၈၈ အရေးတော်ပုံ ကာလအတွင်း မြန်မာနိုင်ငံ၏ သတင်းများကို British Broadcasting Corporation (BBC) သတင်းဌာနသို့ ပေးပို့ ခဲ့သူ ဦးနေမင်းကို မတ်လ ၁၀ ရက် က ရန်ကုန်မြို့တွင် ကျင်းပသော East West Center ၏ မီဒီယာ ကွန့်ဖရင့်တွင် သတင်းစာဆရာများက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ဦးနေမင်းအား ပေးအပ်သည့် သတင်းစာ လွတ်လပ်ခွင့်ဆုကို ဆွီဒင် သတင်းစာဆရာ ဘာတေးလ် လင့်တ်နာ၊ ပြည်ပ အခြေစိုက် မြန်မာ သတင်း သမဂ္ဂမှ ဦးဇင်လင်းနှင့် VOA မြန်မာပိုင်း အစီအစဉ် ဋ္ဌာနမှူး ဦးသန်းလွင်ထွန်း တို့က ဂုဏ်ပြုလွှာ၌ လက်မှတ် ရေးထိုးပြီး ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ဂုဏ်ပြုလွှာတွင် မြန်မာနိုင်ငံ သတင်းစာ လွတ်လပ်ခွင့် အတွက် စွမ်းစွမ်းတမံ ပါဝင် ဆောင်ရွက်ခဲ့သော ရဲစွမ်း သတ္တိအား ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်ဟု ဖော်ပြထားသည်။ ဦးနေမင်းသည် ၈၈ အရေးတော်ပုံ ကာလတွင် BBC သတင်းထောက် ခရစ္စတိုဖာ ဂါးနက်နှင့် ဆက်သွယ်၍ ရန်ကုန်မြို့ ဆန္ဒပြပွဲများ အကြောင်းနှင့် မြန်မာပြည်ဆိုင်ရာ သတင်းများကို ပေးပို့ခဲ့သောကြောင့် အစိုးရက ၎င်းကို ထောင်ဒဏ် ၈ နှစ်စီ နှစ်ကြိမ် ပြစ်ဒဏ် ချခဲ့သည်။ ၈၈ ကာလအတွင်း ဘီဘီစီ သတင်းဌာနသို့ သတင်းပေးပို့မှုများ ၊ ၈၈ ကာလ သူ၏ ထောင်တွင်း အတွေ့အကြံများနှင့် ၈၈ ဖြစ်ရပ်များကို ဦးနေမင်းက အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်ကို ယခုလို ပြောပြသည်။
မေး – ၈၈ ခုနှစ်မှာ အဖမ်းခံရတော့ ဦးနေမင်းရဲ့ ထောင်တွင်း အတွေ့အကြုံကိုလည်း သိပါရစေ။
ဖြေ – အဖမ်းခံရတော့ အရင်ဆုံး ထောက်လှမ်းရေးက တော်တော်လေး နှိပ်စက်တယ်။ ပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်တယ်။ ဘာပစ္စည်းမှ ယူချိန်မရအောင် လုပ်လိုက်တော့ လက်ထဲမှာ ဆပ်ပြာ ၂ တုံးပဲ ပါတယ်။ ဆပ်ပြာကလည်း အရင်က တလလောက် ထိန်းသိမ်းခံရဖူးတုန်းက ဝဲတွေပေါက်လို့ ဆပ်ပြာဆောင်ထားတာ။ အိမ်ကလည်း ဒီနေ့ရုံးထုတ်ပြီး ထောင်ထဲကို ပို့မယ့်အချိန်မှာ အဝတ်အစားတွေကို လဲပေးမယ်ဆိုပြီး အဟောင်းတွေ ယူသွားတဲ့အချိန်မှာ အချိန်ကိုက် ကျနော့်ကို ကျောက်တံတား အချုပ်ခန်းကနေ အင်းစိန်ထောင်ကို ပို့လိုက်တယ်။
