သူ့နာမည်က ခူးရီဖဲ။ အသားညိုညို၊ ပိန်ပိန်ပါးပါးနှင့် စကားကို ခပ်တိုးတိုး ညင်ညင်သာသာ ပြောလေ့ရှိသည့် သူသည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တယောက်လည်း ဖြစ်သည်။
ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အတွင်းရှိ ဆောင်ဒူ ဆိုသည့် ရွာကလေးတွင် သူနှင့် ဆုံခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်၊ ဖရူဆိုမြို့၊ ထီးကလူဒေါ ကျေးရွာသည် သူ့ဇာတိ ချက်မြှုပ် ဖြစ်၏။ ထိုရွာ၌ မူလတန်းအောင်ကာ၊ ရွာနှင့် ၂ မိုင်ဝေးသော ဖရူဆိုမြို့ပေါ်ရှိ အထက်တန်းကျောင်းသို့ သွား၍ တက်ရသည်။ ပါတီကောင်စီခေတ်ဟု ခေါ်သည့်ခေတ်တွင် လူပျိုပေါက်အရွယ်၊ ၁၀ တန်းကျောင်းသား။
ထိုနှစ်က သူ ဆယ်တန်းကျသည်။ သူနှင့်အတူ ကျောင်းသား ၅၁ ယောက် ဆယ်တန်းဖြေကြသည်။ သူအပါအဝင် စုစုပေါင်း ၄၉ ယောက် စာမေးပွဲကျသည်။ ထိုအခြေအနေက သူ့ကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ဝင် တယောက် ဖြစ်လာစေသည့် ဘဝ အလှည့်အပြောင်း လမ်းကြောင်းတခုဖြစ်သည်။
“စစ်တပ်ထဲက လာတက်တဲ့ ဗမာကလေး ၂ ယောက်ပဲ အောင်တယ်။ ကျန်တဲ့ တိုင်းရင်းသား ကလေးတွေ တယောက်မှ မအောင်ဘူး။ ကျနော်ရှုံးတော့ အမှတ်စာရင်းလည်း မတောင်းကြည့်ဘူး။ ဆရာမက နင်တို့ အောင်သင့်တယ်လို့ ပြောတယ်။ ရှုံးသွားတော့ သူလည်း အံ့သြတယ်တဲ့” ဟု ကိုခူးရီဖဲက အတိတ်ကို ပြန်ပြောပြသည်။
အစိုးရ စစ်တပ်မှ ဗမာ ဆယ်တန်းကျောင်းသား ၂ ဦးသာ အောင်မြင်ခဲ့ခြင်းသည် ဘက်လိုက်မှုများ ပါဝင်နေသည်ဟု သူတထစ်ချ ယုံကြည်ခဲ့ကာ စိတ်ထဲတွင် ဒဏ်ရာဒဏ်ချက် ဖြစ်ခဲ့သည်။
ထိုစဉ်က ကယားပြည်နယ်သည် ယခုကဲ့သို့ ငြိမ်းချမ်းသည့် အရိပ်အယောင်မျိုး မရှိသေးသည့်အချိန်။ အစိုးရ စစ်တပ်နှင့် ကရင်နီ တိုင်းရင်းသားများအကြား ဖြစ်ပွားနေသည့် လက်နက်ကိုင် တိုက်ပွဲများ မကြာခဏ ကြုံနေရဆဲ အချိန်ဖြစ်သည်။
“အဲဒီတုန်းက တိုက်ပွဲတွေ ဖြစ်သလားမေးနဲ့။ ရွာထဲမှာဆို ခဏခဏပဲ။ ဟိုဘက်က ဆက်ကြေးတောင်းလိုက်၊ ဒီဘက်က ဆက်ကြေး တောင်းလိုက်နဲ့” ဟု သူက ပြောသည်။
ရွာလူကြီးဖြစ်သည့် သူ၏ဖခင်မှာ အစိုးရ စစ်တပ်နှင့်လည်း ပြေလည်အောင် ဆက်ဆံရသည်။ တောခို လက်နက်ကိုင်များနှင့်လည်း ပြေလည်အောင် ဆက်ဆံရသည်။ လက်နက်ကိုင် တိုက်ပွဲများကြားတွင် မြေစာပင်ဖြစ်နေသည့် သာမန်အရပ်သူ၊ အရပ်သားများ၏ ဒုက္ခ ဆင်းရဲခြင်းများအနက်တခုဟု ဆိုရမည်။
