ပုသိမ်မြို့တွင်း၌ ရှမ်းပွဲ လှည့်နေသည်။ ရှမ်းပွဲဆိုသည်က ပုသိမ်မြို့ရှိ နိဂြောဓာဗျာဒိတ်ပေး ဘုရားကြီးကို ရှမ်းကုန်သည် တို့က ပင့်ဆောင်၍ မြို့တွင်း၌ လှည့်လည် အပူဇော်ခံသည့်ပွဲကို ဒေသအခေါ်အရ ရှမ်းပွဲဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
နှစ်စဉ် ဖေဖော်ဝါရီလတွင် ကျင်းပလေ့ရှိသည့် အဆိုပါ ရှမ်းပွဲ၏ နောက်ဆုံးတွင် အလှဆင်ထားသည့် လှည်း ယာဉ်များ ညီညာစွာ လိုက်ပါလာပြီး လှည်းယာဉ်များပေါ်၌ ပုသိမ်ထီးကိုယ်စီ ဆောင်းထားသည့် ပုသိမ်သူ အပျိုချောလေးများက အလှချင်း ပြိုင်နေကြသည်။ ဗျာဒိတ်ပေး ဘုရားကြီးကို လိုက်ပါ ပို့ဆောင်ရင်း အစဉ် အလာမပျက် ပုသိမ်ထီးများကို အသုံးပြုကာ ဘုရားပွဲတော် ပါဝင် ဆင်နွှဲကြခြင်း ဖြစ်သည်။
ပုသိမ် ဒေသခံများက ပုသိမ်ထီးကို ဘုရားပွဲများ၊ ကထိန်ပွဲများ၊ ရှင်ပြုပွဲများနှင့် အခြား ယဉ်ကျေးမှုဆိုင်ရာ ပွဲတော် များတွင် ဒေသထွက် လက်မှုပစ္စည်း အနေဖြင့် ဂုဏ်ယူစွာ အလှဆင် အသုံးပြုလေ့ရှိသည်။ သို့သော် နေ့စဉ် ကျင်လည်ရာ လက်တွေ့ဘ၀ အတွင်း၌ ပုသိမ်ထီးကို အသုံးပြုသူမှာ မရှိသလောက် ဖြစ်သည်။
ပွဲလမ်းသဘင်များ၌ အလှပြချိန်မှ လွဲ၍ နေပူချိန်၌ ပုသိမ်ထီး မဆောင်းကြသလို မိုးရွာချိန်၌လည်း မဆောင်းကြပါ။ အကြောင်းရင်းကတော့ ပုသိမ်ထီးများက နေပူချိန်၊ မိုးရွာချိန်တို့၌ အသုံးပြုနိုင်လောက်သည့် အရည်အသွေး မရှိသောကြောင့် ဖြစ်သည်။
ထို အခြေအနေတွင် ပုသိမ် အပါအဝင် မြန်မာပြည်အနှံ့အပြားက လက်မှုပစ္စည်း ချစ်မြတ်နိုးသူ၊ ပုသိမ်ထီး ချစ်သူများ အတွက် သတင်းကောင်းတခု ရှိနေပါသည်။ ၎င်းမှာ ပုသိမ်ထီးကို နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး စလုံး အသုံးပြုနိုင်သည့် အရည်အသွေးကောင်း ထီးများ အဖြစ် ပုသိမ်မြို့ရှိ လက်မှုပညာရှင်များက ထုတ် လုပ်နေသည့် သတင်းဖြစ်သည်။
လူတို့ လက်တွေ့ဘဝတွင် အသုံးဝင်မှု အကန့်အသတ် ရှိသည့် ပုသိမ်ထီးကို ရာသီမရွေး အသုံးပြုနိုင်သည့် အဆင့်မြင့် ပုသိမ်ထီးများ အဖြစ် ထုတ်လုပ်လာကြခြင်း ဖြစ်သည်။
