နိုင်ငံတော် တည်ဆောက်ရေးဆိုသည်မှာ အစိုးရ အင်စတီကျူးရှင်းအသစ်များ ဖန်တီးပုံဖော်ရခြင်းနှင့် တည်ဆဲ အင်စတီကျူးရှင်းများ ခိုင်မာအောင် ဆောင်ရွက်ရခြင်းတို့ ဖြစ်သည်။ ဤသည်မှာ ယနေ့ ကမ္ဘာ့အသိုင်းအဝိုင်းအတွက် သေရေးရှင်ရေးတမျှ အရေးကြီးလှသော ပြသနာတရပ်လည်း ဖြစ်နေသည်။ အကြောင်းမူ ဆင်းရဲမွဲတေမှုနှင့် AIDS ရောဂါမှသည် မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် အကြမ်းဖက်ဝါဒအထိ ကမ္ဘာ့အဆိုးဝါး အပြင်းထန်ဆုံး ပြဿနာများထဲမှ တော်တော်များများ၏ ဇာစ်မြစ်များမှာ အားနည်းသောနိုင်ငံများ သို့မဟုတ် အရေးနိမ့် နိုင်ငံများနှင့် နီးနီးကပ်ကပ် ဆက်စပ်နေသောကြောင့် ဖြစ်သည်။
နိုင်ငံတော် တည်ဆောက်ရေးနှင့် ပတ်သက်လျှင် ကျွနု်ပ်တို့အနေနှင့် တော်တော်များများ သိထားသည့်တိုင် ကျွနု်ပ်တို့ မသိသေးသော အရာများလည်း မနည်းမနော ရှိနေဆဲဖြစ်သည်။ အထူးသဖြင့် ခိုင်မာအားကောင်းသော အင်စတီကျူးရှင်းများကို ဖွံ့ဖြိုးဆဲနိုင်ငံများသို့ မည်သို့ ရွှေ့ပြောင်း ပုံဖော်ကြရမည်ဆိုသည်နှင့် ပတ်သက်လျှင် မသိသေးသည်က များပါသည်။ အရင်းအမြစ်များ၊ လူများနှင့် နည်းပညာများကို ယဉ်ကျေးမှု နယ်နိမိတ်များ ဖြတ်ကျော်ပြီး မည်သို့ရွှေ့ပြောင်း ပုံဖော်ရမည်ကိုမူ ကျွနု်ပ်တို့ သိနားလည်ကြပြီး ဖြစ်သည်။ သို့တစေ ကောင်းစွာ အလုပ်ဖြစ်ရမည့် အစိုးရ အင်စတီကျူးရှင်းများ အနေနှင့် အခိုင်အမာ အကျင့်စရိုက်နှင့် စိတ်အခံများ လိုအပ်နေဆဲ ရှိသလို ရွှေ့ပြောင်း လှုပ်ရှားနိုင်စွမ်းကို ခုခံသလို ဖြစ်နေသည့် ရှုပ်ရှုပ်ထွေးထွေး နည်းလမ်းများဖြင့် လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နေဆဲလည်း ရှိသည်။ ဤနယ်ပယ်နှင့် ပတ်သက်လျှင် ကျွန်ုပ်တို့အနေနှင့် ပို၍ တွေးတွေးဆဆ ရှိကြဖို့၊ ပို၍ အာရုံစူးစိုက်ကြဖို့၊ ပို၍ သုတေသနလုပ်ကြဖို့ အထူးလိုပါလိမ့်မည်။
နိုင်ငံတော်၏ အခန်းကဏ္ဍကို ကန့်သတ်ဖို့ သို့မဟုတ် လျှော့ချဖို့ထက် တည်ဆောက်ဖို့ကိုသာ ထိပ်တန်းဦးစားပေး အားပြုသင့်သည်ဆိုသော စဉ်းစားချက်မှာ တချို့ပုဂ္ဂိုလ်များအတွက် ထူးဆန်းကောင်း ထူးဆန်းနေပါလိမ့်မည်။ တချို့ကဆိုလျင် မလျော်ကန် မသင့်မြတ်သော အတွေးအမြင်ဟူ၍ပင် ယူဆကောင်း ယူဆကြပါလိမ့်မည်။ ထို့ထက် ပြီးခဲ့သော မျိုးဆက်အတွင်း ကမ္ဘာ့နိုင်ငံရေးကို လွှမ်းမိုးထားခဲ့သည့် တူရှုချက်မှာ “ကြီးမား သောအစိုးရ” ဆိုသည့်အပေါ် ဝေဖန်ဆန်းစစ်မှုများသာ ဖြစ်ခဲ့ရာ တက်ကြွထက်သန်သော လှုပ်ရှားမှုများကို နိုင်ငံတော်ကဏ္ဍမှ ပုဂ္ဂလိက ဈေးကွက်များ သို့မဟုတ် အရပ်ဘက် အဖွဲ့အစည်းများသို့ ပြောင်းရွှေ့နိုင်ရန် အားထုတ်ကြသည်များသာ ရှိခဲ့သည်။ သို့နှင့်တိုင် အထူးသဖြင့် ဖွံ့ဖြိုးဆဲကမ္ဘာတွင်မူ အားနည်းသော၊ စွမ်းဆောင်ရည် မပြည့်သော၊ (အစိုးရတရပ်အနေနှင့်) အမှန်တကယ် မရှိသော အစိုးရများသည်သာ ဆိုးရွားပြင်းထန်သော အခက်အခဲများ၏ ရေခံမြေခံဖြစ်ခဲ့ကြသလို ဆက်လက် ဖြစ်နေဆဲလည်း ဖြစ်သည်။
