ဦးသိန်းစိန် အစိုးရက သစ်တောများကို ကာကွယ်ရန် အားထုတ်သည့် အနေဖြင့် ယခုနှစ် ဧပြီလ ၁ရက်နေ့မှ စတင်၍ သစ်များကို အလုံးလိုက်တင်ပို့ခြင်းကို တားမြစ်တော့မည်ဖြစ်၍ ယခင်စစ်အစိုးရလက်ထက်က အများ၏ ဝေဖန်ပြောဆိုမှုများကြားမှ ဝင်ငွေ အများအပြား ရှာဖွေနိုင်ခဲ့သည့် သစ်လုပ်ငန်းကဏ္ဍအတွက် အမြန်အစွန်း ထိခိုက် ကျဆင်း မှုများရင်ဆိုင်ရတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံသည် အာရှတိုက်တွင် သစ်တောဧရိယာ ကျယ်ကျယ်ပြန့်ပြန် ကျန်နေသေးသည့် နိုင်ငံအနည်းငယ်ထဲမှ တခု ဖြစ်သည်။ မြောက်ဖက် ဟိမဝန္တာတောင်ဆွယ်များ၏ ဆင်ခြေလျှောများမှသည် တောင်ဖက်ရှိ မုတ်သုန်သစ်တောများအထိ သစ်တောများ ဖုံးလွှမ်းနေခဲ့သည်။
သို့သော်လည်း သစ်တောများ လျှင်လျှင်မြန်မြန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
၁၉၉၀ ခုနှစ်တွင် သစ်တောဖုံးလွှမ်းမှုက ၅၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၀ ခုနှစ်တွင် ၄၇ ရာခိုင်နှုန်းသာရှိတော့ကြောင်း သစ် တောဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။ ၅ ပုံ ၁ပုံ နီးပါး ကျဆင်းသွားခြင်းဖြစ်သည်။
၂၀၁၃ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်အတွင်းတွင် ပြည်ပသို့ သစ် ၁.၂၄ ကုဗတန် တင်ပို့ခဲ့ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိခဲ့သည်ဟု အစိုးရက ထုတ်ပြန်ခဲ့သည်။
၂၀၁၁ ခုနှစ် အရပ်သား အမည်ခံအစိုးရ အာဏာရရှိလာခဲ့ပြီး နောက်ပိုင်းအထိ သစ်လုပ်ငန်းသည် မြန်မာအစိုးရ အတွက် ဝင်ငွေရရှိရန် အရေး ပါသော လမ်းကြောင်းတခုအဖြစ် ရှိနေသေးသော်လည်း ယခင်ကလောက် ဝေဖန်ပြောဆိုခြင်း မခံရ တော့ပါ။
မြန်မာနိုင်ငံ၏ စီးပွားရေး နှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် ဥရောပသမဂ္ဂ၊ အမေရိကန် ပြည်ထောင်စုနှင့် အခြားနိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆိုင်းငံပေး၊ ပယ်ဖျက်ပေးခဲ့ကြပြီး တယ်လီဖုန်း ဆက်သွယ် ရေး အပါအဝင် ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုလည်း ခွင့်ပြုပေးခဲ့သည်။
ယခုအချိန်တွင် ပြုပြင်ပြောင်းလဲရေးက သစ်တောကဏ္ဍသို့ ရောက်ရှိလာပြီဖြစ်သည်။ အစိုးရက သစ်တောများ ထိန်းသိမ်းရေး ကို ငွေကြေးအမြတ်အစွန်းထက် ပို၍ ဦးစားပေးဖို့ အသင့်ဖြစ်နေသည်။