အင်းစိန်ထောင်ရောက်တော့ သမံတလင်းပေါ်မှာ ဖျာကြမ်း အစုတ်အကွက်ကျဲလေးခင်းပြီး အဲဒီအပေါ်မှာ ထမင်းစားတဲ့ သံပန်းကန်လေးကို ခေါင်းအုံးပြီး အိပ်ရတယ်။ လူက လေဖြတ်တော့မယ့် ပုံစံဖြစ်နေပြီ။ အရင်ဒဏ်တွေနဲ့ ပေါင်းပြီး လူက ကျန်းမာရေး အခြေအနေ ဆိုးနေပြီ။ သေမလို ဖြစ်နေပြီ။
ထောင်ပိုင် ဦးစိန်ဌေးကတော့ ပြောတယ်။ ခင်ဗျားကတဲ့ ထိန်းသိမ်းတဲ့အဆင့်ပဲ ရှိသေးတော့ ၁၀(က) နဲ့ ထိန်းသိမ်းတာ ဖြစ်တဲ့အတွက် ကျနော့်ထောင်ကို ထောက်လှမ်းရေးက လာပို့လို့သာ လက်ခံထားရတာတဲ့ ခင်ဗျားကို ဘာမှ လုပ်ပေးလို့ မရဘူးတဲ့။ လူကလည်း သမံတလင်းမှာ ဖျာကြမ်းခင်းပြီး ထမင်းပန်းကန်ကို ခေါင်းအုံး အိပ်နေရတဲ့ အခြေအနေကနေ ပြောင်းလဲမှုကြီးတခုက ရုတ်တရက်ကြီး ပေါ်လာတယ်။ ထောင်ပိုင် ရုတ်တရက် ရောက်ချလားပြီးတော့ ကိုယ်နေမကောင်းတာ၊ အခြေအနေတွေ မကောင်းတာ သိရက်သားနဲ့ ဦးနေမင်း နေကောင်းလားတဲ့။ ကျနော်ကလည်း ဒီမှာ လူမဆန်တဲ့ အနေအထားနဲ့ နေနေရတာ ဘယ်လို နေကောင်းမှာလဲလို့ ပြန်ပြောလိုက်တယ်။ အဲဒါနဲ့ ဟေ့ကောင်တွေ သူ့ကို Special Diet ပေးလိုက်တဲ့ ။ ဆေးရုံစာ ပေးတာ။ အစားအစာကို နှစ်ဆပေးတယ်။
ဆိုတော့ ဘယ်လိုကြီးလဲဟပေါ့။ တို့ကလည်း လုပ်ကတည်းက လူမသိ သူမသိ အသတ်ခံနိုင်ရတယ်ဆိုတာ ကြိုတွေးပြီးမှ လုပ်တာ။ ထောင်ထဲရောက်မှ ဒါလေးတော့ မစားနိုင်ဘူး။ ဒီလိုတော့ မနေနိုင်ဘူး။ ဒါလေးတော့ လုပ်ပေးပါလို့ ဘယ်တော့မှ မပြောဘူး။
အခုလို အထူးအခွင့်အရေး ဘာ့ကြောင့်ပေးလဲဆိုတာ စုံစမ်းလိုက်တော့ ကျနော်ကို ဆေးကုပေးနေတဲ့ ထောင်ဆရာဝန်က ပြန်ပြောပြတာ။ အပြင်မှာ သတင်းစာ ရှင်းလင်းပွဲတခု လုပ်သွားတယ်တဲ့။ အဲဒီပွဲမှာ နိုင်ငံခြား သတင်းထောက်တွေက ကျနော့်အကြောင်း မေးတယ်တဲ့။ နေမင်း နေကောင်းလား။ ကျန်းမာရေး ဆိုးနေတယ်ဆိုတာ ဟုတ်လားလို့ မေးတာ။ အဲဒါကို ဗိုလ်ချုပ်ခင်ညွှန့်က ဘာမဆိုင် ညာမဆိုင် Nay Min is a communist ဆိုပြီးတော့ ဖြေတယ်တဲ့။ မေးတာက တခြား ။ ဖြေတာက တခြားတဲ့။
နောက်တော့ ဘားတေးလ် ပြန်ပြောပြတာက ကျနော်က ခင်ဗျားအကြောင်း မေးလိုက်တော့ ဦးခင်ညွှန့်က ရုတ်တရက်ကြီး ဘာဖြေရမှန်း မသိတော့ ပါးစပ်ကနေ မဆီမဆိုင်တာတွေ ထွက်ကုန်တာတဲ့။ ခင်ဗျားကို ကွန်မြူနစ်တွေနဲ့ အလုပ်တွဲလုပ်မှန်းသိရင် နှခေါင်းရှုပ်အောင် တမင်ပြောလိုက်တာတဲ့။ အဲဒီအချိန်မှာ တခြားသတင်းထောက်တယောက်က နေမင်း ကွန်မြူနစ်ဖြစ်တာ ၊ ဆိုရှယ်လစ်ဖြစ်တာ စိတ်မဝင်စားဘူး။ သူ့ကျန်းမာရေး အခြေအနေကို ပြောပါဆိုတာ ဦးခင်ညွှန့်က သူမသိဘူးလို့ ပြောတယ်တဲ့။