ဤအတွက် ဥပမာပြရလျင် အာဖရိက AIDS ရောဂါ ကပ်ဘေးကြီးကို ဖော်ပြလိုသည်။ ဤရောဂါဆိုးကြီးမှာ လူပေါင်း ၂၅ သန်းကျော်ကို ကူးစက်ပျံ့နှံ့လျက်ရှိရာ မယုံနိုင်လောက်သော သေကြေပျက်စီးမှုများနှင့် ရင်ဆိုင်ရဖို့ ရှိပါသည်။ အမှန်စင်စစ် AIDS ရောဂါကို ဖွံ့ဖြိုးပြီး နိုင်ငံများမှာလို “ဗိုင်းရပ်စ်ပေါက်ဖွားမှုကို ထိန်းချုပ်နိုင်သည့်ဆေးဝါး” (Anti-retroviral drug) များဖြင့် ထိန်းချုပ်ကုသနိုင်သည်။ အဆိုပါ AIDS ရောဂါဆေးဝါးများ ရရှိရန် နိုင်ငံတကာမှ ကူညီထောက်ပံ့ကြဖို့ တွန်းတွန်းတိုက်တိုက် တောင်းဆိုနေကြသည်များ ရှိသလို ဆေးဝါး ကုမ္ပဏီကြီးများကိုလည်း အာဖရိကနှင့် တတိယကမ္ဘာရှိ တခြားနိုင်ငံများတွင် ၎င်းတို့ထုတ်လုပ်သော ဆေးဝါးများကို ဈေးသက်သာစွာ ဈေးကွက်တင်ခွင့်ပြုဖို့ ဖိအားပေးကြသည်များလည်း ရှိသည်။
AIDS ပြဿနာမှာ တစိတ်တပိုင်းအားဖြင့် အရင်းအမြစ်ကိစ္စ ဖြစ်သော်လည်း တခြားအရေးကြီးသည့် အချင်းအရာတခုမှာ ကျန်းမာရေး အစီအစဉ်များကို စီမံခန့်ခွဲရမည့် အစိုးရ စွမ်းဆောင်ရည်ပင် ဖြစ်သည်။ ဗိုင်းရပ်စ် ပေါက်ပွားမှုကို ထိန်းချုပ်နိုင်သည့် ဆေးဝါးများမှာ ကုန်ကျစရိတ် များရုံမျှမက ဆေးထိုးဆေးတိုက်ရာတွင်လည်း ရှုပ်ထွေးမှုများ ရှိတတ်သည်။ တကြိမ်ထိုးရုံနှင့် ကိစ္စပြီးသော တခြားကာကွယ်ဆေးများနှင့် မတူ၊ အဆိုပါဆေးများကို အသုံးပြုရာတွင် အထိုက်အသင့် ရှည်ကြာသော အချိန်ကာလတခုအတွင်း ထွေးပြားသော ဆေးပမာဏကို ချိန်ဆပေးကြရသည်။ စနစ်တကျ အသုံးမပြုနိုင်လျင် HIV ရောဂါပိုးကို ဆေးယဉ်သွားစေပြီး လက်တွေ့အားဖြင့် ကပ်ရောဂါကို ပို၍ပင် အခြေအနေ ဆိုးသွားစေနိုင်သည်။
ထိရောက်သော ကုသမှုဖြစ်ဖို့အတွက် ခိုင်မာအားကောင်းသော လူထုကျန်းမာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ၊ လူထုပညာရေးနှင့် အခိုင်အမာဒေသရှိ ရောဂါနှင့် ပတ်သက်သော ‘ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာပညာရပ်’ အသိပညာများ ရှိဖို့လိုပါသည်။ ဆာဟာရတပိုင်း အာဖရိကရှိ နိုင်ငံအများစုမှာဆိုလျှင် အရင်းအမြစ်တချို့ ရှိသလောက် ရှိသော်လည်း ရောဂါကို ကုသကိုင်တွယ်ရမည့် အင်စတီကျူးရှင်း ဆိုင်ရာ စွမ်းဆောင်ရည်မှာကား အားနည်း လျှော့ပါးနေဆဲပင် ဖြစ်သည်။ (ယူဂန္ဓာလို နိုင်ငံတချို့အနေနှင့်မူ တခြား နိုင်ငံများထက်စာလျင် အထိုက်အသင့် ပိုကောင်းအောင် ဆောင်ရွက်နိုင်ပါသည်။) သို့အတွက် ကပ်ရောဂါ အန္တရာယ်ကို ရင်ဆိုင်ဖို့ဆိုလျှင် ရောဂါဆိုးကြီး ဖိစီးနှိပ်စက်ခံနေရသော နိုင်ငံများကို ၎င်းတို့ရနိုင်သော အရင်းအမြစ်များ အသုံးပြုနိုင်လောက်သည့် အင်စတီကျူးရှင်း ဆိုင်ရာ စွမ်းဆောင်ရည်များ ဖွံ့ဖြိုးလာစေဖို့ အကူအညီ ပေးကြရမည် ဖြစ်သည်။