အဆင့်မြင့် ပုသိမ်ထီးများကို နည်းပညာ အသစ်များ အသုံးပြု၍ ဖန်တီးတီထွင် ထုတ်လုပ်ထားခြင်း မဟုတ်ဘဲ ရှေးနှစ်ပေါင်း ၁၀၀ ကျော်က အသုံးပြုခဲ့သည့် ပုသိမ်ထီး ပညာရှင်တို့၏ နည်းပညာများကို ပြန်လည်ဖော်ထုတ် အသုံးပြုခြင်းသာ ဖြစ်ကြောင်း ပုသိမ်မြို့ရှိ ရွှေစာပုသိမ်ထီးလုပ်ငန်းမှ လက်မှုပညာရှင် ဦးအောင်နိုင်က ပြောပြသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်၊ ကျနော်တို့ အဘိုးလက်ထက်က ပညာရှင်တွေ အသုံးပြုခဲ့တဲ့ နည်းတွေကို ပြန်လည် ဖော်ထုတ်ပြီး လုပ်ကိုင်တာပါ။ ထီးရဲ့ ၁၀၀ ရာခိုင်နှုန်းဟာ သဘာ၀ ပစ္စည်းတွေချည်းပဲ ဖြစ်ပြီး ထုတ်လုပ်ရာမှာလည်း စက်ပစ္စည်း အကူအညီ မပါဘဲ လက်နဲ့ချည်းပဲ လုပ်ထားတဲ့ Handmade (လက်မှုပစ္စည်း) ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သည့် သီပေါမင်းကို ၁၈၈၅ ခုနှစ်တွင် အင်္ဂလိပ်တို့က အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နောက်ပိုင်း လက်မှုပညာရှင်များမှာ မန္တလေး နေပြည်တော်ကို စွန့်ခွာ၍ အနယ်နယ် အရပ်ရပ်သို့ ထွက်ခွာခဲ့ကြရာ ထီးပညာရှင် တချို့မှာလည်း အောက်ပြည်အောက်ရွာ ပုသိမ်ဒေသသို့ ရောက်ရှိလာပြီး ရဟန်းသံဃာများ၊ သီလရှင်များ အသုံးပြုရန် ထီးများ ပြုလုပ် ရောင်းချရာမှတဆင့် ပုသိမ်ထီးလုပ်ငန်း စတင် ဖြစ်ပေါ်လာကြောင်း ပုသိမ်ထီး လက်မှု ပညာရှင်များက ရှင်းပြသည်။
ရှေးမြန်မာ ဘုရင်များလက်ထက်က ထီးပြုလုပ်ရာတွင် ဘုရင်နှင့် တော်ဝင်မိသားစုများ အတွက် အကောင်း စား ပိတ်စဖြင့် ပြုလုပ်ပြီး သာမာန်အရပ်သားများမှာ ပိတ်စသုံးခွင့်မရှိဘဲ ဆီစိမ်စက္ကူဖြင့်သာ ထီးရွက်ပြုလုပ် အသုံးပြုရ သည်။ သီပေါမင်း ပါတော်မူပြီး နောက်ပိုင်းမှသာ သာမာန်ပြည်သူများ အတွက် ပိတ်စဖြင့် ထီးပြုလုပ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ပုသိမ်မြို့ရှိ ပုသိမ်ထီး ပညာရှင်များက ပုဂံခေတ်၊ မန္တလေးခေတ် (အိမ်တော်ရာထီး) နှင့် လက်ရှိခေတ်ဟူ၍ ခေတ် ၃ ခေတ် လက်ရာဒီဇိုင်းများဖြင့် ပုသိမ်ထီးများ ထုတ်လုပ်ရောင်းချနေသည်။ လက်ရှိခေတ် ပုသိမ်ထီးမှာ အလှဆောင်းထီးဖြစ်ပြီး ပုဂံခေတ်နှင့် မန္တလေးခေတ်ထီးများမှာ ရာသီမရွေး အသုံးပြုနိုင်သည့် ရေစိုခံထီးများ ဖြစ်သည်။