အဲဒါလို သတင်းထောက်တွေ မေးတဲ့အတွက် ဦးခင်ညွှန်က နောက်ပိုင်းမှာ ထောင်ပိုင်ကို လှမ်းအကြောင်းကြားတဲ့အခါ ကျနော်ဆီကို ထောင်ပိုင်ရောက်လာတာပဲ။ အဲဒီတော့ သတင်းထောက်တယောက်ရဲ့ မေးခွန်းက လူတယောက်ရဲ့ ဘဝကို အကြီးအကျယ် ပြောင်းလဲ သွားစေနိုင်တယ်။ အရမ်း အံသြစရာကောင်းတယ်။
မေး – အခုလို သတင်းလွတ်လပ်ခွင့် အတွက် ဆုတွေဘာတွေ ပေးရလောက်အောင် ဦးနေမင်းက ၈၈ အတွင်းမှာ ဘာတွေများ လုပ်ခဲ့လဲ။ ဘီဘီစီကို သတင်းတွေ ပို့ခဲ့တယ်ဆို ဘယ်လိုပုံစံမျိုးတွေနဲ့ အလုပ်လုပ်ခဲ့တာလဲ။
ဖြေ – ၈၈ မှာ တချို့ကိစ္စတွေက တို့ကိုယ်တိုင် ထဲထဲဝင်ဝင် ပါခဲ့တာ။ သတင်းထောက်လို ကိုယ်မြင်တာ ကြားတာကို သတင်းပို့တာထက် အများကြီး ပိုလုပ်ခဲ့တယ်။ ကိုယ်က သတင်းပုံရိပ်ကို ပြောပြီးရင် နမိတ်ပုံလေးတွေနဲ့ ဒီလိုလုပ်မှ ဖြစ်တော့မယ်နော်ဆိုပြီး လုပ်ခဲ့မိတယ်။ ဒီလို ဘီဘီစီနဲ့ ပြောခွင့်ရတဲ့ အခွင့်အရေးလေးဟာ ဒီတချိန်ပဲ ရခဲ့တယ်။ ပြည်သူထဲမှာ တကယ်ဖြစ်ပျက်နေတဲ့ သတင်းတွေဟာ သတင်းစာတွေ အပေါ်မှာ မပါဘူး။ တို့မှာ အားကိုးစရာက လွတ်လပ်တဲ့ တကမ္ဘာလုံးလည်း ကြားနိုင်တဲ့ တပြည်လုံး ကြားနိုင်တဲ့ အခွင့်အရေး ရှိမှ မရှိတာ။ အဲဒီအချိန်မှာ ရလိုက်တဲ့ အခွင့်အရေးကို သတင်းသမားတယောက်အနေနဲ့ မဟုတ်ဘဲနဲ့ ကိုယ်တိုင်ပါဝင်ပြီး ဘာလုပ်သင့်တယ် ဆိုတာမျိုး ပြောလိုက်ရတာမျိုး ရှိတယ်။
ဒါတွေကြောင့် ခေတ်ကြီးတခေတ်လည်း တကယ်ပြောင်းသွားတယ်။ ထုတ်ပြောရင်လည်း ကိုယ့်ကိုကိုယ်ဖော် မသူတော်ဆိုတဲ့ ဗမာစကားပုံလည်း ရှိတယ်။ အဲဒါကြောင့်လည်း ၈၈ တုန်းက အကြောင်းတွေကို လူသိရှင်ကြား ထုတ်ပြောဖို့ ဆန္ဒကို မရှိခဲ့ဘူး။ အခုကာလကလည်း နှစ်အစိတ်လောက် ကြာသွားပြီဆိုတာ့ အဲဒီတုန်းက လူထုအားကိုးခဲ့တဲ့သူတွေကလည်း တိုင်းပြည်ကို အပြောင်းအလဲ ဖြစ်အောင် မလုပ်နိုင်ခဲ့ကြဘူး။ ၈၈ တုန်းက ပြည်သူတွေ လိုလားတဲ့ ဆန္ဒသဘောထားတွေကလည်း တိမ်းလွဲသွားကုန်ကြပြီ။ တချို့ဆို ဖောက်ပြန်သွားကြပြီ။ တချို့ဆို ဘဝတွေ ပျက်သွားကြတယ်။ တချို့က နိုင်ငံခြားကို ပြည်ပြေးဘဝနဲ့ ရောက်သွားကြတယ်။ ငါပါဝင် ပတ်သက်ပြီး ငါလုပ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ဒီလူတွေ ဒီလိုခံစားနေရပါလားဆိုတဲ့ အဖြစ်တွေကို မြင်တဲ့အခါမှာ အခုအိပ်မပျော်ဘူး။