“ဘာကို အထင်လွဲသလဲ မသိဘူး ခ.လ.ရ ၅၄ တပ်ရင်းကနေ အဖေရယ်၊ ကျနော့ဦးလေးနဲ့ နောက်ထပ် လူတယောက်ရယ်ကို ဖမ်းသွားတယ်။ အဖေ့ကိုတော့ ရိုက်နှက် လွှတ်လိုက်တယ်။ ဦးလေးနဲ့ အဲဒီလူကိုတော့ အခုချိန်ထိ အစအန မသိရဘူး။ ကိုယ့်ရန်သူကို ကိုယ်ပြန်ရှာနေသလို ဖြစ်နေပြီ ဆိုပြီး အဖေက လူကြီး ဆက်မလုပ်တော့ဘူး” ဟု ကိုခူးရီဖဲက ဆိုသည်။
ထိုအချိန်မှစ၍ ယနေ့တိုင်အောင် ပြန်ရောက်မလာတော့သည့် ဦးလေး၏ ဇနီးနှင့် သားသမီး ၆ ယောက်ကို ကိုခူးရီဖဲတို့ မိသားစုက ဆက်လက် စောင့်ရှောက်ရသည်။ ထို အဖြစ်အပျက်များသည် သူ့အတွက် သေရာပါမည့် စိတ်ဒဏ်ရာများ ဖြစ်လာခဲ့လေသည်။
ထိုစဉ်က ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ခေါင်းဆောင်၏ သားဖြစ်သူက ဖရူဆို အထက်တန်းကျောင်းတွင် လျှို့ဝှက်စွာ ကျောင်းတက်နေသည်။ ကိုခူးရီဖဲနှင့်အတူ ဆယ်တန်းစာမေးပွဲ ရှုံးသည့် ကျောင်းသား ၄၈ ယောက်စာရင်းတွင် သူလည်း အပါအဝင် ဖြစ်သည်။
“အဖေတို့ကို ရိုက်ထားတဲ့ စိတ်၊ စစ်တပ်ကြောင့်ဆိုတဲ့ စိတ်၊ ပညာရေးမှာလည်း ဘက်လိုက်တယ်ဆိုပြီး မခံချင်တဲ့စိတ်နဲ့ နောက်နှစ်ကျတော့ စာမေးပွဲ ပြန်မဖြေဘဲ တောထဲကို ထွက်သွားတယ်” ဟု သူက ပြောပြသည်။
ဤနည်းဖြင့် သူသည် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ စစ်သည်တယောက် ဖြစ်လာသည်။ KNPP သည် ၁၉၅၀ ခုနှစ် မေလ ၂ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သည့် ကရင်နီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
ထိုစဉ်က သူနှင့်အတူ သူငယ်ချင်း နှစ်ယောက်လည်း ပါသည်။ သို့သော် နောက်ပိုင်းတွင် တယောက်က လက်နက်ကိုင်စစ်သား မလုပ်ဘဲ ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည်စခန်းသို့ ရောက်ရှိသွားသည်။ နောက်တယောက်က တိုက်ပွဲတခုတွင် ကျဆုံးခဲ့သည်။ သူရောက်ပြီးသည့် နောက်ပိုင်းတွင် အစိုးရ စစ်တပ်နှင့် KNPP တို့ တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့သည်။
KNPP တွင် သူ့ တာဝန်က ရုံးစာရေးဖြစ်သည်။ တပ်ဖွဲ့၏ ရိက္ခာ၊ အခွန်အခများနှင့် ရုံးလုပ်ငန်းများကို သူတာဝန်ယူရသည်။ ဆက်ကြေးကောက်သည့် စာရင်းများကို ကိုင်ရသည်။ ရိက္ခာများ မှာပေးရသည်။ မိမိတပ်ခွဲတွင် ရဲဘော်အရေအတွက် မည်မျှရှိသည်၊ တိုက်ပွဲဖြစ်လျှင် ကျည်ဆံ မည်မျှ ကုန်သွားသည် စသည့် စာရင်းဇယားများကို စီမံရသည်။
“အဲဒီတုန်းက လစာက တလကို ၁၀၀၀ (ကျပ်) ပဲရကြတယ်။ နွားမှောင်ခိုလုပ်တဲ့လူတွေကို အခွန်ကောက်ပြီး အဲဒီငွေနဲ့ရိက္ခာ လုပ်ရတယ်။ ရွာထဲတွေမှာ တောင်းစားရတယ်။ ခဏခဏဝင်တဲ့ ရွာတွေကျတော့ အမြဲတမ်း တောင်းစားလို့ မရဘူးလေ။ ဝယ်စားရတယ်” ဟု ကိုခူးရီဖဲက ထိုစဉ်က အခြေအနေကို ပြောပြသည်။
