NLD အစိုးရသစ် တိုင်းရင်းသားအရေး ဖြေရှင်းနိုင်မလား

ငြိမ်းချမ်းအေး

This article has been converted from Zawgyi One to Unicode

၂၀၁၆ အစိုးရသစ်တက်လာရင် ဖြေရှင်းရမယ့် အဓိကပြဿနာကြီးတခုဟာ တိုင်းရင်းသားလူနည်းစုများနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးပဲ ဖြစ်ပါတယ်။ တည်ဆဲ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ တက်လာမယ့် အစိုးရသစ်ဟာ သီးခြားလွတ်လပ် အာဏာတည်ရှိခွင့်ရနေမြဲဖြစ်တဲ့ တပ်မတော်အပေါ် ဩဇာညောင်းမှုအားနည်းနေ သေးတာမှန်ပါတယ်။

ဒါပေမယ့် ၂၀၁၅ ရွေးကောက်ပွဲကနေ လူထုဆန္ဒမဲအမှန်နဲ့ ရွေးချယ်တင်မြှောက်လိုက်တဲ့ နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ်နဲ့ အရပ်သားစစ်စစ် အများစုနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင် ဖွဲ့စည်းမယ့် အစိုးရသစ်ရဲ့ လူမျိုးစုရေးရာ မူဝါဒ ပိုင်းဆိုင်ရာ ပါးနပ်ကိုင်တွယ်မှုကလည်း ပြည်တွင်းစစ် အလုံးစုံတပြည်လုံးရပ်စဲရေး၊ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုအစစ်အမှန်ပေါ် ထွန်းရေးအတွက် အရေးပါပါတယ်။

ဒီနေရာမှာ လွတ်လပ်ပြီး တိုင်းပြည်ရဲ့ခေတ်သစ်သမိုင်းမှာ အချိန် အများစုကြီးစိုးနေတဲ့တပ်မတော်နဲ့ စစ်တပ် ဦးဆောင်ကြီးစိုးတဲ့ တော် လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ ကနေ လက်ရှိ ဒီမိုကရေစီ အမည်ခံ အစိုးရ ခေတ်အထိ နာမည်အမျိုး မျိုးခံ အစိုးရများရဲ့ စနစ်အမှား၊ မူအမှား၊ လုပ်ရပ် အမှားတွေကို အခြေခံကျကျ နားလည်သုံးသပ် သမိုင်းသင်ခန်းစာ ယူနိုင်ဖို့ လိုပါတယ်။ ဒါမှသာ NLD အစိုးရအနေနဲ့ ပြည်ထောင်စုအရေး အတွက် ဘယ်လိုအလုပ် လုပ်ရမလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်အာဏာကို အဓမ္မတက်ယူခဲ့ချိန် ကစလို့ စစ်ဗိုလ်ချုပ်ကြီးများရဲ့ အစိုးရ အဆက်ဆက်ရဲ့ မပြောင်းလဲတဲ့ လက္ခဏာကတော့ ပြည်တွင်း စစ်အပေါ် ရှုမြင်ပုံ၊ ပြည်ထောင်စုကို ပုံဖော်ပုံနဲ့ တိုင်း ရင်းသားအရေးကို ကိုင်တွယ်ပုံပါ။ ဒါတွေကို ပြင်နိုင်ရပါမယ်။

ပထမအချက် ပြင်ရမှာကတော့ လူနည်းစု တိုင်းရင်းသားဒေသတွေကို မိမိလက်အောက်ခံ ကိုလိုနီပုံစံမျိုးနဲ့ သယံဇာတရှာ ကုန်ကြမ်းယူရုံ၊ ကုန်ချောရောင်းချရုံ သက်သက်ထက် မပိုလှတဲ့ဆက်ဆံ ခြင်းမျိုးပါ။ ဒါဟာ အင်္ဂလိပ်အရင်းရှင် နယ်ချဲ့ရဲ့ ကိုလိုနီစနစ်ဆိုးကို တိုက်ရိုက်ဆက်ခံခြင်းလို့ ဆိုနိုင် ပါတယ်။ နောက်တချက် ကတော့ ပြည်ထောင်စုမှာ မြန်မာ-ဗုဒ္ဓဝင်တွေချည်းနေဟန် ပုံဖော်တဲ့လူမျိုးကြီး ဝါဒအခြေခံလူမျိုးတမျိုး ရဲ့တိုင်းပြည်တပြည်ထောင် စနစ်ကျုံးသွင်းမှုပါ။ ဒါဟာအစွန်းရောက် အမျိုးသားရေးဝါဒ ဖက်ဆစ်စနစ် ရဲ့အမွေဆိုးကို လက်ဆင့်ကမ်းခြင်းလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ရာစုဝက်ရဲ့ အစိုးရ စနစ်မှာ လူနည်းစုအရေး ကိုင်တွယ်ပုံဟာ အရင်းရှင်နယ်ချဲ့အင်္ဂလိပ်နဲ့ ဖက် ဆစ်ဂျပန်စနစ် နှစ်ခုပေါင်း ဆိုးမွေခံခြင်းလို့ ဆိုနိုင် ပါတယ်။ ဘယ်လိုဆက်ခံခဲ့သလဲ၊ ဘယ်လိုပြင်ရပါမလဲ။