တားမြစ်ချက်သည် ပို့ကုန်ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းခန့်ကို သစ်အလုံးလိုက်တင်ပို့ခြင်းနှင့် ကုန်ချောမဟုတ်သည့် ထွက်ကုန်များမှ ရရှိနေသည့် သစ်တောလုပ်ငန်း ကဏ္ဍကို ထိခိုက်နစ်နာစေနိုင်သည်ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ ဦးဘာဘာချိုက ပြောသည်။ မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းသည် ကုမ္ပဏီ ပေါင်း ၉၀၀ ခန့်ကို ကိုယ်စားပြု ဖွဲ့စည်းထားခြင်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ သစ်လုပ်ငန်းကို ထိခိုက်နိုင်ပါတယ်၊ လူတချို့ကို ထိခိုက်နိုင်ပါတယ်။ ဒါက ကျနော်တို့အတွက် ရှေ့ ဆက်ဖို့ ခက်ခဲပြီး ရှုပ်ထွေးတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဦးဘာဘာချိုက ပြောသည်။
ဥပဒေသစ်ကြောင့် သစ်လုပ်ငန်းရှင်များ ဝင်ငွေ အလွန်ကျဆင်းသွားနိုင်ပြီး ဆက်လက်ရပ်တည်နိုင်ရေးအတွက် သစ်ခွဲစက် အသစ်များတွင် မဖြစ်မနေရင်းနှီး မြှုပ်နှံဖို့ ဖြစ်လာနေရသည်။
သို့သော်လည်း ယခင်စစ်အစိုးရလက်ထက်က သစ်များကို အလွန်အကျွံ ထုတ်ယူခဲ့သောကြောင့် ဆယ်စုနှစ် အနည်းငယ် အတွင်းတွင် သစ်တောများ ပြုန်းတီးခဲ့ရပြီဖြစ်၍ ထိုသို့ အရေးယူဆောင်ရွက်ဖို့ လိုအပ်နေကြောင်း ဦးဘာဘာချိုက ပြော သည်။
ဒဏ်ခတ်ပိတ်ဆို့ခံထားရခြင်း၊ စီးပွားရေး စီမံခန့်ခွဲမှု ကာလရှည်ကြာစွာ မှားယွင်းခဲ့ခြင်းနှင့် ငွေမာ အရေးတကြီးလိုအပ်မှု တို့ကြောင့် စစ်ဗိုလ်ချုပ်များက သူတို့၏ လက်စွဲခရိုနီများကို သစ်ထုတ်ခွင့်များချပေးပြီး နိုင်ငံခြားသို့ သစ်လုံးများတင်ပို့ကာ စစ်အုပ်ချုပ်ရေး ခိုင်မာဖို့ အတွက် လိုအပ်နေသော ငွေကြေးကိုရှာဖွေခဲ့သည်။
သစ်တောထွက်ကုန်များသည် စစ်အစိုးရ၏ ဒုတိယ အရေးအပါဆုံးသော နိုင်ငံခြားငွေရရှိရာ အရင်းအမြစ်တခုဖြစ်ပြီး ၂၀၀၄-၀၅ ဘဏ္ဍာရေးနှစ်တွင် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၂၈ သန်း ရရှိခဲ့သည်ဟု သဘာဝအရင်းအမြစ် စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် Global Witness က ပြောသည်။
သစ်လုပ်ငန်း စီးပွားရေးတွက် ကုမ္ပဏီကြီး များဖြစ်သော Asia World၊ Htoo Group နှင့် ယုဇန ကုမ္ပဏီများ ပါဝင်ပတ်သက် ခဲ့ကြသည်။ Htoo Group နှင့် ယုဇန ကုမ္ပဏီ တို့သည် သဘာဝပတ်ဝန်းကျင်အရ အကဲဆတ်သည့် တနင်္သာရီတိုင်း၏ တောင်ပိုင်းတွင် ဆီအုန်းပင် အကြီးအကျယ် စိုက်ပျိုးနေသည့် ကုမ္ပဏီများဖြစ်သည်။
ယုဇန ကုမ္ပဏီက ကချင်ပြည်နယ်မြောက်ပိုင်းရှိ ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး ကျားထိန်းသိမ်းစောင့်ရှောက်ရာဒေသတွင် ဧက ၂၀၀၀၀၀ ကျယ်ဝန်းသည့် ဇီဝလောင်စာ စီမံကိန်းတခု လုပ်ကိုင်နေပြီး ထိုဒေသတွင် လမ်းများနှင့် ဆည်များတည် ဆောက်ရန် Asia World ကုမ္ပဏီကို စစ်တပ်က ကန်ထရိုက်ချထားပေးခဲ့သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်သည့် Forest Trends ကပြောသည်။
