ဗမာပြည်ကွန်မြူနစ် ပါတီ(ဗကပ) ၏ အတွင်းရေးမှူး ရဲဘော်ကြင်မောင် (ခ) ရဲဘော်ထွန်း အသက် ၉၂ နှစ်သည် လူကြီးရောဂါဖြင့် တရုတ်- မြန်မာ နယ်စပ်တွင် ကွယ်လွန်သွားပြီဖြစ်သည်။
ပြီးခဲ့သည် ဇန်နဝါရီလ ၃ ရက်နေ့ကတည်းက ဗိုလ်ကြင်မောင် ကွယ်လွန်သွားခြင်းဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့မှသာ ဗမာပြည်ကွန်မြူနစ်ပါတီမှ ကြေညာချက် ထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်း ပါတီ ပြောခွင့်ရ ရဲဘော် ဖိုးသံချောင်းက ဧရာဝတီသို့ပြောသည်။
“အသက်ကြီးလို့ ဟိုဟာအားနည်း ဒီဟာ ချို့ယွင်းဖြစ်ပြီး ဆုံးသွားတာပါ၊ လူကြီးရောဂါလို့ ဆိုနိုင်ပါတယ်” ရဲဘော်ဖိုးသံချောင်းက ပြောသည်။
၁၉၉၇ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင် ဗသိန်းတင် ကွယ်လွန်ပြီးနောက်ပိုင်း ပါတီကို ဗိုလ်ကြင်မောင်က အတွင်းရေးမှူး အနေဖြင့် ဆက်လက်ပြီး ဦးဆောင်တာဝန်ယူခဲ့သည်။
ဗိုလ်ကြင်မောင် ကွယ်လွန်ပြီးနောက်ပိုင်း ဗမာပြည်ကွန်မြူနစ်ပါတီကို မည်သူက ဆက်လက်ဦးဆောင်မည် ဆိုသည်ကိုမူ လတ်တလော ကြေညာမည်မဟုတ်ကြောင်း ရဲဘော်ဖိုးသံချောင်းက ပြောသည်။
“တော်တော်စောစောကတည်းက ပြင်ဆင်ထားပြီးသားပါ၊ လွန်ခဲ့တဲ့ တနှစ်လောက်က ပါတီထဲမှာ ကွန့်ဖရင့် တခုလုပ်ပါတယ်၊ အဲဒီကွန်ဖရင့်မှာကတည်းက လုပ်ဆောင်ပြီးသားပါ၊ လျောလျောရှူရှူပဲ ဆက်ခံပြီး လုပ်ကြမှာပါ”ဟု ဧရာဝတီကို ပြောဆိုသော်လည်း အသက်အရွယ်ကြီးရင့်သူများဖြင့်သာ ဖွဲ့စည်းထားသော ပါတီဦးဆောင်မှုသည် ၁၉၈၉ တိုင်းရင်းသားတပ်များ ပုန်ကန်မှုကို ဖြစ်ပွားပြီး တရုတ်နိုင်ငံအတွင်း ခိုလှုံခဲ့ရပြီး ယနေ့အချိန်တိုင် အပြောင်းအလဲ ကြီးမားစွာ မဖြစ်ခဲ့ပေ။
အစိုးရသစ်လက်ထက် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးနေသော်လည်း ဗမာပြည် ကွန်မြူနစ် ပါတီနှင့် တွေ့ဆုံဆွေးနွေးရန် ဆောင်ရွက်ခြင်း မရှိပေ။
“ကျနော်တို့ပါတီက ဘယ်သူနဲ့မဆို စကားပြောနိုင်ပါတယ်၊ ဒါပေမယ့် ပြောနေကျနိုင်ငံရေးစကားနဲ့ ပြောရင် ဘောလုံးက သူတို့ကွင်းထဲမှာပါ၊ ကျန်တဲ့သူတွေနဲ့ စကားပြောတယ်ဆိုတာလည်း အစိုးရကသာ စပြောတာပါ၊ အဖွဲ့အစည်းတွေဘက်က စရတာ မဟုတ်ပါဘူး၊ ဒါဟာ အစိုးရ ကျနော်တို့ပါတီကို တမင်သက်သက် လုပ်ထား တာပါ၊ ကိုယ့်ဘက်ကလှမ်းရမယ့် ကျနော်တို့ အလှည့်မဟုတ်ဘူးလို့ အဲဒီလိုပဲယူဆပါတယ်”ဟု ရဲဘော်ဖိုးသံ ချောင်းက ပါတီ၏ ရပ်တည်ချက်ကို ရှင်းပြသည်။
၁၉၃၉နှစ်မှ စတင်ဖွဲ့စည်းခဲ့သည် ဗမာပြည်ကွန်မြူနစ်ပါတီသည် သက်တမ်း ၇၆နှစ် ရှိပြီဖြစ်ပြီး နိုင်ငံရေးပါတီများထဲ၌ သက်တမ်းအရှည်ဆုံးပါတီ ဖြစ်သည်။
၁၉၄၈ ခုနှစ် တောခိုခဲ့ပြီးနောက်ပိုင်း ပါတီဥက္ကဋ္ဌများအဖြစ် သခင်သန်းထွန်း၊ သခင် ဇင်၊ သခင်ဗသိန်းတင်တို့က ဦးဆောင်ခဲ့ပြီး နောက်ပိုင်းတွင် အတွင်းရေးမှူးက တာဝန်ယူသည့် ပုံစံကို ပြောင်းလဲခဲ့သည်။
စစ်ကိုင်းဇာတိ ရဲဘော်ကြင်မောင်(ခ) ရဲဘော်ထွန်းသည် သခင်ဗဟိန်း၏ ကွန်မြူ နစ်ဝါဒလေ့လာရေး အစုတွင် ပါဝင်ခဲ့ပြီး ဖက်ဆစ်တော်လှန်ရေးတွင် ဗမာပြည်ကွန်မြူနစ်ဝင်တဦးအဖြစ် ပါဝင်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ဆန့်ကျင်ရေး မြေအောက်တော်လှန်ရေးခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရာ သူဖွဲ့စည်းခဲ့သည် ၄၈၂၈ အုပ်စုသည် ၁၉၈၈ ခုနှစ် မဆလအစိုးရ ပြုတ်ကျရေးတွင် လူသိများခဲ့သည်။