ကယားပြည်နယ်အဖြစ် ဇွတ်လုပ်နာမည်သစ် ထွင်ယူထားလို့ ကရင်နီပြည်နယ်အဖြစ် ပြန်ပြောင်းလဲဖို့ ဒေသခံလူမျိုးများ အခုတောင်း ဆိုနေကြသလို နာမည်ကိစ္စက အစပါ။  နာမည်ပြဿနာဟာ နိုင်ငံနဲ့ လူမျိုး နာမည် မြန်မာလား၊ ဗမာလားကနေ ခေတ်အဆက်အဆက် လူနည်းစုဒေသတွေမှာ မြန်မာမှုပြု၊ မြန်မာသံ စစ်စစ်လုပ်ထားတဲ့ မြို့ရွာနာမည်များ အရေးအထိ ပါပါတယ်။ ဒီလို လူနည်းစုဒေသတွေမှာ ဒေသခံအသံထွက်တွေကို ဖျောက်၊ မြို့ရွာနာမည်များ ပြောင်းခြင်း လိုမျိုးနဲ့ လူအများစုကိုးကွယ်တဲ့ ဘာသာရေး သာသနိက အဆောက်အအုံတွေ ဇွတ်အတင်း ဆောက်ခြင်းလိုမျိုးတွေဟာ အရာရာ မြန်မာ ဖြစ်လုပ်ချင်တဲ့ Myanmar-nization  မူဝါဒပါ။ ဒါဟာအင်္ဂလိပ်တွေ ကိုလိုနီ ခေတ်ကောင်းစဉ်က ကမ္ဘာပတ်ပြီး လူဖြူ အရှင်သခင်ကြီးများအဖြစ် ခရစ်ယာန် သာသနာပြုလိုက်၊ အင်္ဂလိပ်ဇတ်သွင်းချင်တဲ့ English-nization  လုပ်ချင်ခဲ့မှုနဲ့ အတူတူပါပဲ။

လူမျိုးစု ပြည်တွင်းစစ် ပြဿနာတွေကို စစ်အစိုးရများ အဆက်ဆက်ဟာ နှစ်ပေါင်း ၆၀ ကျော်က “အင်္ဂလိပ် ကိုလိုနီ အမွေဆိုး” လို လူထူထူရှိရင် “ငပြူးကပြဲ” ထမင်းရည်ပူလျှာလွှဲလည်း အမြဲ လုပ်လေ့ ရှိခဲ့ပါတယ်။ သူတို့ရဲ့ မမှန်ကန်တဲ့ သဘောထား၊ တဖက် စောင်းနင်းဖြစ် နေတဲ့အပြုအမူ၊ လူမျိုးကြီး ဝါဒပုံဖော်ထားတဲ့ စနစ်ကိုတော့ ပြင်ဖို့ ဘယ်တုန်းကမှ မကြံစည်ခဲ့ပါဘူး။ အနည်းဆုံး အဆင့်တိုင်းပြည်ရဲ့ ပုံရိပ်မြှင့်ဖို့၊ ခရီးသွားလုပ်ငန်းတိုးတက်ဖို့ ဝါဒဖြန့်ချိတဲ့ ရုပ်သံတွေကို ပဲကြည့်ပါ။ အပေါ်ယံသဘော သိပ်ဆန်ပါတယ်။ ထိုင်းနိုင်ငံမှာလည်း “Tourist Trap” ခရီးသွားလုပ်ငန်း ထောင်ချောက် စားကျက်အဖြစ် လုပ်စားခံနေရရှာတဲ့ ကယန်း (ပဒေါင်) လိုမျိုး ထူးခြားတဲ့ အသွင်အပြင် ယဉ်ကျေးမှု ရှိသူများကို ကြော်ငြာအဖြစ် ဓာတ်ပုံ၊ ဗီဒီယို ထည့်ရိုက်ကောင်း ရိုက်မယ်။ ကရင် ဒုံးယိမ်း၊ ကချင်မနောပွဲ အကအလှတွေ ပါကောင်းပါမယ်။ ဒါပေမယ့် အများစုကတော့ ဘုရားကျောင်းကန်၊ စေတီ ပုထိုးနဲ့ မြန်မာများရဲ့ လက်နက်အင်ပါယာ နိုင်ငံတော် ပုဂံအခြေပြု ပုံဖော်မှုသာ ဖြစ်တာများပါတယ်။ ပိုမိုအရေးကြီးတဲ့ ပညာရေးစနစ်၊ သမိုင်းပုံဖော်မှုလိုမျိုးမှာတော့ ပိုသာဆိုးပါတယ်။ တမျိုးတဘာသာ အသားပေးမှုသမိုင်းလိမ်၊ သမိုင်းဝှက်တွေဟာ တင်းကျမ်းဖြစ်နေပါတယ်။