ရုံးစာရေးတာဝန် ယူထားသော်လည်း နောက်တန်း၌သာ နေရခြင်းမဟုတ်။ စစ်ကြောင်းနှင့်အတူ ရှေ့တန်းသို့လည်း သွားရသည်။ လက်နက် ကိုင်၍လည်း တိုက်ရသည်။ စိတ်ဒဏ်ရာနှင့် လက်နက်ကိုင်ခဲ့သည့် လူငယ်ပီပီ တိုက်ပွဲများကို ကြောက်စိတ်ထက် တက်ကြွစိတ်က ပို၍ ကဲနေခဲ့သည်ဟု ဆိုသည်။
“အဲဒီတုန်းက သင်တန်း မတက်ရသေးဘူး။ ဒါပေမယ့် ပစ်တော့ ပစ်တတ်တယ်။ သေနတ်ပစ်တာ လွယ်လွယ်လေးပါပဲ။ ကိုယ့်အချင်းချင်းလည်း သင်ပေးတယ်။ တောထဲမှာ တိုက်ပွဲတွေကလည်း အတွေ့အကြုံတွေ ရတယ်” ဟု သူက ပြောသည်။
KNPP ရဲဘော်တယောက် ဖြစ်ပြီးချိန်တွင် အစိုးရစစ်တပ်နှင့် ပထမဆုံး တိုက်ပွဲ ကြုံရသည်။ ထိုစဉ်က တဖက်စစ်တပ်မှ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး၊ ၃ ဦးကို အရှင် ဖမ်းဆီးရမိခဲ့သည်။ တိုက်ပွဲဖြစ်သည့် ရွာတွင် အိမ်ခြေ ၁၆ လုံး မီးလောင်သည်။
အရှင်ဖမ်းမိသည့် လူများကို သတ်မည်၊ အစိမ်းလတ်လတ် ချက်စားပြမည်ဟု ကြုံးဝါးကာ တိုင်တွင် ကြိုးနှင့် ချည်ထားခဲ့သည်။ နံနက် လင်းသောအခါ ထိုစဉ်က အစိုးရစစ်တပ်မှ ခွဲထွက်ကာ KNPP နှင့် ပူးပေါင်းလှုပ်ရှားနေသည့် ဗမာမျိုးချစ်တပ်မတော် ဆိုသည့် တောတွင်း လက်နက်ကိုင် အဖွဲ့တခုနှင့် ဆုံသည်။
“သူတို့နဲ့ ဆုံတော့ ဒါ ငါတို့ ဗမာ၊ ငါတို့ လူပဲ။ ငါတို့လူ ငါတို့ပြန်ခေါ်မယ် ဆိုပြီးပြောတော့ သူတို့ကို ပြန်အပ်လိုက်ရတယ်။ နင်တို့လူ နင်တို့ကြည့်။ တခုခုဖြစ်ရင်တော့ နင်တို့တပ်ကို ငါတို့ဖြိုမယ်ဆိုပြီး ပြောလိုက်တယ်။ အဲဒီလူ ၃ ယောက်က စစ်တပ်ဘက်ကိုတော့ ပြန်မရောက်ဘူး။ ဗမာမျိုးချစ် တပ်မတော်ဘက်ကို ရောက်သွားတယ်။ သူတို့က ဆက်မွေးထားတယ်” ဟု ထိုစဉ်က မှတ်မှတ်ရရ အဖြစ်အပျက်တခုကို ကိုခူးရီဖဲက ပြောပြသည်။
ထိုစဉ်က သူ့ရည်ရွယ်ချက်တခု ရှိခဲ့ဖူးသည်။ သူ၏ သူငယ်ချင်းကဲ့သို့ပင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဟောင်ဆောင် ကရင်နီ ဒုက္ခသည် စခန်းသို့ သွားကာ ပညာဆက်လက်သင်ကြားမည်၊ ထိုမှတဆင့် တတိယနိုင်ငံသို့ သွားမည်။ သို့သော် ရုံးစာရေး သူတယောက်သာ ရှိသောကြောင့် သူ့တပ်ရင်းမှူးက မလွှတ်ခဲ့။
KNPP ၌ သူ တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း နောက်ဆုံးတိုက်ပွဲတခုကို ရင်ဆိုင်ခဲ့ရသည်။ ထိုတိုက်ပွဲမှာ သူ မကျေနပ်သော၊ သူ စိတ်နာသော၊ သူတော်လှန်ချင်သော အစိုးရ စစ်တပ်မဟုတ်။ ထိုစဉ်က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ကရင်နီ လက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ် (KNPLF) နှင့်တိုက်ခိုက်ရသည့် တိုက်ပွဲဖြစ်သည်။ ထိုတိုက်ပွဲကပင် သူ့ကို ဘဝတဆစ်ချိုး ပြန်၍ ပြောင်းလဲပေးလိုက်လေသည်။