၈၈ သတင်းတွေ ပေးရင်းနဲ့ ၈ လေးလုံး Target Date က တို့ပေးလိုက်တာ။ ဒါပေမယ့် ဒါဟာ ဘလိုင်းကြီး ပေးတာ မဟုတ်ဘူး။ အခြေအနေ အရပ်ရပ်တွေကို တွက်ဆပြီး သိထားလို့ ပေးလိုက်နိုင်တာ။ မဆလ အစိုးရ အခြေအနေ ၊ သူတို့ရဲ့ အတွင်းရေးတွေကို သိထားလို့ပဲ။ ဦးနေဝင်းရဲ့ ဇာတာ ၊ တိုင်းပြည်ရဲ့ ဇာတာ အခြေအနေတွေကို ကြည့်ပြီး တိုင်းပြည်အပြောင်းအလဲ ဖြစ်တော့မယ်ဆိုပြီးတော့ ရန်သူ အကြောက်ဆုံးအချိန်မှာ တိုက်ပွဲခေါ်သံပေးလိုက်တာ။ တကယ်ဆို မဆလက အင်မတန်ခိုင်ခံအောင် တည်ဆောက်ထားတဲ့ ယန္တရားကြီး။ ၈ လေးလုံးဆိုတာ ဘယ်အဖွဲ့အစည်း၊ ဘယ်ကျောင်းသားနဲ့မှ မပတ်သက်ဘူး။ လူထုက ပေါက်ကွဲချင်နေပြီ။ အတိုင်အဖောက် လုပ်ပေးမယ့် ပုဂ္ဂိုလ် အဖွဲ့အစည်း တယောက်ယောက်ကသာ လုပ်ပေးလိုက်ရင် ပေါက်ကွဲမယ်ဆိုတာ ကျနော်သဘောပေါက်ခဲ့တယ်။ ကျနော်အခုလို ထုတ်ပြောရင် ခင်ဗျားကြီးက သိပ်ကြွားတာပဲ ဖြစ်အုံးမှာ။
အဲဒီအချိန်မှာ လူသိရှင်ကြား ဖြစ်သွားရင် အလုပ်မဖြစ်တော့ဘူး။ အာဏာရှင်ကို ဖြုတ်ချမယ့် ကာလကြီးမှာ ဒီလူ ဘယ်လိုလို့ အလုပ်လုပ်လို့ ရတော့မလဲ။
မေး – ၈ လေးလုံး အရေးတော်ပုံကြီး ပေါ်လာအောင် လုပ်ဖို့က ဘီဘီစီ သတင်းထောက် ခရစ်စတိုဖာ ဂါးနက်နဲ့ ဘယ်လို ချိတ်ဆက်မိသွားတာလဲ။
ဖြေ – တိုင်းပြည်က မငြိမ်သက်တဲ့အခါ မဆလက အရေးပေါ် ပါတီညီလာခံ ခေါ်တယ်။ ဇူလိုင်လ ၂၀ ဝန်းကျင်မှာ ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကနေ ဗမာပြည်ဆိုင်ရာ သတင်းတွေ သီးခြားရယူဖို့အတွက် အပြည်ပြည်ဆိုင်ရာ သတင်းထောက် ခရစ်စတိုဖာ ဂါးနက်ကို တာဝန်ပေး စေလွှတ်ထားပါတယ် ။ ရောက်ရှိနေပါပြီလို့ အသံလွှင့်သွားတယ်။
အဲဒီအချိန်မှာ ဘီဘီစီက ဌာနေသတင်းထောက် ဦးမောင်မောင်က အလုပ်မလုပ်ဘူး။ ဟိုကလည်း ဒီမှာ အရေးပေါ် အခြေအနေ ဖြစ်နေတာကို သိတော့ ခရစ်စတိုဖာ ဂါးနက်ကို လွှတ်တာ။ ဘီဘီစီ မြန်မာပိုင်းက အဲဒီလို အသံလွှင့်ပြီး နာရီဝက် လေးဆယ့်ငါးမိနစ်လောက်ပဲ ကြာမယ် Strand ဟိုတယ်က ဖုန်းတလုံး ဝင်လာတယ်။ Strand ဟိုတယ်မှာ အော်ပရေတာ လုပ်တဲ့ ကလေးမလေးက သူ့အမှုကိစ္စတချို့ကို ဦးက ကူညီခဲ့ဖူးတယ်။ အဲဒီကလေးမလေးရဲ့ ယောကျာၤးလေး မိတ်ဆွေ RIT ကျောင်းသားလေး ရှိတယ်။ အဲဒီကောင်လေးကလည်း ဘုန်းမော် ကိစ္စနဲ့ အင်းစိန်ထောင်ထဲကို ရောက်နေတယ်။ သူက တို့ဘာတွေ လုပ်နေလဲဆိုတာ သိတယ်။