တကယ်တော့ ဒီလိုစနစ်ဆိုးတွေ ပုံဖော်ခဲ့လို့လူအများစု မြန်မာများ ကောင်းစားသလားဆိုရင်လည်း မဟုတ်ပါဘူး။ သူတို့လည်းတုံး အောက်ကဖားချည်းမို့ လူမွေးလူရောင် မပြောင်ခဲ့ပါဘူး။ နိုင်ငံသား လူမျိုး၊ ဘာသာစုံဟာ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေးကဏ္ဍစုံ လူစဉ်မမီခြင်းအကျိုးဆက်အဖြစ်ကိုယ့်စရိတ်နဲ့ ကိုယ်သူများတိုင်းပြည်တွေကို သွားခိုလှုံ၊ အလုပ်လုပ် လိုလိုချင်ချင် ကမ္ဘာလှည့် ကျွန်ခံနေရပါတယ်။ လူဦးရေ အဆမတန် နည်းလာတဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေက သက်သေပါပဲ။ မြန်မာအများစု ရှိရာ အညာဒေသမှာလည်း လုပ်အားရှားပါးမှု ပြဿနာဖြစ်နေတာ ကြာခဲ့ပါပြီ။

ဒီလို လူသားအရင်းအမြစ်တင် ဆုံးရှုံး၊ ခေတ်သစ် ကျွန်ဇာတ်လမ်း ခင်းနေရရုံတင် မကသေးပါ။  အားလုံးသိတဲ့ အတိုင်း ပြည်မအစိုးရ ဗိုလ်ချုပ်ကြီးတွေကို ပိုက်ဆံပုံပေး၊ လက်နက်ထောက်ပံ့နိုင်တဲ့ ဒေသတွင်းနဲ့ အနောက် နိုင်ငံကြီးတွေက ကုမ္ပဏီကြီးတွေကိုလည်း ကိုယ့်ဆီရှိတဲ့ သဘာဝအရင်းအမြစ် ရေနံ၊ သဘာဝဓာတ်ငွေ့တွေကိုလည်း တင်ပို့ ဆက်သ နေရပါသေးတယ်။ ပြည်မအစိုးရနဲ့ ဒေသခံတော်လှန်ရေး သမားတွေကြား ပဋိပက္ခနဲ့ စနစ်ဆိုးမှာ လသာနေတုန်း ဗိုင်းငင်သလို တူးဆွယူငင်ခံနေရတဲ့ ဖားကန့်ဖြစ်စဉ်ကိုပဲ ကြည့်ပါ။  သဘာဝဓာတ်ငွေ့ ကမ်းလွန်သိုက်တွေ ကျောကပ်ရပ်တည်ရှိပေမယ့် ဓာတ်ငွေ့ပိုက် လိုင်းကြီးတွေ ပြည်နယ်ဗဟို အသည်း နှလုံးကိုခွဲ ဖြတ်ဖောက်ရောင်း စားခြင်းခံရပြီး ကိုယ့်ဆီတော့ မီးမလာ၊ မီးရတဲ့ဒေသကျတော့လည်း မီတာခ ဈေးကြီးပေးနေရတဲ့ ရခိုင်ပြည်နယ်ကို မြင်ကြည့်ပါ။ သယံဇာ တသစ်တော သဘာဝအလှ စုံလင်လှပေမယ့် ဝေးလံခေါင်သီ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲ၊ ဆင်းရဲတွင်းနက်၊ ဖွံ့ဖြိုးတိုးတက်မှု နောက် အကျဆုံးဖြစ်နေတဲ့ ချင်းပြည်နယ်နဲ့ ချင်းလူထုကို ကြည့်ပါ။