ထိုနေ့က ကိုခူးရီဖဲတို့ KNPP တပ်စိပ်တွင် လူအင်အား ၂၁ ယောက်သာ ရှိသည်။ ရှေ့တန်းတနေရာရှိ ကျေးရွာတခုတွင် ညအိပ် စခန်းချနေစဉ် သတင်းပေါက်ကြားသဖြင့် KNPLF က ချီတက်လာခဲ့သည်။ ထိုရွာမှ နေရာရွှေ့လိုက်ချိန်တွင် တဖက်တပ်သည် သူတို့ ရွှေ့မည့် တောင်ကုန်း၏ တဖက်ခြမ်းတွင် နေရာယူထားနှင့်ပြီ။
နောက်နေ့နံနက် ရိက္ခာအတွက် ထမင်းချက်ပြုတ်ကြစဉ် မီးခိုးက အချက်ပြသလို ဖြစ်ကာ ထိုတပ်ဖွဲ့ ၂ ခု ထိပ်တိုက်တိုးကြသည်။ ထိုတိုက်ပွဲတွင် ပစ်မှတ်တခုကို ထိပြီးမှ ပြန်ကန်ထွက်လာသည့် ကျည်ဆံအစအနများက ကိုခူးရီဖဲ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ပိုင်းကို ထိသည်။ ဒဏ်ရာ အကြီးအကျယ် ရသည်။ သူ၏ မျက်နှာတွင် သွေးများ ရစရာမရှိအောင် ဖြစ်နေသည်။ သူဝတ်ထားသည့် ပျောက်ကျား ဘောင်းဘီ၏ အိပ်ကပ်ထဲတွင် သွေးများပြည့်၍ နေသည်။ သူနောက်ဆုံး မှတ်မိလိုက်သည်မှာ သူတို့တပ်စိပ်မှ ဆေးမှူးက သူ့ကို လာကူဆွဲသေးသည်။ ထို့နောက် သူ သတိလစ်သွားတော့သည်။
“ပြန်သတိရလာတော့ အရှေ့အနောက် မသိတော့ဘူး။ မျက်လုံးက ဘယ်ကြည့်ကြည် ဝါးနေတယ်။ မျက်စိလည်ပြီး သူတို့နား ရောက်သွားတော့ ဟိုမှာ ရွာသားဆိုပြီး ကျနော့ကို လာခေါ်တယ်။ တွေ့တော့မှ ရဲဘော် ဆိုပြီးသိသွားတယ်။ ကျနော်လည်းဘယ်မှ မသွားနိုင်တော့ဘူး” ဟု သူက တိုက်ပွဲအတွေ့အကြုံကို ပြန်လည်ပြောပြသည်။
ရဲဘော်တယောက် အရှင်ဖမ်းမိထားကြောင်း KNPLF ဌာနချုပ်ရှိ ခေါင်းဆောင်ဖြစ်သူထံ ရဲဘော်များက အကြောင်းကြားသည်။ ခေါင်းဆောင်ဖြစ်သူက သူ့အား မည်သည့် အန္တရာယ်မှ မပြုဘဲ၊ စခန်းချရာ နေရာသို့ အရောက်ခေါ်လာရန် လှမ်း၍ အမိန့်ပေးသည်။ KNPP က တိုက်ဖော် တိုက်ဖက် ရဲဘော်များကတော့ ဆုတ်ခွာသွားကြပြီဖြစ်သည်။ ဒဏ်ရာရထားသည့် သူ့ကို ရန်သူတပ်ဖြစ်သည့် KNPLF က ဆေးကုပေးသည်။
ဒဏ်ရာပြင်းထန်သည့် သူ့အား အသက်အန္တရာယ် စိတ်မချသဖြင့် လွိုင်ကော် ဆေးရုံသို့ ပို့သည်။ ထိုစဉ်က ထောက်လှမ်းရေး စစ်တပ်များ အာဏာစက်ပြင်းထန်သည့် ကာလဖြစ်သည်။
KNPLF ထံတွင် သုံ့ပန်းအဖြစ် ဖမ်းမိလာသည့် သူ့အား စစ်တပ်က လွှဲပေးရန် တောင်းသည်။ သူတာဝန်ထမ်းဆောင်ခဲ့သည့် KNPP ၏ အတွင်းရေးများကို နည်းအမျိုးမျိုးဖြင့် မေးသည်။ တပ်ရင်း၏ ဌာနချုပ် တည်နေရာကို မေးသည်။ လက်နက်များ ရရှိသည့် နည်းလမ်းကို မေးသည်။ ဖြစ်ဖူးသည့် တိုက်ပွဲများအကြောင်းကို မေးသည်။