ဂါးနက်က Strand ဟိုတယ်မှ တည်းနေတာ။ သူက ကြုံတဲ့ ဝန်ထမ်းတွေကို ကျောင်းသားတွေနဲ့ တွေ့ချင်တယ်။ ဘီဘီစီအတွက် သတင်းယူဖို့လာတာ ဆိုပြီးတော့ လိုက်ပြောနေတယ်။ ဝန်ထမ်းတွေနဲ့ တွေ့ချင်တယ်။ နိုင်ငံရေး သမားတွေနဲ့ တွေ့ချင်တယ်ဆိုပြီး လိုက်ပြောနေတာ။ အဲဒီမှာ ကလေးမလေးက ကျောင်းသားကိစ္စတွေ လိုက်လုပ်နေတဲ့ ရှေ့နေတယောက် ရှိတယ်။ တွေ့မလားဆိုပြီး မေးလိုက်တော့ ဟိုကောင်က တွေ့မယ်လို့ ပြောတဲ့အတွက် တို့ဆီဖုန်းလှမ်းဆက်တာ။
ဦးလေး အတွေ့ခံနိုင်လားလို့ မေးတယ်။ တို့ကလည်း တွေ့မယ်ပြောတော့ Strand ဟိုတယ်ကို ကြွပါတဲ့။ အဲလိုတော့ မလာနိုင်ဘူးလို့။ အဲဒီတော့ ဒီလိုလုပ်လို့။ နေ့လည် ၁၁ လားမသိဘူး။ အချိန်တခု သတ်မှတ်လိုက်ပြီးတော့ အဲဒီအချိန်မှာ ဟိုတယ်က ထွက်လာခဲ့လို့။ တို့နည်း တို့ဟန်နဲ့ လူတယောက်က လာပြီးတော့ ကပ်ခေါ်သွားလိမ့်မယ်လို့ ပြောလိုက်တယ်။ သူတို့ဘက်ကလည်း သဘောတူတယ်။
သူ့ကို သွားပြီးခေါ်တဲ့ ပုဂ္ဂိုလ်က ဦးကြူကျော်စိန်လို့ ခေါ်တယ်။ သူက ဗမာ-မွတ်စလင်။ အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်တယ်။ သူက ပြည်ထောင်စုဘဏ်ရဲ့ စာရင်းစစ်အဖွဲ့မှာ အကြီးတန်း စာရင်းစစ်တယောက်ပေါ့။ ဂါးနက်က ဟိုတယ်ကလည်း ထွက်လာရော သူက ကပ်ပြီးတော့ စက်ဆန်းဘက်ကို ခေါ်လာတယ်။ စက်ဆန်းဘက်မှာ ဘယ်သူရှိလဲဆိုတော့ အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာ လှဘော်ဆိုတာ ရှိတယ်။ အဲဒီဆရာဝန်ကြီးကို ဝင်ခေါ်ပြီး တာမွေမြို့နယ်က ဦးကြူကျော်စိန်ရဲ့အိမ်မှာ ခရစ်နဲ့ အင်တာဗျူး လုပ်ကြတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီအချိန်မှာ တာမွေက ကျိုက်ကဆံကွင်းမှာ ဦးနေဝင်းက ပါတီအရေးပေါ် ညီလာခံ လုပ်နေတယ်။ တပါတီ ကြိုက်သလား၊ ပါတီစုံ ကြိုက်သလားဆိုပြီး ပြောနေတဲ့ အချိန်ပေါ့။ တို့ကလည်း ဒီဘက်မှာ မွတ်စလင်တွေ ဘယ်လိုအသတ်ခံရတဲ့ အကြောင်း၊ ကျောင်းသားတွေ အကြောင်း ပြောနေပြီ။ ပြီးမှ ခရစ်ကို ကားနဲ့ ပြန်ပို့ပေးလိုက်တယ်။
ညပိုင်းလည်း ကျရော ဘီဘီစီ သတင်းဖွင့်ပြီး နားထောင်လိုက်တဲ့အခါကျတော့ ရှက်သလိုလို ရွှံ့သလိုလိုတောင် ဖြစ်တယ်။ ဒီကောင်က သတင်းသမား သတိထားဖို့ ပြောတာပါ။ ဒေသန္တရ ကျွမ်းကျင်ဖို့လည်း လိုတယ်။ သူက ဘယ်လို့လွှင့်လိုက်လဲ ဆိုတော့ ရန်ကုန်မြို့တွင် သူပုန်ရပ်ကွက် တနေရာမှတဲ့ဗျာ။ ရန်ကုန်မြို့မှာ သူပုန်ရပ်ကွက်မှ မရှိတာ။ တကယ်တော့ သူသုံးလိုက်တဲ့ ရပ်ကွက်က ဦးနေဝင်း မိန့်ခွန်းပြောနေတဲ့ ရပ်ကွက်။ တာမွေမြို့နယ်ထဲမှာ လုပ်ခဲ့တာလေ။