ဆင်းရဲသော နိုင်ငံများရှိ နိုင်ငံတော် စွမ်းဆောင်ရည်ချို့တဲ့မှုမှာ ဖွံ့ဖြိုးပြီးကမ္ဘာအတွက် ပို၍ တိုက်ရိုက်သဘော ဆောင်သော ခြောက်လှန့်မှု ဖြစ်လာခဲ့သည်။ စစ်အေးတိုက်ပွဲ ဆုံးခန်းတိုင်သွားသည်က ဘော်လ်ကန်နိုင်ငံများမှ ကော့ကေးဆပ်ကို ကျော်ပြီး အရှေ့အလယ်ပိုင်း ဗဟိုအာရှနှင့် တောင်အာရှအထိ အပြန့်ကျယ်သော နယ်မြေကြီးတွင် အရေးနိမ့်နိုင်ငံ သို့မဟုတ် အားနည်းချည့်နဲ့သောနိုင်ငံ အမြောက်အများကို ချန်ထားရစ်ခဲ့သည်။ နိုင်ငံတော် ပြိုကွဲမှုများ သို့မဟုတ် အားနည်းချည့်နဲ့မှုများမှ အဓိကကျသည့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာနှင့် လူ့အခွင့်အရေးဆိုင်ရာ အတိဒုက္ခများစွာကို ဖန်တီးပေးလိုက်သလို ဖြစ်ခဲ့ရသည်။ ၁၉၉၀ ပြည့်လွန် နှစ်များအတွင်း ဆိုမာလီယာ၊ ဟေတီ၊ ကမ္ဘောဒီးယား၊ ဘော့စနီးယား၊ ကိုဆိုဗိုနှင့် အရှေ့တီမော နိုင်ငံများမှာဆိုလျင် အဆိုပါ အတိဒုက္ခကြီး၏ သားကောင် ဖြစ်ခဲ့ရသူများမှာ ရာနှင့်ထောင်နှင့်ချီ ရှိခဲ့သည်။
အမေရိကန် ပြည်ထောင်စု အပါအဝင် တခြားနိုင်ငံများ အနေနှင့် ဆိုခဲ့ပါပြဿနာများကို ဒေသတွင်းကိစ္စ အဖြစ်သာ ကာလတခုအထိ ဟန်ဆောင် ဖုံးကွယ်ထားခဲ့ကြသော်လည်း ဤကာလမှာ သိပ်ကြာလှသည်တော့ မဟုတ်ပါ။ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်မှုကြီးက နိုင်ငံတော် အားနည်းချည့်နဲ့မှုသည်လည်း အလွန်ကြီးမားသော မဟာဗျူဟာ စိန်ခေါ်ချက်တရပ် ဖြစ်သည်ကို သက်သေပြလိုက်သလို ဖြစ်သွားခဲ့သည်။ အားနည်းချည့်နဲ့သော အုပ်ချုပ်ရေးက ဖန်တီးလိုက်သည့် ဆိုခဲ့ပြီးသော ပြဿနာ ဝန်ထုပ်ဝန်ပိုးကြီးကို ဗူးလေးရာ ဖရုံဆင့်စေလိုက်သည့် အဓိက လုံခြုံရေး မျက်နှာစာတရပ်လည်း ရှိပါသေးသည်။ အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်ဝါဒနှင့် အစုလိုက်အပြုံလိုက် သေကြေပျက်စီးနိုင်သော လက်နက်များ၏ အသင့်အသုံးချနိုင်စွမ်းတို့ ပေါင်းစည်းမိခြင်းဖြစ်သည်။
၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း စစ်ရေးလှုပ်ရှားမှုများ ပေါ်ထွက်ချိန်ရောက်တော့မှသာ အမေရိကအနေနှင့် အာဖဂန် နစ္စတန်နှင့် အီရတ်တို့၏ တိုင်းပြည် တည်ဆောက်ရေးနှင့် နိုင်ငံတော် တည်ဆောက်ရေးတို့ကို အဓိကကျသော တာဝန်ယူမှု အသစ်အဖြစ် သဘောယူလာခဲ့ခြင်း ဖြစ်သည်။ သို့နှင့်အမျှ နိုင်ငံတော် စွမ်းဆောင်ရည်နှင့် အင်စတီကျူးရှင်းဆိုင်ရာ ဝတ်လစ်စလစ် အနေအထားမှ မနည်းရုန်းထ အကောင်အထည်ဖော် ဖန်တီးနေရသော နိုင်ငံတော် တည်ဆောက်ရေး စွမ်းဆောင်မှုမှာ ထိပ်တန်းအဆင့် ကမ္ဘာလုံးချီ ခေါင်းစဉ်ထဲသို့ ရောက်ရှိလာခဲ့သည်။ နိုင်ငံတော် စွမ်းဆောင်ရည် တည်ဆောက်ရေးကိုလည်း ကမ္ဘာကြီး၏ အရေးကြီးသော နေရာများရှိ ဖြစ်တန်ရာ လုံခြုံရေးအတွက် အဓိကကျသော အခြေအနေတရပ်အဖြစ် ခံယူလာကြဟန် ရှိပါသည်။ သည်လိုနှင့် နိုင်ငံတော် အားနည်းချည့်နဲ့မှုမှာ အမျိုးသားရေးပြသနာ သက်သက်မျှမဟုတ်တော့ဘဲ မျက်မှောက်ခေတ် ကမ္ဘာ့အစီအစဉ်၏ ပထမဦးစားပေး နိုင်ငံတကာ ပြသနာတရပ် ဖြစ်လာခဲ့သည်။