“ကျနော်က ပြန်ဖြေတယ်။ ကျနော်မသိဘူး။ ဝင်ခါစပဲ ရှိသေးတယ်လို့။ တပတ်ပြည့်တော့ KNPLF က တပ်ခွဲမှူး တယောက် ကျနော့ကို ပြန်လာခေါ်တယ်။ စစ်တပ်က ငါတို့ကိုပေး၊ ငါတို့မွေးမယ်ဆိုပြီး ပြောတယ်။ သူတို့က လက်မခံဘူး။ ဒါငါတို့ ရထားတာ၊ ငါတို့ တိုင်းရင်းသား၊ ငါတို့မွေးမယ်ဆိုပြီး ပြန်ခေါ်သွားတယ်။ မဟုတ်ဘဲ စစ်တပ်လက်ထဲ အပ်ကြည့်ပါလား။ ကျနော် သေလောက်ပြီလား၊ ထောင်ကျမလား မသိဘူး” ဟု ကိုခူးရီဖဲက တခြားသူများ ကြားမည်ကို စိုးရိမ်သလို ခပ်တိုးတိုးလေသံဖြင့် ပြောသည်။
ထို့နောက် သူ့ကို ရွာပြန်လိုက ပြန်နိုင်ပြီး ၎င်းတပ်ဖွဲ့နှင့် ဆက်လက် နေထိုင်လိုပါက နေထိုင်နိုင်ကြောင်း ပြောသည်။ သူ၏ မိဘများကို ခေါ်ကာ စကားပြောသည်။ ဖခင်ဖြစ်သူက “ဒါကတော့ သူ့သဘောပဲ။ သွားချင်တဲ့နေရာ သွားပါစေ” ဟု ဆိုသည်။ ကိုခူးရီဖဲတယောက် သူ့အသက်ကို ကယ်တင်ခဲ့သည့် KNPLF တွင် ဆက်လက် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။ KNPP စစ်သား တဖြစ်လဲ KNPLF စစ်သား ဖြစ်လာသည်။
ဘက်လိုက်သည်ဟု သတ်မှတ်ခဲ့သော၊ အရပ်သားများကို နှိပ်စက်သည်ဟု စိတ်နာခဲ့သော အစိုးရ စစ်တပ်ကို တော်လှန်မည်ဟု ရည်ရွယ်၍ လက်နက်ကိုင်ခဲ့သည့် သူသည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့်တပ်မှ စစ်သားတယောက်ဖြစ်လာသည်။ အစိုးရ လူကဲ့သို့ ပြန်ဖြစ်သွားသည်။ မိခင်တပ်ရင်းမှ တိုက်ဖော်တိုက်ဖက် သူငယ်ချင်းများက စာဖြင့် ဆက်သွယ်ကာ မူလရည်မှန်းချက်အတိုင်း ဆက်လက် တိုက်ပွဲဝင်သွားရန် ပြန်ခေါ်ခဲ့သော်လည်း သူ့မိဘများက သူ့အား ထိုစာကို မပြခဲ့။ သူလုံးဝ မသိခဲ့။
ထို့နောက် သူသည် KNPLF တွင် ဆေးတပ်သားတယောက် ဖြစ်လာသည်။ ဆေးပညာ သင်တန်းများကို တက်ရသည်။ ထိုအချိန်တွင် သူ၏ စိတ်၌ ဖြစ်နေသည်က သူ လူသတ်လက်နက်ကို ဆက်၍ မကိုင်ချင်တော့။
တိုက်ပွဲများ မကြာခဏ ဖြစ်ပွားသဖြင့် မြေမြှုပ်မိုင် ဒဏ်ရာများ၊ လက်နက်ဒဏ်ရာများကို ကုရသည်။ တမြေတည်းနေ တရေတည်း သောက်သည့် ကိုယ့်တိုင်းရင်းသား အချင်းချင်း ပြန်တိုက်ရသည့် တိုက်ပွဲများပင်ဖြစ်သည်။ ၂၀၀၄၊ ၂၀၀၅ နှင့် ၂၀၀၆ ခုနှစ်များတွင် ရှေ့တန်းသို့ ဆေးမှူးတယောက်အဖြစ် လိုက်ရပြန်သည်။ ထိုရှေ့တန်းဆိုသည့် နေရာသည် တခြားမဟုတ်။ သူ ကနဦး တာဝန် ထမ်းဆောင်ခဲ့သည့် တပ်၏ ဌာနချုပ်ပင် ဖြစ်သည်။