နောက်ပိုင်း ဂါးနက်နဲ့ တွဲလုပ်ဖို့ ကြိုးစားပေမယ့် ဒီကောင်က ကိုယ့်ကို အင်္ဂလိပ်စာ မတတ်လို့ဆိုပြီး အထင်မကြီးဘူး။ ဒါပေမယ့် သူ့ကို ကျောင်းသားတွေနဲ့ အဆက်အသွယ်ရအောင် ချိတ်ပေးလိုက်တယ်။ ကလေးတွေ အဖမ်းမခံရအောင် ဘယ်လို လုပ်ရမယ်ဆိုတာ ပြောလိုက်သေးတယ်။ အဲဒီကိစ္စတွေ ပြီးသွားတော့ ဂါးနက်က ၇ ရက် ဗီဇာပဲ ရတော့တယ်။ ပြန်ထွက်ပြီး ပြန်အဝင်လျှောက်တော့ မရတော့ဘူး။
၈၈ အရေးတော်ပုံ ကာလအတွင်းမှာ ခရစ်စတိုဖာ ဂါးနက် သတင်းကနေ တို့အဖမ်းခံရတဲ့ အချိန်အထိ ဒေါက်တာစံသာဖြူက ကြားကနေ အများကြီး ကူညီခဲ့တယ်။ အဲဒီမှာ တို့ကလည်း ဘာပြန်လုပ်ခဲ့လဲဆိုတော့ ခရစ် မင်းငါပေးတဲ့ သတင်းကို လိုချင်လားဆိုတော့ လိုချင်ပါတယ်တဲ့။ အဲဒါဆိုရင် အခုချိန်ကစပြီးတော့ ဗမာပြည်ထဲက တခြားသူဆီက မယူရဘူး။ အဲဒါသဘောတူလားလို့ မေးလိုက်တယ်။
သူက ဘာဖြစ်လို့လဲတဲ့။ ငါပေးတဲ့ သတင်းကို ငါတာဝန်ယူမယ်လို့။ သူကလည်း သတင်းကို ဘယ်ကမှ ရဖို့ သိပ်မလွယ်တော့ သဘောတူလိုက်တယ်။ ဇူလိုင်လကုန်ပိုင်းလောက်ကနေ သတင်းတွေ စပို့ဖြစ်တယ်။ ဒက်ကာမှ ပေးပို့သော ခရစ်စတိုဖာ ဂါးနက်ရဲ့ သတင်းဆိုပြီး ဘီဘီစီမှာ တောက်လျှောက်ပါတယ်။ ဘယ်မှာ ပေါက်သွားလဲဆိုတော့ ကိုယ်က ၈ လေးလုံးကို Target Date ပေးလိုက်တယ်။ ပေးလိုက်တဲ့အတိုင်းလည်း တကယ်ကို ဖြစ်တယ်။ သတင်းတွေမှာလည်း ပုံဖော်တယ်။ လူထုကိုလည်း လှုံဆောင်ပေးနေတယ်။ ၈ လေးလုံးကလည်း ပြောတဲ့အတိုင်းလည်း တကယ်ထဖြစ်ရော ဒီသတင်းကို ဘယ်သူ့ဆီကရလဲဆိုပြီး ခရစ်ကို သူ့အထက်က လူကြီးတွေက မေးကြတယ်။ တို့ကလည်း ခရစ်ကို ငါ့နာမည်ကို ဘယ်သူ့မှ မပြောနဲ့။ ငါ့မှာ အန္တရာယ် ရှိလိမ့်မယ် ဆိုပြီး ပြောထားတာ။ အထူးသဖြင့် ဗမာတွေ မသိစေနဲ့လို့ မှာထားတာ။ နောက်ကျ ၈ လေးလုံးအပြီး နောက်ရက်ပိုင်းလေး အတောအတွင်းမှာ တို့ဆီကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ်က အမျိုးသမီးတယောက်က လှမ်းပြီး ဖုန်းဆက်ရော။ ကိုယ်လန့်သွားတယ်။ ကျနော် မအားသေးဘူးလို့ ပြန်ပြောပြီး ရှောင်လိုက်တယ်။
