ဆက်သွယ်ရေး ဈေးကွက်ကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ထား ခဲ့သော အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) က လိုင်းဖုန်းများ၏ ဈေးနှုန်းကို လျှော့ချပေးလိုက်ကြောင်း ဇူလိုင်လ ၁၅ ရက် နေ့တွင် ကြေညာခဲ့သည်။
လိုင်းဖုန်းဈေးနှုန်းက ၆၅၀၀၀၀ ကျပ်တွင် ရှိနေသည်မှာ ဆယ်စုနှစ် တခုကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ် ပေါင်း ၂၀ ခန့်ကဆိုလျှင် တရားမဝင်ဈေးကွက်တွင် ကျပ်သိန်း ၃၀ ခန့်အထိမြင့်တက်ခဲ့သည်။ ယနေ့ အချိန်လျှောက်ထား လျှင်မူ တရားဝင်ဈေးနှုန်းသစ်အရ ကနဦးတပ်ဆင်ခက ၃၂၅၀၀၀ ကျပ် အထိကျဆင်းသွားခဲ့သည်။
ကုန်ပစ္စည်းဖြန့်ချီသူများနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားရန် ရည်ရွယ်ကြောင်း MPT ၏ ကြေညာချက် တစောင်တွင်ဖော်ပြထားသည်။ အဆိုပါ လုပ်ငန်းများသည် ADSL စနစ်ဖြင့် အင်တာနက် တပ်ဆင်အသုံးပြုရန် အတွင် လိုင်း ဖုန်းများ လိုအပ်လာမည် ဖြစ်သည်။
“ဈေးျနှုန်းကိုလျှော့ချပေးလိုက်ခြင်းအားဖြင့် ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက လိုင်းဖုန်းတွေ တပ်ဆင်ဖို့ ပိုပြီး စဉ်းစားလာကြပါလိမ့်မယ်။ ကျနော်တို့ကလည်း ကျနော်တို့ရဲ့ ဖောက်သည်တွေ ပိုပြီး သုံးစွဲလာနိုင်အောင် လုပ်ပေးရတဲ့ အတွက် ပျော်ရွှင် ကျေနပ်ပါတယ်” ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
နည်းပညာတိုးတက်မှုနှင့် အခြေခံအဆောက်အဦ အားနည်းခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုက နိုင်ငံခြားကုမ္ပဏီများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် အဟန့်အတားဖြစ်နေခြင်းများကြောင့် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် မတိုင်မီ လိုင်းဖုန်းသုံးစွဲမှုက မိုဘိုင်းဖုန်းသုံးစွဲမှုထက် အဆမတန် ပိုမိုများပြားခဲ့သည်။
ယခင် စစ်အစိုးရလက်ထက်က မိုဘိုင်ဖုန်း ဆင်းမ်ကတ် တခု၏ တန်ဘိုးက မှောင်ခိုဈေးကွက်တွင် ကျပ် သိန်း ၅၀ ခန့်အထိ ရောက်ရှိခဲ့သည်။ သို့သော်လည်း ပြိုင်ဘက် နိုင်ငံခြား ကုမ္ပဏီများဖြစ်ကြသည့် ကာတာနိုင်ငံမှ Ooredoo နှင့် နော်ဝေနိုင်ငံမှ Telenor တို့ ဈေးကွက်အတွင်း ဝင်ရောက်လာ ခြင်းကြောင့် ဆင်းမ်ကတ်ဈေးများ တဖြည်းဖြည်းကျဆင်းသွားစေပြီး ကျပ် ၁၅၀၀ သာ ရှိတော့သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုသူ အရေအတွက်လည်း အလျှင်အမြန်တိုးတက်လာခဲ့သည်။ နည်းပညာကွာခြားမှု ကြောင့်လည်း ခေတ်မမီတော့ဘဲ ပြန်လည်ပြင်ဆင်ရန် လိုအပ်နေသည့် လိုင်းဖုန်းများ နောက်တွင် ကျန်နေခဲ့သည်။ အိုမင်း ဟောင်းနွမ်းပြီး ပြုပြင်ထိန်းသိမ်းမှု အားနည်းသည့် အခြေခံ အဆောက်အဦများကြောင့် ဆက်သွယ်ရာတွင် အဆင်ပြေမှု မရှိသည့်အတွက် သုံးစွဲသူများ နှစ်ပေါင်းများစွာ စိတ်အနှောက်အယှက်ဖြစ်ခဲ့ရသည်။