အုပ်ချုပ်ရေးနှင့် ခေတ်မီရေး
အားနည်းသောနိုင်ငံများ၏ ပြဿနာနှင့် နိုင်ငံတော် တည်ဆောက်ရေးအတွက် လိုအပ်ချက်တို့ ရှိနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုများမှာ အဆိုပါပြဿနာနှင့် လိုအပ်ချက်တို့ကို ပို၍ ထင်သာမြင်သာရှိအောင် ဖန်တီးလိုက်သလို ဖြစ်ခဲ့သည်။ အမှန်စင်စစ် ဆင်းရဲမွဲတေမှုမှာ အကြမ်းဖက်ဝါဒ၏ အနီးကပ်ဆုံး အကြောင်းရင်းခံ မဟုတ်ပါချေ။ ၉/၁၁ အကြမ်းဖက် လုပ်ကြံမှု၏ စည်းရုံးရေးမှူးများမှာ နှိုင်းယှဉ်ချက်အားဖြင့် တစုံတရာ ချမ်းသာကြွယ်ဝသော ဘဝနောက်ခံမှ လာသူတွေသာ ဖြစ်သည်။ သူတို့တတွေ အကြမ်းဖက် အစ္စလာမ်မစ်ဝါဒ၏ တပ်သားသစ်များ ဖြစ်လာကြသည်မှာလည်း သူတို့ဇာတိနိုင်ငံများတွင် မဟုတ်။ အနောက်ဥရောပတွင် အဆင့်မြင့် ပညာရပ်များ သင်ယူနေစဉ်အတွင်း ဖြစ်သည်။
သို့တိုင်အောင် ဆိုခဲ့ပါ တိုက်ခိုက်မှုကြီးမှာ အနောက်အတွက်ကား ဗဟိုအချက်အခြာ ပြဿနာတရပ်ကို အလေးထား အာရုံစိုက်စေခဲ့သည်။ ခေတ်သစ်ကမ္ဘာကြီး အနေနှင့် ဆွဲဆောင်အား ကောင်းလှသော အထုတ်တထုတ်ကို ဆောင်ကြဉ်း ပေးလိုက်သလို ရှိခဲ့ပါသည်။ ဤအထုတ်ထဲတွင် ဈေးကွက်စီးပွားရေး၏ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာကြွယ်ဝမှုကို လစ်ဘရယ် ဒီမိုကရေစီ၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေကောင်းနှင့် ပေါင်းစပ်ထည့် သိပ်ထားလေရာ ကမ္ဘာပေါ်ရှိ လူအများစုကြီးက လိုလားနှစ်သက်ခဲ့ကြသည်။ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်း နေထိုင်သူများနှင့် ဒုက္ခသည်များ၊ ဖွံ့ဖြိုးမှု နောက်ကျသော နိုင်ငံများမှ ပိုမိုဖွံ့ဖြိုးသော နိုင်ငံများသို့ အကြီးအကျယ် တဘက်သတ် ပြောင်းရွှေ့ စီးဝင်လာကြသည်မှာ မြင်သာထင်သာသော သာဓကပင် ဖြစ်ပါသည်။
ပြောကြစတမ်းဆိုလျင် လစ်ဘရယ်အနောက်၏ ခေတ်မီမှုကို ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်း တော်တော်များများတွင် အောင်မြင်ရရှိဖို့ဆိုသည်မှာ ခက်ခဲလှပါသည်။ ပြီးခဲ့သော မျိုးဆက်နှစ်ခုအတွင်း အရှေ့အာရှနိုင်ငံ တချို့အနေနှင့် အဆိုပါ အပြောင်းအလဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်စဉ်မှာပင် ဖွံ့ဖြိုးဆဲကမ္ဘာမှ တခြားနိုင်ငံများမှာ အကျပ်အတည်း ဆိုက်လျက် ရှိနေခဲ့ကြသည်။ နိုင်ငံတချို့ဆိုလျင် ဤကာလအတွင်းမှာပင် နောက်ပြန် ဆုတ်ကုန်ကြသည်များပင် ရှိသည်။ ဤတွင် ပြဿနာရှိသော အမေးပုစ္ဆာတရပ် ပေါ်ထွက်လာပါတော့သည်။
