မြန်မာ့ လွတ်လပ်ရေးကို ဗြိတိသျှ ကိုလိုနီ လက်အောက်မှ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရင်း ရယူပေးခဲ့သည့် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ကျဆုံးခဲ့သည်မှာ ၆၈ နှစ်တိုင်ခဲ့ပြီ။ မြန်မာပြည်သူများက သူ့ကို ယခုအထိ ဘာကြောင့် မမေ့နိုင်သေးကြပါ သနည်း၊ သေသောသူ ကြာလျှင် မေ့ ဆိုသောစကားကို ဘာကြောင့် ကျောခိုင်းနေကြပါ သနည်း။
အဖြေကား ရှင်းရှင်းလေး ဖြစ်ပါသည်။ လူတဦးတယောက်သည် လူ့ဘောင်လောက၌ အသက်ရှင် နေထိုင်သွားစဉ် အတွင်း လူသားဆန်စွာ ပြုမူ ဆောင်ရွက်ခဲ့ လျှင် အားလုံးက သူ့အား လေးစား ကြသည်၊ ချစ်ခင် မြတ်နိုးကြသည်၊ အားကိုးသမှုပြု ကာ ယုံကြည်မှုလည်း ရှိကြ သည်။ ထိုသို့သော လူတဦးသည် နိုင်ငံခေါင်းဆောင် ဖြစ်လာသော အခါ ပြောစရာ မရှိလောက်အောင် လူထုက ယုံကြည် အားကိုးကြမည်သာ။
လူသားဆန်သော လူတဦး အတွက် ရှိရမည့် အရည်အချင်းကား ရိုးသားခြင်းနှင့် ကြိုးစားခြင်းပင် ဖြစ်တော့၏။ ရိုးသားပြီး မကြိုးစား လျှင်လည်း လူထု၏ ယုံကြည်မှု လျှော့နည်း ပေလိမ့်မည်။ ရိုးသား ကြိုးစားသော ဗိုလ်ချုပ် အောင်ဆန်းကို မြန်မာပြည်သူ တရပ်လုံးသာမက၊ ကမ္ဘာ့ခေါင်းဆောင်များနှင့် ပြည်သူများကပါ လေးစားကြသည်။
ဒါရိုက်တာ ကြည်စိုးထွန်း၏ “မှတ်မှတ်ထင်ထင် မြန်မာရုပ်ရှင်” အစီအစဉ်တခုတွင် ဒါရိုက်တာ မင်းသား မောင်တင်မောင် ပါဝင်ပြီး၊ ဒါရိုက်တာ ဦးတင်ယု ရိုက်ကူးသည့် “မင်းဘာလဲ” ရုပ်ရှင်ကားကို ဗိုလ်ချုပ်က စွပ်ကျယ် အကျႌဝတ်ဖြင့် သွားကြည့်ခဲ့ကြောင်း ဒါရိုက်တာ ကြည်စိုးထွန်းနှင့် ဦးတင်ယုတို့ ပြောသွားကြတာ ကြားလိုက်ရသည်။ ရုပ်ရှင်ကြည့်တာ ဝါသနာပါသည့် ဗိုလ်ချုပ်အောင်ဆန်းသည် ဘယ်နေရာ ရောက်ရောက် ရုပ်ရှင်ကြည့်လေ့ ရှိသော် လည်း ဗိုလ်ချုပ်ဆိုသည့် ရာထူးနှင့် ဟိတ်ဟန်များကို မည်သည့်အခါမျှ မပြခဲ့ချေ။ ရိုးသားသော ခေါင်းဆောင်တဦး၏ ပုံရိပ်ကို ထင်ဟပ်စေခဲ့သည်။
ဗိုလ်ချုပ်သည် သူကိုယ်တိုင် ရိုးသားမှုကို မြတ်နိုး ရုံမက သူထူထောင်ခဲ့သော မြန်မာ့ တပ်မတော်ကိုလည်း ရိုးသားဂုဏ် ရှိစေချင်ခဲ့သည်။ ဤအချက်ကို စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၏ တပ်မတော်သားများ လိုက်နာရမည့် အမိန့်စာထဲမှ ကောက်နုတ်ချက်များကို ကြည့်ခြင်းဖြင့် ထင်ရှားစေမည် ဖြစ်သည်။
ပြည်သူ့တပ်မတော်သားများ ဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့တပ်မတော်သားပီပီ အောက်ပါ အချက်များကို ကျင့်ကြရ မည် –
(၁) ပြည်သူပြည်သား အပေါင်းတို့အား အရာရှိ၊ အရာမဲ့၊ လူကြီးလူငယ်၊ ယောက်ျား၊ မိန်းမ၊ လူမျိုး၊ ဘာသာ မရွေး ဆက်ဆံတတ်ပါစေ။ ဖော်ရွေကြပါ။ ယဉ်ကျေးကြပါ။ ကိုယ့်အမှား မရှိပါစေနှင့်။ တရား မျှတကြပါ။ ကြင်နာကြပါ။ လေးစားကြပါ။
