ဆန္ဒပြကျောင်းသားများ ဖြိုခွဲခံခဲ့ရသည့် လက်ပံတန်း ဖြစ်ရပ်နှင့် ပတ်သက်၍ အဓိကရုဏ်း နှိမ်နှင်းရေး လုပ်ငန်းစဉ် အဆင့်အဆင့်အတိုင်း မလုပ်ဆောင်ဘဲ အဆင့်ကျော်လွန်ပြီး ဆောင်ရွက်ခဲ့သူများအား အရေးယူသင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မနေ့က ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်တွင် ၂၀၁၅ခုနှစ် မတ်(၁၀)ရက်က လက်ပံတန်းမြို့၌ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရေး အတွက် ဆန္ဒပြသော သပိတ် စစ်ကြောင်းအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းခဲ့မှုနှင့် ပတ်သက်၍ အဓိကရုဏ်း ဖြစ်ပွားသည့်နေ့တွင် နည်းလမ်းတစ်ကျ လိုက်နာဆောင်ရွက်ခြင်း မရှိသော ရဲတပ်ဖွဲ့ဝင် များအား ထိုက်သင့်သလို အရေးယူ သင့်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအား ရေသန့်ဗူးဖြင့် စတင်ပစ်ပေါက်ခဲ့သူများ၊ ရဲတပ်ဖွဲ့၏ ယာယီတဲများနှင့် အတား အဆီးများကို ဖျက်ဆီးခဲ့သူများ၊ တုတ်၊ ခဲများနှင့် ပစ်ပေါက်ခဲ့သူများအား ဥပဒေနှင့်အညီ အရေးယူသင့်ကြောင်း၊ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားချိန်တွင် အဓိကရုဏ်း နှိမ်နှင်းရေး လုပ်ငန်းစဉ် အဆင့်အဆင့်အတိုင်း မလုပ်ဆောင်ဘဲ အဆင့်ကျော်လွန်ပြီး ဆောင်ရွက်ခဲ့သူများအား အရေးယူသင့်ကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည် ဟူ၍ လည်းကောင်း ဖော်ပြပါထားသည်။
ထိုအပြင် မန္တလေးတိုင်းဒေသကြီး ရတနာပုံ တက္ကသိုလ်မှ ဖမ်းဆီး ထိန်းသိမ်း ခြင်းခံရသော ဆန္ဒပြကျောင်းသား (၄)ဦးက စာမေးပွဲဖြေဆိုရန် အတွက် အချုပ်လွတ်ထုချေခွင့် အာမခံလျှောက်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ကျောင်းသားများ၏ ပညာသင်ကြားမှု အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် ၎င်းတို့၏ လျှောက်ထားချက်ကို အလေးထား စဉ်းစားပေးသင့်ကြောင်း၊ အကြံပြုတိုက်တွန်းထားသည်။