ပုသိမ်ထီး တလက်တွင် အခြေခံထီးရိုးကို မအူရွှေဝါသစ်ဖြင့် ပြုလုပ်ပြီး ထီးကိုင်းနှင့် ဒေါက်များကို ပုသိမ်ဒေသတွင် ပေါက်ရောက်သည့် သရကူဝါးကို အသုံးပြုသည်။ ထီးမိုးအရွက်များကို ချည်သား၊ ပိုးသားပိတ်စများကို အသုံးပြုပြီး ကော်အဖြစ် ပီလောပီနံဥကို အမှုန့်ထောင်း၍ ရေနှင့်ဖျော်ကာ အသုံးပြုကြောင်း သိရသည်။
ရေစိုခံ ပုသိမ်ထီးများတွင် ရေလုံစေရန် ထီးအမိုးကို တည်သီးမှ ရသည့် သစ်စေးဖြင့် သုတ်၍ ထီးကိုင်း၊ ထီးရိုးများ ကိုလည်း ပိုးမထိုးစေရန်နှင့် တာရှည်ခံစေရန် သဘာ၀ နည်းများဖြင့် စီမံ ထုတ်လုပ်ထားပြီး အနည်းဆုံး ၂ နှစ် အာမခံကြောင်း မျိုးရိုးစဉ်ဆက် ပုသိမ်ထီးလုပ်ငန်း လုပ်ကိုင်ခဲ့သူ ဦးအောင်နိုင်က ပြောပြသည်။
“ကျနော့် အဘိုးနဲ့ အဖေက ပုဂံခေတ်နဲ့ မန္တလေးခေတ်ထီးတွေကို အိမ်မှာ သင်ပေးဖို့လောက်ပဲ လုပ်ပြခဲ့တာ။ ထုတ် မရောင်းခဲ့ဘူး။ အရင် အစိုးရလက်ထက် တလျှောက်မှာလည်း ခေတ်မကောင်းတော့ ဒါတွေ မထုတ်လုပ်ဘဲ နှစ်ပေါင်း များစွာ သိမ်းထားခဲ့တာ ပေါ့။ ၂၀၁၁ ခုနှစ်ကျမှ နည်းနည်းစီ ပြန်လည် ဖော်ထုတ်ခဲ့တာပါ” ဟု သူက ပြောသည်။
ပုသိမ်ဒေသမှ လက်ရှိ ထုတ်လုပ်နေသည့် ရေစိုခံထီး ဒီဇိုင်းများတွင် မြန်မာဘုရင်များ လက်ထက်က တော်ဝင် မိသားစုများ သုံးစွဲခဲ့သည့် နန်းတွင်းသုံး ထီးဒီဇိုင်းများလည်း ပါဝင်သလို အသစ်ဖန်တီး ရေးဆွဲထားသည့် ဒီဇိုင်း အသစ်များလည်း ပါဝင်ကြောင်း သိရသည်။
ပုသိမ်ထီး ၁ လက်လျှင် ၂၀၀၀ ကျပ်မှ ထီးအရွယ်အစားအပေါ် မူတည်၍ ကျပ် ၁ သိန်းကျော်အထိ ဈေးနှုန်း ရှိနေပြီး ပြည်တွင်းရော ပြည်ပပါ ဝယ်လိုအား မြင့်တက်နေကြောင်း သိရသည်။
“ဝယ်တာကတော့ ပြည်တွင်းရော၊ ပြည်ပကပါ ဝယ်ကြပါတယ်။ ဒီနှစ်ပိုင်းမှာ ပြည်တွင်း မှာယူမှုက တအားများလာလို့ ကျမတို့ ကတော့ ပြည်တွင်းကို အဓိကထား ရောင်းဖြစ်တယ်” ဟု နေနတ်သား ပုသိမ်ထီး လုပ်ငန်းပိုင်ရှင် ဒေါ်နီနီဌေးက ပြောသည်။