ဒါကြောင့် ၂၀၁၆ ခုနှစ်မှာ NLD ပါတီ အစိုးရအသစ် တိုင်းရင်းသားအရေး ဖြေရှင်းနိုင်မလား၊ မေးခွန်းအတွက် အခုကြား နေရတဲ့ တနိုင်လုံး အပစ်အခတ်ရပ်စဲရေး ဖြစ်စဉ်က ကောင်းတဲ့အချက်တွေ ယူမယ်၊ မကောင်းတာတွေ ပြင်မယ်။ NLD ကိုယ်တိုင်၊ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ဦးဆောင်ကိုင်တွယ် ဖြေရှင်းမယ်ဆိုတဲ့ ယေဘုယျ သဘောမျိုးလောက်နဲ့တော့ လူများစု၊ လူနည်းစုသာတူညီမျှ ကောင်းစားတဲ့ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုစစ်စစ် အန္တိမရည်မှန်းချက်ကို အောင်မြင်နိုင်မှာ မဟုတ်ပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ တိုင်းရင်းသား အရေး မူဝါဒတွေ ခိုင်မာချမှတ်ပြီးဖြစ်မယ် မျှော်လင့်ပါတယ်။ အရေးကြီးဆုံး ပြင်ဆင်ရမှာကတော့ ဆောင်းပါးမှာဆိုခဲ့တဲ့ အစိုးရစနစ်ယန္တရား မူဝါဒမှာ အရိုးစွဲ စိမ့်ဝင်အမြစ်တွဲနေပြီဖြစ်တဲ့ လူနည်းစုရေးရာကို ကိုလိုနီစနစ်နဲ့ ဖက်ဆစ်စနစ် အမွေခံ စဉ်းစား၊ ကျင့်သုံး မူဝါဒတွေ ဖော်ဆောင်နေခြင်းပါပဲ။ လူနည်းစုများ ဘက်ကလည်း အတိတ်သမိုင်းဆိုး ရလဒ် မြန်မာ(ဗမာ) လူမျိုး အပေါ်မယုံကြည်မှု၊ အမုန်း၊ အာဃာတ တွေဖျောက်နိုင်ရပါမယ်။ ဒါမှသာ တိုင်းပြည် မှ မှီတင်းနေထိုင်နေသူ လူမျိုး၊ ဘာသာ အား လုံးညီညွတ်မျှတခရီးလမ်းပန်းတိုင်တူလျှောက် လှမ်းနိုင်ပါမယ်။

နိဂုံးချုပ်ရရင် ၂၀၁၆ အစိုးရသစ်နဲ့ ဥပဒေ ပြုလွှတ်တော် မဏ္ဍိုင် နှစ်ရပ်စလုံးဟာ အမှန်တကယ် မတူကွဲပြားမှု တွေကို အင်အား အဖြစ်စုစည်း သာတူညီမျှ ပြည်ထောင်စု စစ်စစ် တည်ဆောက်လိုတယ် ဆိုရင်ဖြင့် တမျိုး၊ တဘာသာ ဗဟိုပြု ဖက်ဆစ်စရိုက် အကျင့်တွေကို အလုံးစုံ စွန့်ခွာရမှာဖြစ်သလို ရာစုဝက်ကျော်ကြာလိုလို လားလား အင်တိုက် အားတိုက် အမွေခံလာခဲ့တဲ့ သယံဇာတ ယူရုံ ဗိုလ်ကျခြယ်လှယ် ကိုယ်ကျိုးရှာရုံသက်သက် ကျွန်ပြုလိုတဲ့ နယ်ချဲ့ကိုလိုနီ စိတ်ဓာတ်အကျင့် အလုပ်၊ ပြဋ္ဌာန်းချက်တွေကိုစနစ်မှာသာမက အခြေခံဥပဒေမှာ အထိပါ အခြေခံကျကျ ဖျောက်ဖို့လိုပါကြောင်း တင်ပြဆွေးနွေးလိုက် ပါတယ်ခင်ဗျား။

(ငြိမ်းချမ်းအေးသည် အွန်လိုင်း၊ ပုံနှိပ် စာနယ်ဇင်းများတွင် မျက်မှောက်ရေးရာနှင့် အထွေအထွေ အာဘော် ဆောင်းပါး များရေးသား နေသူတယောက် ဖြစ်သည်။ လက်ရှိ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။ [email protected] သို့ ဆက်သွယ်နိုင်သည်။)

Loading