“MPT က ဖောက်သည်တွေကို စိတ်ညစ်စေခဲ့တယ်။ ဒါကြောင့် သူတို့ကို သစ္စာရှိတဲ့ ဖောက်သည်တွေ မရှိတာလို့ ကျမ ထင်ပါတယ်” ဟု ခရီးသွားလုပ်ငန်း ကုမ္ပဏီ တခု၏ မန်နေဂျင်း ဒါရိုက်တာ မနှင်းပွင့်ဖြူက ပြောသည်။ လိုင်းဖုန်းက သူ၏ လုပ်ငန်းအတွက် အဆင်ပြေသည်ဟု သူကပြောသည်။ သို့သော်လည်း ခေတ်မီပြီး ယုံကြည်အားကိုးနိုင်လောက်သည့် ဝန်ဆောင်မှုပေးရန်အတွက် MPT ၏ စွမ်းဆောင်နိုင်ရည်ကို သံသယရှိနေဆဲ ဖြစ်သည်ဟု ဆိုသည်။
“တခါတလေကျရင် သူတို့က ကျမရဲ့လိုင်းကို ပွားပြီးတော့ တခြားသူတွေအတွက် သုံးနေသလားလို့တောင် ထင်မိတယ်။ ကျမ ဖုန်းကလည်း ဘယ်တော့မှ လိုင်းမကောင်းဘူး” ဟု သူက ထပ်ပြောသည်။
အခြားသူများကတော့ လိုင်းဖုန်းများကို ဈေးချလိုက်ခြင်းသည် ဖောက်သည်များက MPT ၏ ပြိုင်ဘက် နိုင်ငံခြား ကုမ္ပဏီ များ၏ မိုဘိုင်းဖုန်းများ ပြောင်းသုံးကြသည်ကို ပြန်လည်ဆွဲဆောင်ရန် ဖြစ်သည်ဟု ယူဆကြောင်း ပြောသည်။ မြောက်ဒဂုံ မြို့နယ်မှ မိုဘိုင်းဖုန်း သုံးစွဲသူတဦး ဖြစ်သည့် မခင်ခင်ဦးက လိုင်းဖုန်း သုံးရန် အစီအစဉ် မရှိတော့ကြောင်း၊ မိုဘိုင်းဖုန်း ရွေးချယ်စရာ ရှိနေသည်ကို သဘောကျကြောင်းပြောသည်။
ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ MPT က ဆက်သွယ်ရေးလုပ်ငန်းများကို အဆင့်မြှင့်တင်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ KDDI နှင့် Sumitomo ကော်ပိုရေးရှင်းများနှင့် ယမန်နှစ်က ပူးပေါင်းခဲ့သည်။ ကုမ္ပဏီ ၂ ခုက စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ပူးပေါင်းထည့်ဝင်ရန် ကတိပြုခဲ့ကြသည်။
ထိုအချိန်မှစ၍ MPT က ဆင်းမ်ကတ်ဈေးနှုန်းများကို လျှော့ချပေးခဲ့ပြီး ပိုမိုကောင်းမွန်သည့် အင်တာနက်သုံးစွဲမှု အစီအစဉ်များလည်း ပြုလုပ်ပေးခဲ့သည်။ KDDI ၏ အဆိုအရ MPT ဝန်ဆောင်မှုကို အသုံးပြုသူ ၁၃ သန်းရှိသည်ဟု သိရသည်။
၂၀၁၄ ခုနှစ် မတ်လက ကောက်ယူခဲ့သည့် သန်းခေါင်စာရင်း အရ မြန်မာနိုင်ငံတွင် လိုင်းဖုန်း ရှိသည့် အိမ်ထောင်စုက ၄.၈ ရာခိုင် နှုန်းခန့် ရှိပြီး မိုဘိုင်းဖုန်းရှိသည့် အိမ်ထောင်စုက ၃၂.၉ ရာခိုင်နှုန်း ရှိသည်။ အိမ်ထောင်စု ၆.၂ ရာခိုင်နှုန်းသာလျှင် အင်တာနက်သုံးစွဲနိုင်သည့်အတွက် မြန်မာနိုင်ငံကို ကမ္ဘာပေါ်တွင် ဆက်သွယ်ရေး အင်အားအနည်းဆုံး နိုင်ငံများထဲမှ တခု အပါအဝင် ဖြစ်စေခဲ့သည်။