ပုသိမ်ထီးကို ပြည်တွင်းရှိ ရန်ကုန်၊ မန္တလေး၊ မကွေး၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံစသည့် ဒေသများမှ အများအပြား မှာယူကြပြီး ပြည်ပမှ ဂျာမနီ၊ ပြင်သစ်၊ နယူးဇီလန်၊ သြစတြေးလျ၊ အီတလီနှင့် အမေရိကန် နိုင်ငံများကလည်း အော်ဒါ မှာ၍ ဝယ်ယူကြကြောင်း သိရသည်။
ထီးပြုလုပ်ရာတွင် ဓာတုဗေဒ ဆေးဝါးမပါ၊ စက်ပစ္စည်းမပါဘဲ သဘာ၀ ပစ္စည်းများဖြင့်သာ ပြုလုပ်ထားခြင်း၊ ထီးပြုလုပ်ပုံ အဆင့်ဆင့်တွင် စက်ပစ္စည်း မသုံးဘဲ လက်မှုပညာဖြင့်သာ လုပ်ဆောင်ထားသည့် အချက်များက ပုသိမ်ထီးကို နိုင်ငံခြားသားများ သဘောကျ နှစ်ခြိုက်စေသည်။ နေအိမ်များ၊ ဟိုတယ်များတွင် အလှဆင်ရန်နှင့် လူတို့အသုံးပြုရန် ဝယ်ယူကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြည်ပဝယ်လိုအား မြင့်တက်နေသော်လည်း ပုသိမ်ထီးများကို မြန်မြန်နှင့် အရေအတွက်များများ မထုတ်လုပ် နိုင်သည့် အတွက် အော်ဒါမှာယူသမျှ၏ ၂၀ ရာခိုင်နှုန်းခန့်သာ ရောင်းချပေးနိုင်ကြောင်း ရွှေစာ ပုသိမ်ထီးလုပ်ငန်း ပိုင်ရှင် ဦးအောင်နိုင်က ပြောသည်။
“နိုင်ငံခြားကနေ ကွန်တိန်နာ ၁ လုံးစာ မှာတယ်။ အချိန် ၃ လ ပေးတယ်။ ကျနော်တို့ ဧရာဝတီ တတိုင်းလုံးမှာ ရှိတဲ့ ပုသိမ်ထီး လုပ်ငန်းတွေ ထုတ်လုပ်ရင်တောင် သူတို့မှာတဲ့ အရေအတွက်ကို ထုတ်လုပ်ဖို့ မတတ်နိုင်ဘူး။ ဘာလို့ ဆိုတော့ မြန်မြန်နဲ့များများ ထုတ်လုပ်ဖို့ ဆိုရင် ငွေအရင်းအနှီး လိုတယ်။ အားလုံးက တနိုင်တပိုင် အိမ်တွင်း စီးပွားရေး လုပ်ငန်းလေးတွေ ဖြစ်နေတော့ ငွေမရင်းနိုင်ဘူး။ အဲဒီတော့ ဝယ်ချင်သလောက် ရောင်းမပေးနိုင်ဘူး ဖြစ်နေတယ်”ဟု သူက ရှင်းပြသည်။
အရည်အသွေးကောင်းမွန်သည့် ပုသိမ်ထီးများ ထုတ်လုပ်ဖို့ ဆိုလျှင် ထီးပြုလုပ်ရန် လိုအပ်သည့် သရကူဝါးနှင့် တည်သီးတို့ကို ၃ နှစ်ခန့် ကြိုတင်ဝယ်ယူ စုဆောင်းရပြီး ဝါးကို ပိုးမထိုးရန် ရွှံ့ထဲတွင် နှစ်ထားရခြင်း၊ တည်သီးများကို ထောင်း၍ ရေစိမ်ထားခြင်းများ ပြုလုပ်ရသည်။