(၂) ကိုယ်နှင့်မဆိုင်တဲ့ အခြားသူ၏အလုပ်ကို အနှောင့်အယှက် မပြုပါနှင့်။ သို့သော် ကိုယ့်ဝတ္တရား အချိန်တွင် မည်သူမဆို ကူညီနိုင်သမျှ ကူညီပါ။ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။
(၃) ဗမာမဟုတ်သော နိုင်ငံအတွင်းရှိ လူမျိုးစု များကို ငါ့တို့တပ်တွင် သော်လည်းကောင်း၊ ပြင်ပတွင် သော်လည်းကောင်း ဆွေးမျိုးရင်းခြာကဲ့သို့ သဘောထားပါ။ ၎င်းတို့အလေ့အထ ဘာသာ အတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ဝတ်စားနေထိုင်ခြင်း အစရှိသည့်တို့ကို မကဲ့ရဲ့ပါနှင့်။ မနောက်ပြောင် ပါနှင့်။ မနှောင့်ယှက်ပါနှင့်။ ၎င်းတို့ မခံချင်သည့် အပြောအဆို၊ အသုံးအနှုန်းကို ရှောင်ကြဉ်ပါ။
(၄) အရက်မူး မရမ်းကားရ။
(၅) မိန်းမများကို ကျူးလွန်စော်ကားခြင်း မပြုရ။
(၆) လုယက် မခိုးဝှက်ရ။
(၇) တည်းခိုသော အိမ်ရာများတွင် ခွင့်တောင်း ပြီးမှ ဝင်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ဘဲ သန့်သန့်ရှင်းရှင်း နေထိုင်ရမည်။ အိမ်မှ ထွက်ခွာသောအခါ တွင်လည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်လျှင် အစားထိုးပေးခြင်း၊ လျော်ကြေးပေးခြင်း ပြုရမည်။
(၈) တန်ရာတန်ဖိုး မပေးဘဲ မဝယ်ပါနှင့်။
(၉) ချေးငှားထားသော အရာကို ဆက်ဆက် ပြန်ပေးရန် မမေ့ပါနှင့်။
(၁၀) အထက်အမိန့် မရဘဲ ပစ္စည်းအတင်း မသိမ်းပါနှင့်။ အထက်အမိန့်အရ သိမ်းရစေကာမူ မဖွယ်မရာ၊ မယဉ်မကျေး မပြုပါနှင့်။ အများ မခံနိုင်အောင် မလုပ်ပါနှင့်။
လွတ်လပ်ရေး ရပြီးနောက်တွင် မြန်မာ့ခေါင်းဆောင်ဆိုသူ အများစုသည် ရိုးဂုဏ်ကို မေ့လျော့ကုန် ကြသည်။ ကိုယ့်ရာထူး၊ ဂုဏ်တွေကို ရှေ့တန်းတင်လာကြသည်။ တနေရာရာ သွားမည် ဆိုလျှင် လမ်းကြောင်း ရှင်းပေးရတာတို့၊ အထူး အခွင့်အရေးများ လုပ်ပေးရတာတို့ဖြင့် ကြီးကျယ်လာကြသည်။ မင်း ဘာလဲ၊ ငါဘာလဲ ဆိုသည့် မောက်မာသော စိတ်ဓာတ်တွေ မြင့်မားလာကြတာ တွေ့နေရသည်။
အမျိုးသား ခေါင်းဆောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းကမူ “မင်း ဘာလဲ” အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းကို “ငါဘာလဲ” ဆိုသည့် ဂုဏ်မောက်မာမှုဖြင့် မကြည့်ခဲ့ပါ။ ဗိုလ်ချုပ်သည် သူမသိတာ၊ မတတ်တာကိုလည်း ရိုးသားစွာ ဝန်ခံပြောဆို တတ်သည်။ ရိုးသားမှု မရှိသူများတွင် ဤစိတ်ဓာတ် မရှိနိုင်ပေ။
သခင်တင်ဦး ရေးသားသည့် “ဗိုလ်ချုပ် အောင်ဆန်း အင်္ဂလိပ်စကားပြောခြင်း” ဆောင်းပါးတွင် ဤအချက်ကို အထင်းသား တွေ့ရသည်။ ယင်းဆောင်းပါးပါ စာပိုဒ်အချို့ကို တင်ပြလိုပါသည်။
