တိုင်းပြည် သာယာဝပြောအောင် လုပ်ပေးမည်ဟု ကတိပြုပြောဆိုနေသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို ပြည်သူလူထု အနေဖြင့် သတိထားရန်လိုကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရွှေမော်ဓော ဘုရားရှိ ဘုရားကြီးကွင်းတွင် ဇန်နဝါရီ ၃ ရက် က ကျင်းပခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အကြို လူထုဟောပြောပွဲ၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
“တကယ်ကို အဆင့်မြင့်တဲ့ အရည်အချင်းပြည့်ဝတဲ့ ပြည်သူလူထုသာလျှင် သာယာဝပြော ညီညွတ်တိုးတက်တဲ့ နိုင်ငံတခုကို ထူ ထောင်နိုင်မှာ ဖြစ်ပါတယ်။ ကျမတို့လည်း မထူထောင်ပေးနိုင်ဘူး။ တခြားဘယ်နိုင်ငံရေးအဖွဲ့မှလည်း မထူထောင် ပေးနိုင်ဘူး။ ကျနော် တို့ ကျမတို့ဟာ ဒီနိုင်ငံသာယာဝပြောအောင် လုပ်ပေးပါမယ်လို့ ကတိပေးတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့တွေ တော့ သတိထားကြပါလို့ ကျမက ပြောချင်တယ်။ ဒါဟာ မဖြစ်နိုင်တဲ့ကိစ္စပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်က NLD အနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေး ပါမည်ဟု မပြောဆိုခဲ့ဖူးကြောင်း၊ ပြည်သူလူထု ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် အခွင့် အလမ်းများကို ဖန်တီးပေးရေးသည် နိုင်ငံရေးပါတီ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားများ၏ တာဝန်ဖြစ်ကြောင်း၊ ပြည် သူ လူထုကို ကတိပေးပြီး ချိုးဖောက်ခြင်းသည် ခေါင်းဆောင်ကောင်း မပီသသည့်ပုဂ္ဂိုလ်များ၏ လုပ်ရပ်သာ ဖြစ်ကြောင်းလည်း ဆက်လက် ပြောဆိုသည်။
“နိုင်ငံတနိုင်ငံမှာဆိုရင် ခေါင်းဆောင်ကောင်း၊ မှန်ကန်တဲ့ ခေါင်းဆောင်ရရှိဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်”ဟုလည်း ၎င်းက ပြောသည်။
ယင်းလူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထုကို ဒီမိုကရေစီနှင့် မထိုက်တန်သေးကြောင်း ပြောဆိုသူများသည် ဒီမိုကရေစီစနစ်ကို မကျင့်သုံးချင်သူများဖြစ်ကြောင်း၊ ၎င်းအနေဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ထိုက်တန်သည်ဟု ခံယူ ထားကြောင်း ပြောကြားခဲ့သည်။
“ပြည်သူများအနေနဲ့ ဒီမိုကရေစီနဲ့ ထိုက်တန်တယ် ဆိုတာပြဖို့အတွက် ဒီမိုကရေစီရယူနိုင်ဖို့ အတွက်ဆိုရင် ကိုယ့်ရဲ့ဆုံး ဖြတ်ချက် တွေ ဟာ နိုင်ငံရေးအရ မှန်တယ်ဆိုတာကို ပြဖို့လိုပါတယ်။ ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုအနေနဲ့ အစိုးရ အဖွဲ့အပေါ်မှာ ဆုံးဖြတ် ချက်ချတဲ့ ကိစ္စပဲဖြစ်ပါတယ်။ အစိုးရအဖွဲ့တခုဟာ တာဝန်ကျေရဲ့လား။ နောက် ပိုတာဝန်ကျေတဲ့ အစိုးရအဖွဲ့တခု ခန့်သင့် သလား။ ဒါကို ပြည်သူကနေ ဆုံးဖြတ်ချက်ပေးတာပါ”ဟု ၎င်းက ပြောသည်။
ဒေသခံ ထောင်နှင့်ချီ တက်ရောက်လာသော ယင်း အခမ်းအနားတွင် NLD နာယက ဦးတင်ဦးကလည်း အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် ၂၀၁၅ ခုနှစ်သည် အရေးကြီးသည့်နှစ်ဖြစ်ပြီး အစဉ်အလာကောင်းများကို ထိန်းသိမ်း၍ ရှိသမျှအင်အားကို ညှစ်ထုတ်ပြီး အောင်အောင်မြင်မြင် လုပ်ဆောင်သွားကြရန် လေးလေးနက်နက် တိုက်တွန်းကြောင်း ပြောကြားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်က NLD ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းပြု မပြုကို မဆုံးဖြတ်ရသေးကြောင်း သတင်းမီဒီယာများကို ပြောဆိုထားသည်။