“ကျနော့မိခင်တပ်ရင်းကို ပြန်တိုက်ချင်စိတ်မရှိဘူး။ ဒါပေမယ့် ကျန်းမာရေးဌာန တခုအနေနဲ့ လူနာကြည့်ဖို့ ကပ်လိုက်သွားရတာ။ ကျနော်က အဲဒီမှာ ဆေးမှူးတယောက် အနေနဲ့ တာဝန်ယူထားတယ်။ ဒါပေမယ့် လူနာကို ရန်သူ၊ မိတ်ဆွေမရွေး အကုန်လုံး ကြည့်မှာပဲ ဆိုတဲ့ ခံယူချက်နဲ့ လုပ်ခဲ့တယ်” ဟု သူက ဆိုသည်။
ထို့နောက် ဆေးပညာနှင့် ပတ်သက်၍ နှစ်ရှည် စာတွေ့လက်တွေ့ သင်တန်းတက်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်တော်ဆေးခန်းသို့ သွားခွင့်ရ ပြန်သည်။ ဆေးပညာသင်ခန်းစာများကို ၁ နှစ်နှင့် ၉ လ သင်ကြားပြီးခဲ့သည့် ၂၀၀၇ ခုနှစ်ဝန်းကျင်မှ စတင်၍ ယခု တာဝန် ကျနေသည့် ဆောင်ဒူကျေးရွာတွင် ဆေးခန်းထိုင်ခဲ့ရသည်။
KNPLF ၏ စစ်ကြောင်းများတွင် လိုအပ်ပါက လိုက်သည်။ မဟာမိတ် အဖွဲ့များဖြစ်သည့် နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့က အကူညီတောင်းလာလျှင်လည်း လိုက်သည်။ အစိုးရ စစ်တပ်၏ နယ်လှည့်ဆေးအဖွဲ့ လာလျှင်လည်း အကူညီလိုပါက သူဝိုင်း၍ ကူညီသည်။ သူသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တခု၏ စစ်သား တယောက်ဖြစ်သည်။ သို့သော် သူ့လက်နက်က လူတို့ကို သေစေနိုင်သော သေနတ်များ၊ မြေမြှုပ်မိုင်းများ မဟုတ်။ လူတို့၏ အသက်ကို ကယ်တင်နိုင်သည့် ဆေးအိတ်ပင် ဖြစ်သည်။
သေနတ်သံ၊ အမြောက်ဆံနှင့် မြေမြှုပ်မိုင်းများကြားတွင် ကာလကြာရှည်စွာ ငြိမ်းချမ်းမှု ပျောက်ဆုံးနေခဲ့သည့် ကယားပြည်နယ်သည် အစိုးရနှင့် KNPP တို့အကြား အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်များ ရယူခဲ့သည့် လွန်ခဲ့သော ၃ နှစ်နီးပါးမှ စတင်၍ ငြိမ်းချမ်းရေးကို မျှော်လင့်လာနိုင်ပြီ ဟု ဆိုရမည်။ ပြည်တွင်းစစ်၏ နှိပ်စက်မှုကြောင့် ဒဏ်ရာဒဏ်ချက်များစွာဖြင့် နေထိုင်ခဲ့ရသည့် ဒေသခံ တိုင်းရင်းသားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ စတင်ရန် အချိန်ရောက်ပြီဟု သူက ထင်သည်။
ကယားပြည်နယ်တွင် အစိုးရ ကျန်းမာရေး ဌာနများ လက်လှမ်းမမီသည့် ဒေသများမှ လူထု၏ ကျန်းမာရေးအတွက် မယ်တော်ဆေးခန်း၏ စီမံကိန်းအလိုက် ဆေးခန်းခွဲများရှိရာ ကိုခူးရီဖဲ တာဝန်ကျနေသည့် ဆေးခန်းသည်လည်း တခု အပါအဝင်ဖြစ်သည်။ ထိုဆေးခန်းသည် မယ်တော်ဆေးခန်း၏ စီမံခန့်ခွဲမှု အောက်တွင်ရှိပြီး၊ ဒေသခံ တိုင်းရင်းသားများ၏ ကျန်းမာရေးအတွက် ဆေးမှူးနှင့် သင်တန်းဆင်း သူနာပြုများက စောင့်ရှောက်မှုများ ပြုလုပ်လျှက် ရှိသည်။
ဆေးမှူး ကိုခူးရီဖဲသည် ဆောင်ဒူကျေးရွာ အနီးရှိ ရွာငယ်ပေါင်း ၂၁ ခုကို တာဝန်ယူရသည်။ ယခင်က ကျေးရွာပေါင်း ၃၀ မှ ၄၀ ကြား တာဝန်ယူခဲ့ရသော်လည်း ယခုနောက်ပိုင်းတွင် KNPP ဆေးအဖွဲ့ကလည်း အချို့ကျေးရွာများကို ခွဲဝေတာဝန်ယူခဲ့သည်။