“၂၀၁၇ မှာ လုပ်မယ့် ထီးအတွက် ကျနော်တို့က အခုချိန်ကတည်းက ဝါးနဲ့ တည်သီးတွေ ကြိုဝယ်ပြီး ပြင်ဆင်ထားရ တယ်။ ဒီနှစ်ခုတ်တဲ့ဝါးကို ချက်ခြင်း ပုသိမ်ထီးမှာ သုံးလို့မရဘူး။ ဖြစ်သလိုလုပ်ရင် ထီးအရည်အသွေး မကောင်းတော့ ဘူး။ အရည်အသွေးကောင်း ထုတ်လုပ်ဖို့ကျတော့ ၃ နှစ်လောက် ငွေတွေ ရင်းနှီးထားရတဲ့ အလုပ်ကို ငွေမတတ်နိုင်တဲ့ ပညာရှင်တွေက မလုပ်နိုင်တော့ဘူးလေ” ဟု ဦးအောင်နိုင်က ပြောသည်။
ထို့ပြင် ပုသိမ်ဒေသထွက် သရကူဝါး ရှားပါးလားခြင်း ကလည်း မြန်မာနိုင်ငံ၏ ထင်ရှားသည့် လက်မှုပညာ ထုတ်ကုန် တခု အဖြစ် ကမ္ဘာက လက်ခံထားသည့် ပုသိမ်ထီး လုပ်ငန်းများကို ခြိမ်းခြောက်နေသည်။
“တောတွေက ပြုန်းကုန်တော့ သရကူဝါးက တဖြည်းဖြည်း ရှားလာပြီ။ ပိုက်ဆံရှိလို့ ဝယ်စုချင်တာတောင် သိပ်မလွယ် တော့ဘူး။ ရှိတဲ့နေရာက လိုက်ဝယ်နေရတယ်။ ဒီဝါးတွေက သေချာကို ပြန်စိုက်ဖို့ လိုနေပြီ”ဟု နေနတ်သား ပုသိမ်ထီး လုပ်ငန်းမှ ဒေါ်နီနီဌေးက ပြောပြသည်။
ပုသိမ်ထီး လုပ်ငန်းများ အတွက် SME ချေးငွေ (အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် ချေးငွေ) ပေးအပ်ရန်နှင့် သရကူဝါး စိုက်ပျိုးမည့် မြေနေရာ ပေးအပ်ရန် အစိုးရထံ တောင်းဆိုထားသော်လည်း ယနေ့တိုင် မရရှိ သေးကြောင်း ပုသိမ်ထီး လုပ်ငန်းရှင်များက ပြောသည်။
“လက်မှု ပညာသည်တွေ ကတော့ မျိုးရိုး စဉ်ဆက်လုပ်လာတဲ့ ပုသိမ်ထီးလုပ်ငန်း မတိမ်ကောအောင် တတ်နိုင် သလောက် ကြိုးပမ်းမှာ ပဲ။ ဒါပေမယ့် ငွေကြေးအရ ရင်းနှီးမြျုပ်နှံမှုတွေ မလုပ်နိုင်လို့ ဒီလုပ်ငန်းတွေကို စွန့်လွှတ်ကုန်ရင် မြန်မာ့ အဖိုးတန် လက်မှုပညာတွေလည်း တဖြည်းဖြည်း တိမ်ကောသွားမှာပဲ” ဟု ဦးအောင်နိုင်က ပြောသည်။
ငွေကြေး အရင်းအနှီး မစိုက်ထုတ်နိုင်ခြင်း၊ ကုန်ကြမ်းများနှင့် ကျွမ်းကျင်လုပ်သားများ ရှားပါးလာမှုတို့ကြောင့် ပုသိမ်ဒေသတွင် ယခင်က ပုသိမ်ထီး အလုပ်ရုံ ၄၀ ကျော်ရှိခဲ့ရာမှ ယခုအခါ နေနတ်သား၊ မြကျောင်းတော်နှင့် ရွှေစာဟူ၍ အလုပ်ရုံ ၃ ရုံနှင့် တနိုင်တပိုင် အိမ်တွင်း လုပ်ငန်းငယ်တချို့သာ ကျန်ရှိတော့သည်။
ဦးအောင်နိုင် အပါအဝင် ပုသိမ်ဒေသရှိ ပုသိမ်ထီးလက်မှု ပညာရှင်အများစုက ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်ရှိ ပုသိမ်ထီး ထုတ်လုပ်သူများ၏ ဘဝကို အားကျနေကြသည်။