ခရစ်ဖုန်းဆက်တော့ မေးကြည့်တယ်။ ဘာလို့ ဖုန်းစောင့်တာလဲဆိုတော့ အဲဒီတုန်းက နိုင်ငံခြားကို ဆက်ချင်ရင် တန်းခေါ်လို့ မရဘူး။ အော်ပရေတာ အိတ်ချိန်းကို ဖြစ်ရတယ်။ အော်ပရေတာက ထောက်လှမ်းရေး စောင့်နေတာ။ ဆိုတော့ တခါတည်း အတိုင်အဖောက် လုပ်ထားတယ်။ မင်းကပဲ ဖုန်းခေါ်ပေး။ ငါစောင့်မယ် ဆိုပြီးတော့။ အပြင်ကဆက်ရင် တန်းဝင်တယ်လေ။ တနေ့မှာ ဘယ်အချိန်တွေကို ဆက်ပါဆိုပြီး အတိုင်အဖောက် လုပ်ထားတယ်။ တနေ့ လေးကြိမ် သတ်မှတ်ထားတယ်။ မနက် ၊ နေ့လည် ၊ ည ပြီးတော့နောက်တနေ့ လင်းအားကြီး အချိန်လောက်ပေါ့ ။ ဒီကြားထဲမှာမှ ထူးခြားတဲ့ အချိန်ဆိုရင် နောက်ဘယ်နှစ် မိနစ် ၊ ဘယ်နှစ်နာရီလောက်ကျရင် ပြန်ဆက်ဦးဆိုတာမျိုး လုပ်ရတယ်။
အဲလို အချိတ်အဆက်နဲ့ သွားတာ။ အဲဒါကြောင့် ထောက်လှမ်းရေးက ကိုယ့်ကိုမမိတာ။ ထောက်လှမ်းရေးက ကိုယ့်ကို မိတော့ စက်တွေ တောင်းတယ်။ မင်းမှာ အဆင့်မြင့် ဆက်သွယ်ရေးစက်တွေ ရှိရမယ်တဲ့။ မဟုတ်ဘူး ငါဟောဒီ ရိုးရိုးဖုန်းနဲ့ပဲ ပြောတာ။ ငါ ဗမာလိုပဲ ပြောတာဆိုတဲ့ဟာကို မယုံကြဘူး။
အဲဒီမှာ ဟေ့ကောင် ငါ့ကို ဘီဘီစီ မြန်မာပိုင်းက သိသွားပြီ။ ဘယ်လိုဖြစ်တာလဲလို့ မေးတော့။ မင်းသတင်းတွေက အရမ်းကောင်းနေတော့ ဒက်ကာကနေ ဘယ်လိုလုပ်ပြီး ဒီသတင်းတွေရနေတာလဲ။ အထဲမှာ Source ကောင်းကောင်း ရှိရမယ်ဆိုပြီး သူ့အထက်က ဂျိမ်းစ်ကယ်လာဟန်က တောင်းလို့ ကိုယ့်ဖုန်းနံပါတ် ပေးလိုက်ရတယ်တဲ့။
မေး – အဲဒီအချိန်ထိ ဦးနေမင်းက ဘီဘီစီကို သတင်းတွေ ပို့ပေးနေပေမယ့် သတင်းထောက်မဟုတ်သေးဘူးနော်။ ဘီဘီစီရဲ့ တရားဝင် သတင်းထောက် မဖြစ်ခဲ့ဘူးလား။
ဖြေ – သတင်းတွေ ပို့ပေးနေပေမယ့် သတင်းထောက် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က မရှိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် တို့ခေတ်တုန်းက သတင်းထောက်လည်း အထင်မကြီးဘူးကွ။ ဖဲဝိုင်းတို့ လောင်းကစားဝိုင်းတို့မှာ ပိုက်ဆံလိုက်တောင်းတဲ့ ကောင်လို့ပဲ ထင်နေတာ။ ဒါပေမယ့် မမျှော်လင့်သော အကြောင်းတရားနဲ့ ဘဝက အဲဒီလို ဖြစ်နေတော့ ဟိုဘက်မှာကလည်း တရားဝင် သတင်းထောက် ဦးမောင်မောင်က အသံတိတ်နေတယ်။ ဒီလိုပဲ လူသိမခံဘဲ ကြိတ်ပြီးလုပ်နေရင်းက ပြည်တွင်းမှာ နာမည်နည်းနည်းရှိတဲ့ သတင်းထောက်ကြီး တယောက်ရှိတယ်။ ကျားလေးလို့လဲ ခေါ်တယ်။ ဦးအုန်းကြိုင်လို့လည်း ခေါ်တယ်။ မြန်မာ့အလင်း သတင်းစာက။