“ကျနော်က ဦးကြီးလို အုပ်ချုပ်ရေးပိုင်းတွေ နားမလည်တော့ အကျယ်ချဲ့ပြီး ဘာမှ မတွေးဘူး။ မစဉ်းစားဘူး။ လော့ဒ်မောင့်ဘက်တန်က ဖိတ်တယ်။ ဖဆပလ အဖွဲ့ချုပ် အမှုဆောင် အစည်းအဝေးမှာ တင်ပြပြီး လူပေါင်း ၃၀ အဖော် ခေါ်ခဲ့ဖို့ ဆိုရာမှာ ကျနော်က ဘကြီးဘဘေရယ်၊ အတွင်းရေးမှူး သခင် သန်းထွန်းရယ်၊ ဦးတင်ထွဋ်ရယ်၊ အရပ်သား ၃ ဦးနဲ့ ကျန်တာ စစ်ဘက်က ၂၇ ယောက် ခေါ်သွားချင်တဲ့ အကြောင်း တင်ပြတော့ အားလုံးက သဘောတူ ဆုံးဖြတ် ပါတယ်။ ကျနော်တို့သွားမယ့် ကိုယ်စားလှယ် အဖွဲ့ထဲ ဦးကြီးကိုပါ ထည့်ထားပါတယ်”
“အမလေး၊ ကျေးဇူးတင် အံ့ဩလိုက်တာ။ ကျနော့်ကို အားကိုးရင် ဗိုလ်ချုပ်နဲ့အတူ လိုက်ပါရင်း တာဝန်ပေးသမျှ ဆောင်ရွက်ပါ့မယ်” ဟု ဦးတင်ထွဋ်က ဝမ်းသားအားရ ပြောပါသည်။
“ဦးကြီးကို အားကိုးတာက မှူးကြီး၊ မတ်ကြီး၊ တော်ဝင်မင်းသား၊ အင်္ဂလိပ်ရေတပ် စစ်သေနာပတိ ချုပ် လော့ဒ်မောင့်ဘက်တန်နဲ့ တွေ့ရမယ် ဆိုတော့ ကျနော် ဘယ်လိုပြော ဘယ်လိုနေရမလဲ ဆိုတာ မသိပါဘူး။ အဲ့ဒါတွေ အားလုံး ဦးကြီးက သင်ပြပေးဖို့ ဦးကြီးကို ဖိတ်ခေါ်ရခြင်း ဖြစ်ပါတယ်”
ဒီလိုနဲ့ ဗိုလ်ချုပ်ဟာ ဦးတင်ထွဋ်ထံက အင်္ဂလိပ်စာ သင်ပါသည်။ ဒီလိုဆိုလို့ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်စာ ညံ့တယ် မထင်စေချင်ပါ။ သို့ရာတွင် တောင်ဝင်မင်းသား တဦးနှင့် စကားပြောရာတွင် မိမိဘက်က လိုအပ်ချက်၊ ချို့ယွင်းချက် မရှိစေရန် ကြိုးစား အားထုတ်ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်က နိုင်ငံခြားက ဝန်ကြီးချုပ်၊ သမ္မတများနှင့် အင်္ဂလိပ်လို စကား ကောင်းကောင်း ပြောတတ်ကြောင်း၊ သူတို့ ပြောတာတွေကိုလည်း အားလုံးနားလည် ကြောင်း၊ သို့ရာတွင် တော်ဝင် ပုဂ္ဂိုလ်၊ အရှေ့တောင်အာရှ ရေတပ် စစ်သေနာပတိကြီးနှင့် တွေ့ရ ပြောရမယ် ဆိုလျှင် ဘယ်လိုနေ၊ ဘယ်လို ပြောရမည် ကို လုံးဝ နားမလည်ကြောင်း၊ တွေ့ဆုံသည့် ပုဂ္ဂိုလ်ကြီးက စတွေ့ကတည်းက အထင်သေးနေလျှင် ဘာမှ ရှေ့ဆက်ဖို့ အောင်မြင်မှာ မဟုတ်ကြောင်း ဦးတင်ထွဋ်ကို ပြောပြခဲ့တာတွေ ရှိပါသည်။
ဗိုလ်ချုပ်သည် ရိုးသားမှု စိတ်ဓာတ် အခံရှိသဖြင့် ဟန်ထုတ်ခြင်း များကို မနှစ်သက်ပါ။ သူ့ကို တခမ်းတနား ထမင်းကျွေး သည်ကို မကြိုက်။ ရဲဘော် အားလုံးနှင့် အတူဝိုင်းကာ လက်ရည်တပြင်တည်းစား ရမှ ကြိုက်သူ ဖြစ်သည်။ သူ လုပ်ကြံ ခံရ၍ ကွယ်လွန် သွားသောအခါ ပိုင်ဆိုင်ပစ္စည်း များများစားစား မရှိ။ ရှိတဲ့ပစ္စည်းများ ကလည်း သူလို ငါလို ပိုင်ဆိုင်တာ လောက်ပဲ တွေ့ရမည်။ ဗိုလ်ချုပ် ရိုးသားတာတွေကား အများကြီး ရှိသည်။ ကြိုးစားခဲ့တာတွေကတည်း သာမန် လူငယ်တယောက် မစွမ်းဆောင်နိုင်လောက်သော မြန်မာ့လွတ်လပ်ရေး ရယူပိုင်ဆိုင်စေခြင်း ဖြစ်လေသော ကြောင့် ရိုးသားကြိုးစားမှု အပြည့်ရှိသော ဗိုလ်ချုပ်အောင်ဆန်းကို ကမ္ဘာကပါ အသိအမှတ်ပြု လေးစားနေကြရခြင်း ဖြစ်ပါ သတည်း။
(မောင်ဆွေဝင်း (ပဲခူး) သည် ရန်ကုန်အခြေစိုက် ဆောင်းပါးရှင်တဦးဖြစ်ပြီး နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ပုံမှန်ရေးသားနေသည်။)