“ကျနော့်အလုပ်ရုံကို လာသွားတဲ့ ထိုင်းလူမျိုး အရာရှိကြီးတဦးက ပြောပြတယ်။ ချင်းမိုင်မှာ ပုသိမ်ထီးလုပ်တဲ့ လက်မှု ပညာသည် တွေအတွက် အစိုးရက ရွာတည်ပေးထားတယ်။ သူတို့ကို လုံး၀ အခွန်မကောက်ဘူး။ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးက အစ လိုအပ်တာတွေ အစိုးရက ကူညီပံ့ပိုးပေးတယ် တဲ့။ အားကျစရာပေါ့ ဗျာ” ဟု သူက ပြောသည်။
လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်က ဖရာအင်သာဆိုသည့် ထိုင်းဘုန်းတော်ကြီးက မြန်မာဒကာတဦးထံမှ အလှူခံရရှိသည့် ပုသိမ်ထီး တလက်ကို အဆင့်ဆင့် လေ့လာပြီး ထိုင်းလူမျိုးများအား လုပ်ကိုင်စေခဲ့ရာ ချင်းမိုင်ခရိုင်၊ ဆန်ခမ်ပန်းနှင့် ဒွိုင်စကပ် ဒေသရှိ ထိုင်းဒေသခံ ရာပေါင်းများစွာမှာ ယနေ့တိုင် ပုသိမ်ထီး ပြုလုပ်၍ အသက်မွေးကြကြောင်း သိရသည်။
ထို့ပြင် ပုသိမ်ထီးထုတ်လုပ်သည့် ကျေးရွာများကိုလည်း ထိုင်းနိုင်ငံ အစိုးရက နိုင်ငံခြားသား ခရီးသွားများ ဆွဲဆောင်ရာ နေရာတခု အဖြစ် စနစ်တကျ ပြုစုထိန်းသိမ်း ပေးထားကြောင်း သိရသည်။
မိမိတို့ ပုသိမ်ထီး လုပ်ငန်းများကိုလည်း နိုင်ငံတော် အစိုးရမှ ငွေကြေး အရင်းအနှီးနှင့် ကုန်ကြမ်းစိုက်ပျိုးမည့် မြေနေရာ များ ပံ့ပိုးပေးမှသာ ရေရှည် ရပ်တည်နိုင်မည် ဖြစ်ကြောင်း ပုသိမ်မြို့ရှိ ပုသိမ်ထီးလုပ်ငန်းရှင်များက ပြောဆိုကြသည်။
“ထီးဝယ်ချင်တဲ့ လူ ရှိပေမယ့် ကွာလတီ ကောင်းကောင်း လုပ်ဖို့ အတွက် အရင်းအနှီး မတတ်နိုင်ကြလို့ ပုသိမ်ထီး လုပ်ငန်းသမားတွေ အခက်အခဲ ဖြစ်နေကြတာပါ။ နိုင်ငံတော်ကသာ အတိုးနည်းနည်းနဲ့ နှစ်ရှည်ချေးငွေတွေ ပံ့ပိုးပေးမယ် ဆိုရင် ပုသိမ်ထီးဟာ နိုင်ငံခြားငွေ ရှာပေးနိုင်တဲ့ ပို့ကုန်တခု ဖြစ်လာမှာပါ”ဟု ရွှေစာပုသိမ်ထီး လုပ်ငန်း ပိုင်ရှင် ဦးအောင်နိုင်က ပြောသည်။
နှစ်ပေါင်း ရာနှင့် ချီ၍ ရှင်သန်ရပ်တည်ခဲ့သည့် မြန်မာ့ပုသိမ်ထီး လက်မှုပညာရှင်များမှာ အခက်အခဲများကို ရင်ဆိုင်ရင်း ယခင်ကဲ့သို့ ပုသိမ်မြို့၌ ပုသိမ်ထီးလုပ်ငန်းများ ဝေဝေဆာဆာ ပြန်လည် ဖြစ်ထွန်းလာမည့် နေ့ရက်ကို မျှော်လင့်နေကြ သည်။ ။