“လစ်ဘရယ်အနောက်၏ အင်စတီကျူးရှင်းများနှင့် တန်ဖိုးများမှာ အမှန်တကယ် လောကလုံးသဘော ဆောင်ပါ၏လော …။ သို့တည်းမဟုတ် ဆမ်မျူရယ် ဟန်တင်တန် အခိုင်အမာဆိုသလို ‘ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း’ ကို ကိုယ်စား မပြုပါသလော …။ သို့တည်းမဟုတ် အဆိုပါ အင်စတီကျူးရှင်းများနှင့် တန်ဖိုးများမှာ မြောက်ပိုင်းဥရောပ အခိုင်အမာ ဒေသများရှိ ယဉ်ကျေးမှုဆိုင်ရာ အကျင့်စရိုက်များ၏ အကျိုးရလဒ်မျှသာလော …” ဆိုသည့် ပြဿနာအမေးပုစ္ဆာကြီး ဖြစ်ပါသည်။ တကယ့်လက်တွေ့တွင်မူ အနောက်နိုင်ငံ အစိုးရများနှင့် နိုင်ငံစုံ ဖွံ့ဖြိုးရေး အေဂျင်စီများမှာ အသုံးတည့်သော အကြံဉာဏ်များ မပေးနိုင်ခဲ့ကြသလို ဖွံ့ဖြိုးဆဲနိုင်ငံများကိုလည်း ကူညီနိုင်စွမ်း ရှိခဲ့ကြသည် မဟုတ်ပါချေ။ ဤအချက်က အဆိုပါနိုင်ငံများနှင့် အေဂျင်စီများ အားပေးမြှင့်တင်ဖို့ နည်းလမ်းရှာနေကြသော မြင့်မားသည့် အဆုံးစွန် ရည်မှန်းချက်များကိုပင် အခြေမှ လှိုက်စားအားနည်း ချည့်နဲ့စေခဲ့ပေသည်။
နိုင်ငံတော်၏ အရွယ်အစားနှင့် သန်စွမ်းမှုတို့အပေါ် အခြေအတင် အငြင်းပွားမှုများဖြင့် ၂၀ ရာစုနိုင်ငံရေးကို အပြည့်အစုံ ပုံသွင်းခဲ့ကြသည်။ အဆိုပါ ၂၀ ရာစု၏ ကနဦးကာလကို ထိုစဉ်ကာလ ကမ္ဘာ့လစ်ဘရယ် နိုင်ငံတော်များ၏ ခေါင်းဆောင်ဟု ဆိုနိုင်သော ဂရိတ်ဗြိတိန်က “လစ်ဘရယ် နိုင်ငံတကာ အစီအစဉ်တရပ်” ဖြင့် ဦးဆောင်ခဲ့သည်။ ဗြိတိန်မှာရော တခြား ဥရောပထိပ်သီး နိုင်ငံများတွင်ပါ စစ်ဘက်မဟုတ်သော နိုင်ငံတော်လုပ် ဆောင်မှုများ၏ ‘နယ်ပယ်’ (Scope) မှာ နှိုင်းယှဉ်ချက်အားဖြင့် ခပ်ကျဉ်းကျဉ်းသာ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုမှာဆိုလျင် နိုင်ငံတော် လုပ်ဆောင်မှုများ၏ နယ်ပယ်ကို ပို၍ပင် ကျဉ်းကြုံ့ထားသည်။ သို့နှင့်တိုင် စစ်ပွဲ၊ တော်လှန်ရေး၊ စီးပွားပျက်ကပ်နှင့် နောက်တကြိမ်စစ်ပွဲတို့ကို ဖြတ်သန်းပြီးသော အခါတွင်ကား ဆိုခဲ့ပါ ကမ္ဘာ့အစီအစဉ်မှာ တစစီ ပြိုလဲပျက်စီးသွားပါလေတော့သည်။ ကမ္ဘာတဝန်းမှ နိုင်ငံအများစုတွင် အရွယ်ပမာဏ အသေးဆုံး လစ်ဘရယ်နိုင်ငံတော်များမှာ ဗဟိုချုပ်ကိုင်မှု ပိုကဲသော ပို၍ တက်ကြွလှုပ်ရှားလာသော နိုင်ငံတော်များသို့ နေရာဖယ်ပေးလိုက်ရပါတော့သည်။
ဤတွင် လမ်းခွဲနှစ်ခုဖြင့် ဦးဆောင် တွဲခေါ်လာသော ဖွံ့ဖြိုးမှု ရေစီးကြောင်းတခု ပေါ်ထွက်လာပြီး အကြွင်းမဲ့ အာဏာရှင် နိုင်ငံတော်အဖြစ်သို့ ဦးတည်လာခဲ့သည်။ အဆိုပါ အကြွင်းမဲ့အာဏာရှင် နိုင်ငံတော်က အရပ်ဘက် အဖွဲ့အစည်းများကို လွတ်လပ်သော နယ်ပယ်အဖြစ်မှ လုံးဝဖျက်သိမ်းလိုက်ပြီး နိုင်ငံတော် ရည်မှန်းချက်များ၏ လက်အောက်ခံအဖြစ် သွတ်သွင်းပစ်လိုက်သည်။ ယုတ္တိသဘောအရ ပြောရလျင် ဆိုခဲ့ပါ လမ်းခွဲ နှစ်ခုလုံမှာ ဘာလင်တွင် လာဆုံပြီး ရပ်ဆိုင်းသွားခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လက်ယာဂိုဏ်လမ်းခွဲမှာ ဘာလင်ရှိ ဟစ်တလာ ဘန်ကာကျအပြီး နာဇီ တတိယအင်ပါယာ ပြိုကျသွားသော ၁၉၄၅ ခုနှစ်တွင် နိဋ္ဌိတံသွားခဲ့သည်။ လက်ဝဲဂိုဏ်းလမ်းခွဲသည်လည်း ၁၉၈၉ ဘာလင်တံတိုင်း ပြိုကျချိန် အရှေ့ဥရောပနှင့် ယခင် ဆိုဗီယက်ယူနီယံ တလွှား ကွန်မြူနစ် စမ်းသပ်မှုများ စနစ်ကိုယ်တိုင်၏ ပင်ကိုယ် ပဋိပက္ခများမှလာသော ဒဏ်သင့်မှုအောက်တွင် ပြိုကွဲသွားသည်နှင့် နိဂုံးကမ္ပတ် အဆုံးသတ်သွားခဲ့သည်။
သို့နှင့်တိုင် ၂၀ ရာစု၏ ပထမ လေးပုံ သုံးပုံကို ပြန်ကြည့်လိုက်လျှင် အာဏာပိုင်စနစ် မကျင့်သုံးသော နိုင်ငံများတွင်လည်း နိုင်ငံတော်များ၏ အရွယ်အစား လုပ်ဆောင်မှုများနှင့် နယ်ပယ်တို့မှာ ကြီးထွား တိုးပွားလာသည်ကိုသာ တွေ့ရပါသည်။ ဆိုရလျှင် ဒီမိုကရေစီနိုင်ငံ အားလုံးနီးပါး ကျန်အတိုင်းပင် ဖြစ်ခဲ့သည်။ ၁၉၀၀ ပြည့်နှစ်က အနောက်ဥရောပနှင့် အမေရိကန် ပြည်ထောင်စုရှိ နိုင်ငံတော်ကဏ္ဍများ၏ အသုံးစရိတ်မှာ ယေဘုယျအားဖြင့် နှစ်စဉ် “စုစုပေါင်းပြည်တွင်း ထုတ်ကုန်တန်ဖိုး” (ဂျီဒီပီ) ၏ ၁၀ ရာခိုင်နှုန်းထက် မပိုခဲ့ပါ။ သို့တစေ ၁၉၈၀ ပြည့်လွန်နှစ်များသို့ ရောက်သောအခါ ၅၀ ရာခိုင်နှုန်းနီးပါးအထိ ရှိလာခဲ့သည်။ ဆိုရှယ်ဒီမိုကရက်တစ် ဆွီဒင်မှာဆိုလျင် ၇၀ ရာခိုင်နှုန်း အထိပင် ရှိသည်။
ဆိုခဲ့ပါ နိုင်ငံတော်ကဏ္ဍ ကြီးထွားမှုနှင့်အတူ ကျွဲကူးရေပါလာသော စွမ်းဆောင်ရည် အားနည်းမှုနှင့် မမျှော်လင့်သော အကျိုးဆက်များမှနေ၍ အားကောင်းသော တန်ပြန် ရေစီးကြောင်းတခုသို့ ဦးတည်လာခဲ့ပြန်သည်။ “သက်ချာဝါဒ” နှင့် “ရေဂင်ဝါဒ” တို့ ဖြစ်ပါသည်။ သည်လိုနှင့် ၂၀ ရာစု နောက်ဆုံးဆယ်စုနှစ်ခု၏ နိုင်ငံရေးတွင် လစ်ဘရယ် အတွေးအမြင်များ ပြန်လည် စန်းပွင့်လာခဲ့သည်။ ဖွံ့ဖြိုးပြီးကမ္ဘာရှိ နိုင်ငံအားလုံလောက်မှာပင် နိုင်ငံတော်ကဏ္ဍကို မှောက်လှန်ပြောင်းလဲဖို့ မဟုတ်လျှင်သော်မှ ထိန်းချုပ်ဖို့ ကြိုးစားလာခဲ့ကြသည်။ ကွန်မြူ နစ်ဝါဒ၏ အစွန်းအရောက်ဆုံး ပုံသဏ္ဍာန်ဟု ဆိုနိုင်သော စတာလင်ဝါဒ ပြိုလဲသွားမှုကလည်း ကွန်မြူနစ် မဟုတ်သော နိုင်ငံများ၏ နိုင်ငံတော်အရွယ်အစား လျှော့ချရေး လှုပ်ရှားမှုများအတွက် အပိုဆောင်းတွန်းအား ဖြစ်စေခဲ့သည်။
ရာစုအလယ်လောက်က “အကြွင်းမဲ့အာဏာရှင်စနစ်နှင့် ခေတ်သစ် ရွှေပြည်သာ နိုင်ငံများကြားတွင် အဆက်အစပ် ရှိနိုင်သည်” ဟု ဆိုခဲ့ဖူးသော သြစတြီးယန်း-အမေရိကန် ဘောဂဗေဒပညာရှင်နှင့် စံတော်ဝင် လစ်ဘရယ် တွေးခေါ်ရှင် “ဖရက်ဒရစ် အေ ဟေးရက်” မှာ လူသိရှင်ကြား ပုတ်ခတ်ခံခဲ့ရသည်။ သူကွယ်လွန်ပြီး ၁၉၉၂ ခုနှစ်သို့ ရောက်သော အခါတွင်ကား သူ့အမြင်သူ့အတွေးများကို အလေးထားလာကြရချေပြီ။ ဤသည်မှာ ကွန်ဆာဗေးတစ်နှင့် လက်ယာ အလယ်ဗဟိုပါတီများ အာဏာရလာသော နိုင်ငံရေးလောက တွင်သာမက ပညာတတ်လောကတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ ကျမ်းရိုးသစ် ဘောဂဗေဒသမားများမှာ လူမှုသိပ္ပံပညာ၏ ဦးစီး ဦးဆောင်များအဖြစ် အကြီးအကျယ် သိက္ခာတက်လာခဲ့ပါသည်။
