တည်ဆောက်ရန် အဆိုပြုထားသော မြန်မာနိုင်ငံ၏ အနောက်ဖက်ကမ်းခြေမှ ကျောက်ဖြူ စက်မှုဇုန်နှင့် တရုတ်နိုင်ငံ ရွှေလီကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းဖောက်လုပ်ရေးကို မည်သို့ဆက်လက် ဆောင်ရွက်မည် ဆိုသည့် အကြောင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံဖက်က တုန့်ပြန်ချက် တစုံတရာ မရရှိသေးကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဧရာဝတီသို့ မတ်လ ၁၈ ရက်နေ့တွင် ပြောကြားသည်။
အဆိုပါလမ်းကို ဖောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ထုတ်ချေးပေးမည်ဟု တရုတ်နိုင်ငံက အဆိုပြု ခဲ့သည်ကို မြန်မာအစိုးရက ပယ်ချခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောကြား ကြောင်း ပြည်တွင်း သတင်းတခုတွင် ယခုလအစောပိုင်းက ဖော်ပြခဲ့သည်။ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်ကလည်း ထိုဆုံးဖြတ်ချက်ကို မတ်လ ၁၈ ရက်နေ့ မနက်တွင် အတည်ပြုခဲ့ပါသည်။
“ကျနော်တို့ ချေးငွေ ယူမှာ မဟုတ်ပါဘူး” ဟု သူကပြောသည်။ အစိုးရက အဆိုပါလမ်းကို ရင်းနှီးမြှုပ်နှံသူများ က စီမံကိန်း ကိုတာဝန်ယူလုပ်ဆောင်ကာ ပြီးစီးသည့် အချိန်တွင် ရင်းနှီးငွေကို လမ်းသုံးစွဲသူများထံကောက်ခံရရှိငွေဖြင့် ပြန်လည် ရယူသည့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (BOT) စနစ်ဖြင့် ဖောက်လုပ်ရန် ဆန္ဒရှိနေသည်ဟု သူက ထပ်ပြောသည်။
“တကယ်လို့ သူတို့က ဒီအဝေးပြေးလမ်းကို ဖောက်လုပ်ချင်တယ်ဆိုရင် မြန်မာကုမ္ပဏီတခုနဲ့ ဖက်စပ်လုပ်လို့ ရပါတယ်။ တကယ်လို့ တရုတ်ဖက်က စပြီးဆောက်ချင်တယ်ဆိုရင်လည်း ကြိုဆိုပါတယ်၊ ဒါပေမယ့် ခုထိ ဘာမှ မတုန့်ပြန်သေးဘူး” ဟု ဦးဝင်းမြင့်က ဆိုသည်။
အဆိုပြုထားသော လမ်းသည် ဘင်္ဂလားပင်လယ်အော်ကမ်းခြေရှိ ကျောက်ဖြူတွင် တည်ဆောက်မည့် ဧက ၁၀၀၀ ကျယ် ဝန်း သည့် အထူးစီးပွားရေး ဇုန်နှင့် ရေနက်ဆိပ်ကမ်းကို ရှမ်းပြည်နယ် မူဆယ်မြို့၏ တဖက်ရှိ တရုတ်နိုင်ငံ နယ်စပ် မြို့ တမြို့ဖြစ်သည့် ရွှေလီကို ဆက်သွယ်ပေးမည်ဖြစ်သည်။ ကျောက်ဖြူ အထူးစီးပွားရေး ဇုန်သည် ရန်ကုန်အနီးမှ သီလဝါ အထူး စီးပွားရေးဇုန် နှင့် မရေမရာဖြစ်နေသေးသော ထားဝယ် အထူးစီးပွားရေးဇုန် တို့နှင့် အတူ မြန်မာနိုင်ငံတွင် အကောင် အထည်ဖော်ရန် စီစဉ်နေသည့် ဇုန် ၃ ခုအနက်မှ တခုဖြစ်ပါသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် အစိုးရက တင်ဒါခေါ်ယူခဲ့ရာတွင် မတ်လ အစောပိုင်းက စင်္ကာပူ ကုမ္ပဏီတခု အောင် မြင်သွားကြောင်း သိရသည်။
မြန်မာအစိုးရ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနကလည်း ကျောက်ဖြူနှင့် ကူမင်းကို ဆက်သွယ်ပေးမည့် ကီလိုမီတာ ၉၀၀ နီးပါး ရှည်လျားသည့် ရထားလမ်းဖောက်လုပ်ရေးကို ပြန်လည် သုံးသပ်နေကြောင်း သိရသည်။ ၂၀၁၁ ခုနှစ်က သဘောတူလက် မှတ်ရေးထိုးခဲ့သော အဆိုပါ စီမံကိန်းကိုလည်း BOT စနစ်နှင့်ပင် အကောင်အထည်ဖော်ရန် အလားအလာရှိနေ သည်။
ဘင်္ဂလားပင်လယ်အော် အတွင်းရှိ မြန်မာနိုင်ငံပိုင် “ရွှေ” သဘာဝဓာတ်ငွေ့ တွင်းမှ စတင်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည်လည်း မြန်မာနိုင်ငံတွင်းမှ ဖြတ်သန်း၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းသို့ ဆက်သွယ်ထားခြင်းဖြစ်သည်။ ဓာတ်ငွေ့ပိုက်လိုင်းက ပြီးခဲ့သည့် နှစ်ကထဲက လုပ်ငန်းစတင်နေပြီ ဖြစ်ပြီး ရေနံပိုက်လိုင်းသွယ်တန်းခြင်းက အပြီးမသတ်နိုင်သေးဘဲ ယူနန်ပြည်နယ်အတွင်းမှ ရေနံချက်စက်ရုံ စီမံကိန်း ကို တရုတ်အစိုးရက ပြန်လည် သုံးသပ်နေသည်ကို စောင့်ဆိုင်းနေရသည်။
ရေနံပိုက်လိုင်း နှင့် ကျောက်ဖြူနှင့် ဆက်သွယ် ဖောက်လုပ်ရန် အဆိုပြုထားသော ရထားလမ်းနှင့် ကားလမ်းတို့သည် တရုတ်နိုင်ငံအတွက် ဗျူဟာမြောက်အရေးပါသည်ဟု ယူဆကြသည်။ အာဖရိကနှင့် ပင်လယ်ကွေ့ဒေသမှ ရေနံများ ဝယ် ယူတင်သွင်း နေရသည့် တရုတ်နိုင်ငံအတွက် မြန်မာနိုင်ငံကို ဖြတ်သန်း၍ ပိုက်လိုင်းသွယ်တန်းပြီး ပေးပို့နိုင်လျှင် မလက္ကာ ရေလက်ကြားကို ဖြတ်သန်း၍ ရေကြောင်းလမ်းမှ ခရီးရှည်လျားစွာ သယ်ဆောင်ရန် မလိုအပ်တော့ဘဲ ခရီး ကီလိုမီတာ ၅၀၀၀ ခန့်လျှော့ချလိုက်နိုင်မည် ဖြစ်သည်။
ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းများသည် ကျောက်ဖြူဒေသခံများ ၏ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်နေရသည်။ ပိုက် လိုင်းများ ဖြတ်သန်းသွားသည့် ကုန်းတွင်းပိုင်းတွင်လည်း မြန်မာ-တရုတ်နယ်စပ် နှင့် နီးကပ်သည့် တိုင်းရင်းသား လူနည်းစုဒေသများတွင် မြန်မာအစိုးရ တပ်ဖွဲ့ များနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ထိပ်တိုက်ရင်ဆိုင်တွေ့ခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။
ယခုလ ၁၈ ရက်နေ့က မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်၌ ကျင်းပသော အခြေခံအဆောက်အဦဆိုင်ရာ ညီလာခံ တခု တွင် ဒု-ဝန်ကြီး ဒေါက်တာဝင်းမြင့်က မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှု အလားအလာသည် တိုင်းပြည်၏ ဟောင်းနွမ်း ယိုယွင်းနေသော အခြေခံအဆောက်အဦးများကို ခေတ်မီလာအောင် အဆင့်မြင့် ပြင်ဆင်နိုင်ရေးပေါ်တွင် မူတည်နေ သည်ဟု ပြောကြားလိုက်သည်။
“အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးက ပင်မ ကျောရိုးဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေး ဒု-ဝန်ကြီးက မလေးရှား နိုင်ငံမှ Confexhub နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့က ဦးဆောင်ကျင်းပသည့် Myanmar Infrastructure Summit သို့ တက်ရောက်လာသူများကို သတိပေး ပြောကြားခဲ့သည်။ ထို့ပြင် အစိုးရက ၂၀၁၄ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်းကို နိုင်ငံတကာက ကြိုတင် ခန့်မှန်း ထားခြင်းများ အတိုင်း အလွယ်တကူ ပြည့်မီ၍ ၉.၁ ရာခိုင်နှုန်း အထိ ရှိလာရန် မျှော်လင့်ထားသည်ဟုလည်း သူကဆိုသည်။
ထိုသို့ ဖွံ့ဖြိုးတိုးတက်လာရန် အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက အရေးကြီးကြောင်း ဒေါက်တာဝင်းမြင့်က ပြောသည်။ မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်လိုလျှင် အခြေခံအဆောက်အဦးတွင် ရင်းနှီးမြှုပ်နှံမှု မရှိမဖြစ် လို အပ်သည်ဟုလည်း သူကဆိုသည်။
“၂၀၁၃ ခုနှစ် နိုဝင်ဘာလအထိ လမ်းအရှည် ၅၆၆၅ ကီလိုမီတာကို ပြည်တွင်း ကုမ္ပဏီ ၂၈ ခုက BOT စနစ်နဲ့ လုပ်ကိုင် နေပါတယ်။ အဲဒါက မြန်မာနိုင်ငံက လမ်းအားလုံးပေါင်းရဲ့ ၁၄ရာခိုင်နှုန်းဖြစ်ပါတယ်” ဟု ဒေါက်တာဝင်းမြင့်ကပြောသည်။ အနာဂါတ်တွင် ထိုရာခိုင်နှုန်းကို တိုးမြှင့်နိုင်ရန် အစိုးရက မျှော်လင့်နေကြောင်းလည်း သူက ထပ်ပြောသည်။