“အဲဒီနာမည်ကြီး ကုမ္ပဏီတွေ အားလုံးက သူတို့စီမံကိန်း ဧရိယာတွေမှာ သစ်ထုတ်လုပ်ခွင့်လည်း ရကြပါတယ်” ဟု ဝါရှင် တန်အခြေစိုက် Forest Trends က လတ်တလော ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ တစောင်တွင် ဖော်ပြခဲ့သည်။
သစ်ပင်အမျိုးအစား အားလုံးအတွက် အကျုံးဝင်သော တားမြစ်ပိတ်ပင်မှုသည် စိုက်ပျိုးထုတ်လုပ်ခြင်း ပြုမည့် အစား သဘာဝသစ်တောများမှ ကျွန်းသစ်လုံးများကိုသာ နိုင်ငံခြားသို့ တင်ပို့သော နိုင်ငံဆိုသည့် အနေအထားကို ရပ်တန့်သွား စေလိမ့်မည်ဖြစ်သည်။ ယမန်နှစ်က ကျွန်းသစ်တင်ပို့ခြင်း တခုထဲမှ အမေရိကန်ဒေါ်လာ ၃၅၉ သန်း ရရှိခဲ့ပါသည်။
“ဒီလိုပိတ်ပင်မှုကို ဟိုအရင်အချိန်တွေကထဲက လုပ်ခဲ့သင့်ပါတယ်။ ဒါပေမယ့် နောက်ကျတာက ဘယ်တော့မှ မလုပ်တာ ထက်စာရင်တော့ တော်ပါသေးတယ်” ဟု သစ်တော ဝန်ကြီးဌာနမှ အရာရှိတဦးက ရိုက်တာသို့ပြောသည်။
“ဒီလိုလုပ်လိုက်တဲ့ အတွက် သစ်အခြေပြုတဲ့ စက်မှုလုပ်ငန်းတွေကို အားပေးရာရောက်ပြီးတော့ အလုပ်အကိုင်အခွင့် အလမ်းတွေ တိုးလာလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု အဆိုပါ အရာရှိကပြောသည်။ သူ့ အနေဖြင့် မီဒီယာ များနှင့် စကားပြောခွင့် မရှိသည့်အတွက် သူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရန်လည်း သူက ညင်းဆန်ခဲ့သည်။
နောက်နှစ်မှ စ၍ သစ်တောများမှ ကျွန်းသစ်ခုတ်ယူခွင့် ပမာဏကို ၈၀ ရာခိုင်နှုန်း လျှော့ချရန် စီစဉ်နေသည်ဟု ဦးဘာဘာချို ကပြောသည်။
ခရိုနီများ မည်သို့ရှေ့ဆက်သွားကြမည်ဆိုခြင်းက မေးခွန်းတခုဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ နာမည်ဆိုးနှင့် ကျော်ကြားသည့် သစ်လုပ်ငန်းသည် ထိပ်တန်း စီးပွားရေးသမား အများစု တိုးတက်ကြီးပွားခဲ့ရသည့် အဓိက အရင်းအမြစ် တခုလည်း ဖြစ်နေသည်။
ယခုအချိန်တွင် သတ္တုတူးဖော်ရေးလုပ်ငန်းမှ ခရီးသွားလုပ်ငန်းအထိ စီးပွားရေးကို ဖြန့်ကျက်လုပ်ကိုင်နေသည် Htoo Group သည် သူ၏ ယောက္ခမ ထံမှ ချေးငွေဖြင့် တည်ထောင်ခဲ့သော သစ်ခွဲစက် တခုမှ နေ၍ စတင်ကြီးထွားလာခဲ့ခြင်း ဖြစ်ကြောင်း နာမည်ကျော် မြန်မာလုပ်ငန်းရှင်ကြီး ဦးတေဇက ပြောခဲ့သည်။