နိုင်ငံတော်ကဏ္ဍ အရွယ်အစား လျှော့ချရေးမှာ ၁၉၈၀ ပြည့်လွန်နှစ်များ၏ အရေးကြီးသောနှစ်များနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ၏ အစောပိုင်း ကာလအတွင်း ချမှတ်ကျင့်သုံးခဲ့ကြသော ပေါ်လစီများတွင် လွှမ်းမိုးထားသည့် အကြောင်းအရာ ဖြစ်သည်။ ဤကာလအတွင်းမှာပင် ယခင်ကွန်မြူနစ်လောက၊ လက်တင်အမေရိက၊ အာရှနှင့် အာဖရိကမှ အရောင်အသွေးစုံ နိုင်ငံတော်တော်များများမှာ အာဏာပိုင် အုပ်စိုးမှုအောက်မှ ရုန်းထွက်နိုင်ခဲ့ကြသည်။ ဤတွင် ယခင် ကွန်မြူနစ်နိုင်ငံဟောင်းများရှိ တခွင်တပြင်လုံး သဘောဆောင်သော နိုင်ငံတော် ကဏ္ဍကို သိသိသာသာ လျှော့ချဖို့ လိုသည်ဆိုသောအမြင်ကို ဘယ်သူကမှ စောဒကမတက်ခဲ့ကြပါ။ အမှန်စင်စစ် နိုင်ငံတော်ဖောင်းပွမှု၏ ဒဏ်သင့်မှုကို ခံခဲ့ရသည်မှာ ကွန်မြူနစ်နိုင်ငံများသာ မဟုတ်။ ကွန်မြူနစ် မဟုတ်သော ဖွံ့ဖြိုးဆဲနိုင်ငံများလည်း ခံခဲ့ရသည်သာ ဖြစ်သည်။
အဆိုပါတူရှုချက်ကို တုန့်ပြန်ရင်ဆိုင်နိုင်ရန်အတွက် အမေရိကန် ပြည်ထောင်စု အစိုးရနှင့် “နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့” (IMF လို၊ ကမ္ဘာ့ဘဏ်လို နိုင်ငံတကာဘဏ္ဍာရေး အဖွဲ့အစည်းများက အကြံဉာဏ်များ ပေးခဲ့ကြသည်။ ဤအကြံဉာဏ်များက စီးပွားရေးကိစ္စများတွင် နိုင်ငံတော်မှ ကြားဝင်စွက်ဖက်သည့် အတိုင်းအတာကို လျှော့ချဖို့ ရည်ရွယ်သည့် အစီအစဉ်များကို အလေးကဲ ဖော်ပြခဲ့ကြသည်။ ဆိုခဲ့ပါ အစီအစဉ်များထဲမှ ဖော်မြူလာတခုမှာ “ဝါရှင်တန် သဘောတူအမြင်” ဖြစ်သည်။ ဤအမြင်ကို ခံတွင်းမတွေ့သူများ (အထူးသဖြင့် လက်တင်အမေရိကမှ) ကမူ ‘လစ်ဘရယ်ဝါဒ အသစ်’ ဟု ရည်ညွှန်းပြောဆိုကြသည်။ မကြာလှသေးသောနှစ်များက အဆိုပါ ဝါရှင်တန် သဘောတူအမြင်မှာ အကြီးအကျယ် တိုက်ခိုက်ခံခဲ့ရရာ ဤသို့ တိုက်ခိုက်ခဲ့ကြသူများမှာ ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်ကန့်ကွက် သူများသာမက ဘောဂဗေဒနယ်ပယ်တွင် အခိုင်အမာ နေရာရထားသော ပညာလောကမှ ဝေဖန်သူများလည်း ပါသည်။
ပြန်ပြောင်း ကြည့်လိုက်သောအခါ ဝါရှင်တန် သဘောတူအမြင်မှာ သူ့ချည်းသက်သက်ဆိုလျင် မှားသည်ဟု မဆိုနိုင်ပါချေ။ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုတွင် နိုင်ငံတော်ကဏ္ဍမှာ စီးပွားရေး တိုးတက်မှုအတွက် အမှန်ပင် အဟန့်အတား ဖြစ်ခဲ့သည်။ ရေရှည်တွင် စီးပွားရေး ဖြေလျှော့ခြင်းဖြင့်သာလျှင် ဤပြဿနာကို ချိန်ညှိနိုင်ပါလိမ့်မည်။ ပြဿနာမှာ အခိုင်အမာ နယ်ပယ်များရှိ နိုင်ငံတော်ကဏ္ဍကို လျှော့ချဖို့ လိုအပ်နေစဉ် တချိန်တည်းမှာပင် တခြားနယ်ပယ်များရှိ နိုင်ငံတော်ကဏ္ဍကို တောင့်တင်းခိုင်မာအောင်လုပ်ဖို့ လိုအပ်ချက်ပင်ဖြစ်သည်။ လစ်ဘရယ် စီးပွားရေး