“ကယားပြည်နယ်ရဲ့ လူထုက စစ်ဘေးစစ်ဒဏ်တွေ ခံခဲ့ရပြီးပြီ။ ပြည်တွင်းစစ်ရဲ့ ဒုက္ခတွေ ခံပြီးသွားပြီ။ အခု အေးချမ်းလာပြီ ဆိုတော့ ပြန်လည် ထူထောင်ရေး လုပ်ဖို့လိုလာတယ်။ ကျနော်မြင်တာကတော့ ဆေးခန်းကနေ ဆေးထိုင်ပေးနေမယ် ဆိုရင်တော့ ဆေးက ဘယ်လောက်ထားထား ကုန်နေမှာပဲ။ ရောဂါဖြစ်တဲ့လူဦးရေက ဘယ်လိုမှ ပျောက်မှာမဟုတ်ဘူး။ မဖြစ်ခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေး အမြင်များများ ပေးနိုင်ဖို့လိုတယ်။ အသိပညာပေးမှု များများလုပ်ဖို့လိုတယ်။ ကျနော်က အခုနောက်ပိုင်းဆိုရင် ထိုင်ပြီး ဆေးကုပေးနေတာကို သိပ်မလုပ်ချင်တော့ဘူး။ သွားလာပြီး အသိပညာပေးတာတွေ လုပ်ချင်တယ်။ အသိပညာပေးတာ ပိုထိရောက် မယ်” ဟု သူကဆိုသည်။
သူတာဝန်ယူရသည့် ကျေးရွာများတွင် တချို့ရွာများက တရွာလုံး သွေးတိုးရောဂါဖြစ်ကြသည်။ တချို့ရွာများက တရွာလုံး ယားနာများ ဖြစ်ကြသည်။ ရေမသန့်သော နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများကို ကြုံရသည်။ တချို့ရွာများက အာဆင်းနစ်ဓာတ် ပါဝင်နေသော ရေများကို သောက်သုံးနေကြရသည်။ တချို့ရွာများက ထုံးဓာတ်များစွာ ပါဝင်နေသည့် ရေများကို သောက်သုံးနေရသည်။ ထိုဒေသများ အတွက် ကျွမ်းကျင်သော ရေသန့်ပညာရှင်များက ကွင်းဆင်းလေ့လာကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်နေသည်။
သူ့အသက် ၁၆ နှစ်ကျော်ကျော်တွင် တောထဲသို့ ဝင်သွားခဲ့သည်။ ယခု အသက် ၃၀ ကျော်တွင် မြို့နှင့်နီးသော နေရာ၌ လူထုကျန်းမာရေး စောင့်ရှောက်ရေးလုပ်ငန်းများကို လုပ်နေသည်။ သူ လက်နက်မကိုင်ချင်တော့ပေ။ ဖြစ်နိုင်လျှင် ယူနီဖောင်းပင် မဝတ်ချင်တော့။
“စစ်တိုက်လို့ တခုတည်းနဲ့ ကိုယ်လိုချင်တဲ့ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘဲ၊ တခြားနည်းလမ်းနဲ့လည်း ရနိုင်တယ်လို့ တွေးမိလာတယ်” ဟု သူက လေးလေးနက်နက် ပြောသည်။
သူလေးစားရသည့် KNU ဆေးမှူးတဦး ရှိသည်။ သူက ပြောသည်။ “အဖွဲ့တွေ အများကြီး ရှိတယ်။ တိုက်နေတာပဲ။ ဒီမိုကရေစီရဖို့အတွက် တိုက်နေရုံနဲ့ မရဘဲ ကိုယ်တိုင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေထိုင်ဖို့ လိုတယ်” ဆိုသည့် ထိုစကားကို သူစွဲမြဲစွာ မှတ်မိနေသည်။
လက်ရှိတွင် အပြင်းပြဆုံး အလုပ်မှာ ဒေသခံများအား ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရန်ပင်ဖြစ်သည်။
