရှေးခေတ် အယုဒ္ဓယ ယဉ်ကျေးမှု အမွေအနှစ်များ ရှာဖွေဖော်ထုတ်ရန် စီစဉ်နေကြောင်း ရေးသားထားပါတယ်။

Loading