Religion

အငြင်းပွားဖွယ် ဘာသာရေး ဝေဖန်မှုအတွက် စာရေးဆရာ ထင်လင်းဦး တောင်းပန်

This article has been converted from Zawgyi One to Unicode

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ ထင်လင်းဦးသည် စစ်ကိုင်းတိုင်း၊ မုံရွာ ခရိုင်၊ ချောင်းဦး မြို့နယ်တွင် အောက်တိုဘာလ ၂၃ ရက်နေ့ ကျင်းပခဲ့သော စာပေဟောပြောပွဲတွင်  ဘာသာရေးဆိုင်ရာ အငြင်းပွားဖွယ် ဝေဖန်ဟောပြောခဲ့မှုနှင့် ပတ်သက်၍ အမျိုးဘာသာ သာသာနာ ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့ချုပ်မှ ဆရာတော် တချို့ကိုဝန်ချ တောင်း ပန်လိုက် ကြောင်း သိရသည်။

စာရေးဆရာ ထင်လင်းဦးသည် ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာတွင် NLD ပါတီကကြီးမှူးပြုလုပ်သော ဆရာတော် ဦးဝိစာရနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲတွင် မြတ်စွာဘုရားသည် မြန်မာလူမျိုးမဟုတ်ကြောင်း၊ မိမိ၏ အမျိုး ကို ချစ်လျှင် ဘုရားကိုးကွယ် ရန်မလိုအပ်ကြောင်း၊ ထို့အပြင် မြတ်ဗုဒ္ဓ၏ ဇာတ်နိပါတ်ဖြစ်သော ဆဒ္ဒန်ဆင်မင်းဇာတ်တွင် ဆင်မင်း ကို လုပ်ကြံသော မုဆိုး သည် သင်္ကန်းအကာအကွယ်ယူ လုပ်ကြံသကဲ့သို့ ဗုဒ္ဓဘာသာကိုလည်း သင်္ကန်းဝတ် များပင် ဖျက်ဆီးမှုများ ရှိနေကြောင်း ဟောပြောခဲ့ကြောင်း သိရှိရသည်။

စာရေးဆရာ ထင်လင်းဦး၏ ဟောပြောမှု ဗီဒီယိုဖိုင်သည် လူမှုကွန်ရက်များတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့၍ ဝေဖန်မှုများ ကြုံ တွေ့လာရပြီးနောက် စာရေးဆရာထင်လင်းဦးက အမျိုးဘာသာ သာသာနာ ထိန်းသိမ်းစောင့် ရှောက်ရေး အဖွဲ့ချုပ် (မဘသ) တည်ရှိရာ အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်များရှေ့မှောက်တွင် ဝန်ချ တောင်း ပန်ကြောင်း သိရှိရသည်။

“ဆရာတော်ရဲ့ အဆောင်ကို သူနဲ့ မရမ်းကုန်းမြို့နယ်က NLD ပါတီဝင် ၄ ဦးလောက်က နိုဝင်ဘာ ၁၈ ရက်နေ့က လာပြီး တော့ လျှောက်ထားတယ်။ သူက ဗုဒ္ဓဘာသာကို စော်ကားတဲ့ စကားတွေ ပြောမိပါတယ်။ သူမှားခဲ့ပါတယ်။ အဲဒီ အချိန်က သူလည်း ဒေါသအလျောက် ပြောခဲ့မိပါတယ်ဆိုတာမျိုး လာဝန်ခံလျောက်ထားတယ်။ ဆရာတော်တို့က သူ့ကို အခုလို လာ ပြီး ဝန်ခံတာကတော့ သူတော်ကောင်းပီသပါတယ်။ ဒါပေမယ့် သူပြောခဲ့တဲ့ စကားတွေရဲ့ အကျိုးဆက်ကိုတော့ သူတာဝန် ခံရမှာပဲဆိုတာမျိုးကို ပြန်ပြောခဲ့တယ်´´ ဟု အင်းစိန်ရွာမပရိယတ္တိကျောင်းတိုက်မှ ဆရာတော် ဦးတိလောကာဘိဝံသက ဧရာဝတီ သို့ ပြောသည်။

စာရေးဆရာ ထင်လင်းဦး၏ ဟောပြောချက်များကို မြန်မာနိုင်ငံ သံဃမဟာနာယက အဖွဲ့(မဟန)သို့ ပေးပို့ထားပြီးဖြစ် သော်လည်း မဟန အဖွဲ့က မည်သို့ဆောင်ရွက်မည်ကိုတော့ မသိရှိသေးကြောင်း၊ စာရေးဆရာ ထင်လင်းဦးကို သင့်တော် သလို အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ တင်ပြထားကြောင်း သိရှိရသည်။

အမျိုးဘာသာသာသနာစောင့်ရှောက်ရေး(မဘသ) အဖွဲ့ဝင်များအကြား  စာရေးဆရာထင်လင်းဦးကို  သာသနာ ညှိုးနွမ်း စေမှုဖြင့် တရားစွဲ အရေးယူသင့်သည်ဆိုသော အကြံပြုချက်များရှိနေကြောင်း သိရှိရသည်။

“နိုဝင်ဘာ ၁၉ ရက်နေ့ ညနေပိုင်းမှာ နောက်ဆုံးအစည်းအဝေးထိုင်ပါ့မယ်။ ဘယ်အချိန်မှာ စတင်တရားစွဲမယ်၊ ဘယ်နေ ရာမှာ စွဲမယ်ဆိုတာ ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲမယ်ဆိုတာ အဲဒီမှာဆုံးဖြတ်မှာပါ။ လောလောဆယ်တော့ တရား မစွဲရ သေး တော့ ကြိုပြောလို့မဖြစ်နိုင်ပါဘူး´´ ဟု မဘသအဖွဲ့မှ ဥပဒေအကြံပေးနှင့် အလုပ်အမှုဆောင် တရားလွှတ်တော် ရှေ့နေ ဦးအေးပိုင်က ဆိုသည်။

NLD ပါတီက စာရေးဆရာ ထင်လင်းဦး၏ ဟောပြောချက်များသည် ပါတီ၏ သဘောထားနှင့် မသက်ဆိုင်ကြောင်း၊ ၎င်း၏ ဟောပြောမှုများကို ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့က စစ်ဆေးနေပြီး ၎င်းကို စစ်ဆေးနေစဉ်အတွင်း  ပါတီ၏ အလံ အောက်ရှိ မည်သည့် ဟောပြောပွဲများတွင်မှ ဟောပြောခြင်းမပြုရန် ညွှန်ကြားထားကြောင်း နိုဝင်ဘာ ၁၇ ရက်နေ့စွဲဖြင့် ကြေညာချက် တရပ်ထုတ်ပြန်ခဲ့သည်။

စာရေးဆရာ ထင်လင်းဦးကို ဧရာဝတီသတင်းဌာနက ဆယ်သွယ် မေးမြန်းရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း  အဆက်အသွယ် မရခဲ့ပေ။

Loading