ပြုပြင်ပြောင်လဲမှုကို အားပေး မြှင့်တင်လိုသော ဘောဂဗေဒပညာရှင်များ အနေနှင့် ဤသည်ကို သီအိုရီသဘောအရ အပြည့်အ၀ နားလည်ကြသည်သာ ဖြစ်သည်။ သို့တစေ ဤကာလအတွင်း လက်တွေ့ ဆောင်ရွက်ရာတွင်မူ ‘နိုင်ငံတော် လုပ်ဆောင်မှုများ လျှော့ချရေး’ ကိုသာ အလေးကဲခဲ့ကြဟန် ရှိသည်။ ထို့ထက် အဆိုပါ ‘နိုင်ငံတော်လုပ်ဆောင်မှုများ လျှော့ချရေး’ ကို ‘နိုင်ငံတော် စွမ်းဆောင်ရည်အားလုံး ဖြတ်တောက်လျှော့ချရေး’ နှင့် ဗလုံးဗထွေး နားလည်ထားကြသည်များလည်း ရှိပါလိမ့်မည်။ ရိုးသားစွာ ရှုပ်ထွေးကြသည်များ ရှိနိုင်သလို ရည်ရွယ်ချက်ရှိရှိ နားလည်မှု လွဲသည်များလည်း ရှိကောင်းရှိပါလိမ့်မည်။
အမှန်စင်စစ် “နိုင်ငံတော် တည်ဆောက်ရေး” မှာ “နိုင်ငံတော် လျှော့ချရေး”လိုပင် အရေးကြီးသည်သာ ဖြစ်သည်။ သို့တစေ နိုင်ငံတော် တည်ဆောက်ရေးနှင့် ပတ်သက်လျှင် ထူးထူးခြားခြား စဉ်းစားတွေးခေါ်ခဲ့သည်များ မရှိသလို လုံလောက်စွာ အလေးထားမှုလည်း မရှိခဲ့ပါချေ။ အကျိုးဆက်ကား နိုင်ငံတော်တော်များများတွင် လစ်ဘရယ် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ အနေနှင့် ၎င်းတို့၏ ကတိတဝတ်များကို လက်တွေ့ မဖြည့်ဆည်း နိုင်ခြင်းပင် ဖြစ်ပါသည်။ အထူးသဖြင့် ဘက်ပေါင်းစုံ ချို့တဲ့သော နိုင်ငံတချို့မှာဆိုလျင် သင့်တင့်လျှောက်ပတ်သော အင်စတီကျူးရှင်း မူဘောင်များ မရှိမှုကြောင့် မူလအခြေအနေထက်ပင် ပိုဆိုးသွားသည်များ ဖြစ်ခဲ့ရသည်။ တကယ့်ပြသနာမှာ “နိုင်ငံတော်ဖြစ်တည်မှု” ၏ မတူကွဲပြားသော မျက်နှာစာများကို အယူအဆ သဘောများအရ ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်စွမ်း မရှိခြင်းပင် ဖြစ်သည်။ အဆိုပါ မျက်နှာစာများနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့၏ အဆက်အစပ်ကို နားမလည်ခြင်းပင် ဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။
ဖရန်စစ် ဖူကူယားမား (Francis Fukuyama) သည် နိုင်ငံရေး သိပ္ပံပညာရှင်၊ နိုင်ငံရေး ဘောဂဗေဒ ပညာရှင်ဖြစ်ပြီး ဂျော့မေဆန် တက္ကသိုလ်၊ ဂျွန်စ် ဟော့ပ်ကင်းစ် တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ စတန်းဖို့ဒ် တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်နေသည်။ ယခုဆောင်းပါးကို State-Building: A New Agenda (၂၀၀၄ ခုနှစ် Cornell University Press) စာအုပ်မှ ကောက်နုတ်တင်ပြထားခြင်း ဖြစ်ပြီး Educational Initiatives (ပညာရှေ့ဆောင်) က ဘာသာပြန်ဆိုသည်။ Educational Initiatives သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ လူသားအရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသည့် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။ www.eduinitiatives.org သို့ ဝင်ရောက် လေ့လာနိုင်သည်။