လုပ်ပိုင်ခွင့်များရရှိဖို့ အတွက် အဆက်အသွယ်နှင့် လုပ်ခဲ့ခြင်း မဟုတ်ကြောင်း၊ ဈေးပြိုင်စနစ်ဖြင့် ချထားပေးခြင်းသာ ဖြစ်ကြောင်း သူကပြောသည်။ သို့သော်လည်း သူ၏ ဖခင်ဖြစ်သူသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအဝင် စစ်တပ် ထိပ်သီး ပုဂ္ဂိုလ်များ နှင့် အတူ အမှုထမ်းခဲ့ကြောင်း သူကပြောသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဦးတေဇက သူ၏ စီးပွားရေး အင်ပါယာကို ထူထောင်နိုင်ခဲ့သော ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ် အတွင်းတွင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သူဖြစ်သည်။
“ဒါက မျှတတဲ့ ပြိုင်ဆိုင်မှုဖြစ်ပါတယ်။ ဝန်ကြီးနဲ့ သိဖို့မလိုပါဘူး။ ပွင့်လင်းမြင်သာတဲ့ ယှဉ်ပြိုင်မှု သက်သက်ပါ” ဟု ဒီဇင်ဘာ လအတွင်းက တွေ့ဆုံမေးမြန်းခန်း တခုတွင် ဦးတေဇက ပြောခဲ့သည်။
သစ်လုပ်ငန်းအပါအဝင် စစ်အစိုးရနှင့် နီးစပ်သည့် အခြားလုပ်ငန်းများအတွက် တင်ဒါဆိုသည်မှာ ဟန်ပြသက်သက်သာ ဖြစ် ကြောင်း အမှန်တကယ်လုပ်ပိုင်ခွင့်ကို နောက်ကွယ်တွင် ချထားပေးခြင်း ဖြစ်ကြောင်း ဦးဘာဘာချိုက ပြောသည်။
“တင်ဒါစနစ်မဟုတ်ပါဘူး။ ညှိတဲ့ စနစ်ပါ” ဟု သူကဆိုသည်။
မြန်မာနိုင်ငံတွင် ဇီဝမျိုးကွဲများ အကြွယ်ဝဆုံးဒေသများထဲမှ တခုဖြစ်သည့် တနင်္သာရီတိုင်းတွင် အမျိုးသားဥယျာဉ်ပြုလုပ် ရန် စီစဉ်ထားသည့် ထဲမှ မိုးသစ်တော ဧက ၆၆၈၀၀၀ ကို ဦးတေဇ၏ ကုမ္ပဏီတခုက ရရှိခဲ့ကြောင်း စာရင်း အချက် အလက်များ အရ သိရသည်။
ဦးတေဇအား ဆီအုန်း စိုက်ပျိူးရန်ချထားပေးသည့် နေရာအနီးမှ သစ်တောဧက ၁၆၂၀၀၀ ၏ ၃ပုံ ၂ပုံ နီးပါးကိုလည်း ၂၀၀၇-၀၈ ဘဏ္ဍာရေး နှစ်အထိ ငါးနှစ်တာအတွင်း ခုတ်လဲှခဲ့သည်ဟုလည်း ဆိုသည်။
ဦးတေဇ နှင့် ယုဇန ကုမ္ပဏီနှင့် Asia World တို့မှ ကိုယ်စားလှယ်များကို မှတ်ချက်ပေးရန် မေတ္တာရပ်ခံခဲ့သော်လည်း တုန့် ပြန်ခြင်း မပြုခဲ့ပါ။
သစ်လုံးတင်ပို့ခြင်းကို တားမြစ်လိုက်ခြင်းကြောင့် သစ်တောလုပ်ငန်းကို အဓိကထားသည့် ကုမ္ပဏီများအနေဖြင့် လုပ်နည်းလုပ်ဟန်အသစ်များ နှင့် အခြားသော လုပ်ငန်းအမျိုးအစားများတွင်ပါ ရင်းနှီးမြှုပ်နှံရန် မဖြစ်မနေလုပ်ဆောင် ကြရတော့မည်ဟု ရန်ကုန်အခြေစိုက် စီးပွားရေးအတိုင်ပင်ခံ ကုမ္ပဏီဖြစ်သော Thura Swiss မှ ဦးအောင်သူရ က ပြော သည်။
“သူတို့ အပေါ်မှာတော့ သက်ရောက်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို ထိခိုက်နိုင်မှာတော့ မဟုတ်ဘူး။ သစ်တွေကို အလုံးလိုက် နိုင်ငံခြားကိုပို့တာ မဟုတ်တော့ဘဲ သူတို့ ရဲ့ ရင်းနှီးမြှုပ်နှံမှုက တခြားနည်းလမ်းဖြစ်သွားပါမယ်” ဟု သူက ဆိုသည်။