“တကယ်လို့ ဒီအလုပ်တွေ မလုပ်ရတော့ဘူးဆိုရင် အဖေ၊ အမေနဲ့ ပြန်နေမယ်။ အခုအဖေနဲ့ အမေကလည်း အသက်ကြီးပြီ။ ကိုယ်ပြန်ကြည့်ရတော့မယ်။ အမေကလည်း နှလုံးသွေးကြောကျဉ်းတယ်။ အိမ်မှာ ကြည့်ဖို့လူမရှိဘူး” ဟု ကိုခူးရီဖဲက ဆိုသည်။
လက်ရှိတွင် မယ်တော်ဆေးခန်းမှ ထောက်ပံ့သည့် တလလျှင် မြန်မာကျပ်ငွေ ၃ သောင်းကျော်ခန့်သာရှိသည့် စားစရိတ်ကိုသူရသည်။ သူတာဝန်ကျနေသည့် ရွာမှ ရွာသားများက စိုက်ပျိုးခွင့်ပေးထားသည့် မြေကွက်တွင် ပြောင်းနှင့် အာလူးကို စိုက်ပျိုးထားသည်။
ဒီကာလများတွင် သူရောက်သည့် ဒေသမှ လူများထံတွင် အမေးခံရဆုံးမေးခွန်းမှာ “အိမ်ထောင် မပြုသေးဘူးလား။ တယောက်တည်းပဲ နေမှာလား” ဆိုသည့် မေးခွန်းဖြစ်သည်။ အလုပ်တာဝန်များနှင့် လှုပ်ရှားသွားလာနေရလျှင် ထိုအချက်ကို မေ့လျော့နေသော်လည်း ထိုသို့ အစဖော်သူများနှင့် ကြုံလာလျှင် သူအတိတ်ကို ပြန်၍ သတိရတတ်သည်။
“ကိုယ်က စောင့်တယ်။ သူကကျနော့်ကို မစောင့်ဘူး။ နိုင်ငံခြားထွက်သွားတယ်။ ကိုယ့်ဘာသာ တကိုယ်တည်း ရပ်တည်မယ်။ ဘုရားက ဖူးစာရှင်ကို ဖန်းတီးပေးထားမှာပဲလေ။ အဖိုးကလည်း မိန်းမရှာပေးမယ်လို့ ခဏခဏပြောတယ်” ဟု သူက ရယ်ရယ်မောမော စကား ဆိုသည်။
အတူတူ တိုက်ဖော်တိုက်ဖက် ဖြစ်ခဲ့သည့် KNPP မှ မိတ်ဆွေများသည် အပြန်အလှန် တိုက်ခိုက်ရသည့် ရန်သူများလည်း ဖြစ်ခဲ့ရသည်။ ယခု မိတ်ဆွေများအဖြစ် ပြန်လည်လက်တွဲကာ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စတင်လျှက်ရှိကြပြန်သည်။
ကယားပြည်နယ်တွင် ငြိမ်းချမ်းခြင်း၏ ရောင်ခြည်များ သန်းလာသော်လည်း မြန်မာနိုင်ငံသား အခြားသော တိုင်းရင်းသားဒေသများတွင် လက်နက်ကိုင် တိုင်ပွဲများ ဖြစ်နေဆဲ အခြေအနေကိုတော့ ကိုခူးရီဖဲတယောက် မကျေနပ်နိုင်။
“ကျနော်တို့ မြန်မာနိုင်ငံက အပစ်ရပ်စဲရေးယူပြီး ဒီမိုကရေစီဆီ သွားနေမယ်တုန်းမှာ အဲလို ပြန်ချနေမယ်ဆိုရင် အားလုံးစိတ်မှာ သံသယဖြစ်မယ်။ ကျနော်တို့ကိုတော့ အဆင်ပြေအောင် လုပ်ထားတယ်။ တခြားအဖွဲ့တွေကျတော့ ဝင်ချနေတုန်းပဲ။ ကျနော်တို့လည်း သတိထားနေဖို့ လိုတယ်” ဟု သူက တွေးတွေးဆဆပြောသည်။
မကြာသေးခင်က နိုင်ငံခြားရောက်နေသည့် သူငယ်ချင်းတယောက်နှင့် အဆက်အသွယ်ရသည်။ အိမ်ပြန်လက်ဆောင် ဘာဝယ်ခဲ့ရမလဲဟု မေးသည့် ထိုသူငယ်ချင်းကို သူမှာချင်သည်က “စစ်ကျောပိုးအိတ်တလုံး” ပင် ဖြစ်သည်။
“သူငယ်ချင်းကမေးတယ်။ အဲဒီမှာ ငြိမ်းချမ်းနေပြီဆိုပြီး ဘာလို့စစ်ကျောပိုးအိတ် မှာသလဲလို့၊ ကျနော်ကပြန်ပြောတယ်။ မယုံရသေးဘူးကွလို့။ စိတ်ထဲမှာ အပြည့်အဝတော့ ဒုံးဒုံးမချသေးဘူးလို့”