အင်းစိန်ဘက်မှာ သတင်းတခု ယူအောင်သွားရင်းနဲ့ သူနဲ့တွေ့တယ်။ သူက ဘာပြောလဲဆိုတော့ ခရစ်စတိုဖာ ဂါးနက်ဆိုတဲ့ကောင်က စီအိုင်အေပဲ ဖြစ်ရမယ်ကွ။ ဗမာပြည်က သတင်းတွေကို ဒီလောက် မြန်မြန်နဲ့ တိတိကျကျ ရနေတာ စီအိုင်အေပဲ ဖြစ်ရမယ်တဲ့။ သူက အဲလိုပြောတော့ ငါလည်းလန့်သွားတယ်။ ငါလည်း သူ့ကို ထုတ်ပြောလိုက်တယ်။ ခရစ်စတိုဖား ဂါးနက်က စီအိုင်အေ မဟုတ်ပါဘူးဗျာလို့။ ကျနော် ဂါးနက်ရှဲဒိုးအနေနဲ့ လုပ်နေတာလို့ ပြောတော့ သူက ကိုယ့်ကို မယုံတော့ဘူး။
တို့ဗမာတွေကလည်း အချင်းချင်း အထင်သေးတယ်ကွ။ တခုတော့ သင်ခန်းစာ ရလိုက်တယ်။ အင်းငါတော့ ပြဿနာရှိပြီလို့။ အစိုးရက ငါ့ကိုမိရင် စီအိုင်အေဆိုပြီး ဆွဲထည့်တော့မှာလို့။ အဲဒါနဲ့ ဂါးနက်ကို ပြောရတာပေါ့။ အခုအခြေအနေ ဂျိမ်းကယ်လာဟန်က ဆက်လုပ်ဆိုတဲ့ အနေအထားအရ ဆက်လုပ်နေတာ။
စီအိုင်အေဆိုတဲ့ စကားလုံးကို လန့်ပြီး ကျနော့်ကို ဘီဘီစီကနေပြီးတော့ အသိအမှတ်ပြုကတ်ပြားလေး တခုလောက် ထုတ်မပေးနိုင်ဘူးလားလို့ ဆိုတော့ ဂါးနက်က သူတောင်းပေးမယ်တဲ့။ ဋ္ဌာနမှူးက ခင်ဗျားကို သိပြီးသားတဲ့။ နောက်ရက်တွေကျတော့ ဘီဘီစီ မြန်မာပိုင်းက ကျနော်ကိုဆက်သွယ်ပြန်ရော။ အဲဒါနဲ့ကျနော်က သတင်းထောက် အသိအမှတ်ပြုကတ် ပို့မပေးသေးဘူးလားလို့ မေးလိုက်တော့။ ပို့လိုက်တာ ကြာပြီတဲ့။ ဗြိတိန်သံရုံးမှာ သွားထုတ်လိုက်လို့ ပြောတယ်။ ကျနော်ကလည်း သွားမယူနိုင်ဘူးလို့။ ရောက်ရင် ကျနော့်ဆီကို အကြောင်းကြားရမှာပေါ့လို့။ သူတို့ကလည်း အကြောင်းကြားဖို့ ပြောလိုက်ပါ့မယ်ဆိုပြီး ကျနော်အဖမ်းခံရပြီး ထောင်သာကျသွားတယ် ဘီဘီစီက သတင်းထောက် ခန့်စာ မမြင်လိုက်ရပါဘူးဗျာ။
မေး– အခုလို ၂၅ နှစ်လောက်ကြာမှ ဂုဏ်ပြုမှတ်ရတဲ့ အပေါ်မှာ ဘာပြောချင်ပါလဲ။
ဖြေ – ဆုပေးမယ်မှန်း သိလို့ရှိရင် ကျနော်သွားချင်မှ သွားမှာ။ အခုခေတ် ရှုပ်ရှုပ် ၊ ရှုပ်ရှုပ်နဲ့ ဖြစ်နေတဲ့ အထဲကို ကျနော်ပြန်မသွား ချင်တော့ဘူး။ ၈၈ တုန်းက အလုပ်လုပ်ခဲ့တဲ့ သူတွေကလည်း အခု မသန့်ကြတော့ဘူး။ အခု ဘာတေးလ်က လှမ်းခေါ်တော့ ကိုယ့်ရဲ့ ကျေးဇူးရှင်ဆိုပြီးတော့ သွားတာ။ ထိုင်ပါ ။ နားထောင်ပါဆိုတော့ ထိုင်နေတာပေါ့ ။ ပြီးတော့ကိုယ့်အကြောင်းပြောတယ်။ ပြောလည်းပြီးရော ကျနော်တို့ သူ့ကို ဆုချီးမြင့်ဖို့ အစီအစဉ်ရှိပါတယ် ဆိုပြီးတော့ ကျနော့်ကို စင်ပေါ်လှမ်းခေါ်တယ်။ ပြီးတော့ ဒီလက်မှတ်ကလေး ပေးလိုက်တာပါပဲ။