မင်းတုန်းမင်း၊ အိမ်ရှေ့စံ ကနောင်မင်း၊ သီပေါမင်းတို့မှ ဆင်းသက်လာသည့် ကုန်းဘောင်အနွယ်တော်များက မန္တလေး မြနန်းစံကျော် နန်းတော်အတွင်း၌ သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်ပြီး မကျွတ်မလွတ်သေး သည့် ဆွေတော်မျိုး တော်များအတွက် အမျှအတမ်းပေးဝေမှုများ ယမန်နေ့ နံနက်က ပြုလုပ်သည်။
သီပေါမင်း ပါတော်မူချိန်မှ စတင်ကာ နှစ်ပေါင်း ၁၃၀ အတွင်း ဆွေတော်မျိုးတော်များအနေဖြင့် မန္တလေး နန်းတွင်း၌ ဆွမ်းဆက်ကပ်ခွင့် ပထမဆုံးအကြိမ်ရရှိခြင်းဖြစ်ပြီး အနွယ်တော်ပေါင်း ၈၀ ခန့် လာရောက် ကြောင်းသိရသည်။
ထိုသို့ နန်းတွင်း၌ ဆွမ်းကပ်လှူ ပွဲဖြစ်မြောက်ရန်အတွက် ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေက ဦးဆောင်စီစဉ် ပေးခြင်းဖြစ်သည်။
အိမ်ရှေ့စံကနောင်မင်း အနွယ်ဝင် တော်ဘုရားနောင်က “အရင်ကတော့ ကိုယ့်ဖာသာကိုယ် ဘုရားတို့ ဘုန်းကြီး ကျောင်းတို့မှသာ တနိုင်တပိုင် လုပ်ခွင့်ရတယ်၊ ဒီတခါတော့ ဒုဝန်ကြီးကိုယ်တိုင် ပါတာဆိုတော့ နိုင်ငံတော် အနေအထားမျိုးလို့ ပြောလို့ရပါတယ်”ဟု ဧရာဝတီသို့ပြောသည်။
ဤဆွမ်းကပ်ပွဲသို့ မင်းတုန်းမင်း၊ ကနောင်မင်း၊ သီပေါမင်း၏ အနွယ်တော်များအပြင် တခြားသော အလောင်းမင်းတရားကြီးနှင့် ဘိုးတော်ဘုရားမှ ဆင်းသက်လာသည့် အနွယ်တော်များလည်း လာရောက်ကြောင်းသိရသည်။
ရှေးမြန်မာမင်းများ၏ အနွယ်တော်များကို ပထမဆုံးအကြိမ် မန္တလေးနန်းတွင်း၌ ဆွမ်းဆက်ကပ်ခွင့်နှင့် အမျှအတမ်း ပေးဝေခွင့်ပြုခြင်းကို ထူးခြားချက်တခုဟု ရှုမြင်ကြသည်။
အဆိုပါ ဆွမ်းကျွေးပွဲကို စီစဉ်သူ ယဉ်ကျေးမှု ဒုဝန်ကြီး ဦးသန်းဆွေက“အစိုးရက စီစဉ်တာမဟုတ်ပါဘူး၊ ကျနော်ရတဲ့ စာမူခလေးတွေနဲ့ ဆွမ်းကျွေးတာပါ၊ လွမ်းကြွေးဆပ်တဲ့ပွဲလေးပေါ့၊ ယဉ်ကျေးမှုဝန်ကြီးဌာန ခွင့်ပြုချက်နဲ့ လုပ်တာပါ”ဆိုသည်။
ကုန်းဘောင်မင်းဆက်ကို အလောင်းမင်းတရားကြီးက တည်ထောင်ခဲ့ပြီး နောင်တော်ကြီးမင်း၊ ဆင်ဖြူရှင်မင်း စဉ့်ကူးမင်း၊ ဖောင်းကားစားမောင်မောင်၊ ဘိုးတော်ဘုရား၊ ဘကြီးတော်၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်းအထိ ၁၁ ဆက် အုပ်စိုးခဲ့ပြီး ၁၈၈၅ခုနှစ် သီပေါမင်းလက်ထက်တွင် ထီးနန်းပျက်ခဲ့ သည်။
မင်းတုန်မင်းကြီး တည်ထောင်ခဲ့သည့် ရတနာပုံ နန်းတော်အတွင်းကို စစ်အစိုးရလက်ထက် ပြန်လည်တည် ဆောက်ခဲ့သော်လည်း ဘုရင့်အနွယ်တော်များအား ယခုကဲ့သို့ ဖိတ်ကြားခြင်းမရှိဟု သိရသည်။
စစ်တပ်အခြေစိုက်ထားသော မန္တလေး မြို့ဟောင်းအတွင်း ဝင်ရောက်လည်ပတ်မှုကို ယခင်က တင်းကျပ်ထားခဲ့သော်လည်း ယခုအခါ အသစ်တည်ဆောက်ထားခဲ့သော မြနန်းစံကျော် နန်းတော်သို့ သွားရောက် လည်ပတ်ခွင့်ပြုထားသည်။