အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လျာထားတဲ့ ပြည်နယ်/တိုင်းဝန်ကြီးချုပ် စာရင်းမှာ ဦးမန်းဂျော်နီဟာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် သတင်းထွက်ပေါ်နေပြီး NLD အသိုင်းအဝိုင်းကို မေးမြန်းတဲ့အခါမှာတော့ ဒီသတင်းအပေါ်မှာ ငြင်းပယ်ခြင်းမပြုကြပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က အနိုင်ရ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၅၀ ကို ဇန်နဝါရီလ နှောင်း ပိုင်းမှာ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး သင်တန်းတရပ်ပို့ချခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ သင်တန်းဆင်းပွဲ လုပ်ခဲ့ပါတယ်။ အဲဒီသင်တန်း တက်ရောက်သူ ၅၀ က မကြာမီ ဖွဲ့စည်းတော့မယ့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ ပါဝင်တယ်လို့ NLD အသိုင်းအဝိုင်းက အတည်ပြုပြောဆိုပြီး ကျုံပျော်မဲဆန္ဒနယ် အမှတ် ၂ မှာဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့တဲ့ ဦးမန်းဂျော်နီလည်း သင်တန်း သား ၁ ဦးအဖြစ် ပါဝင်တက်ရောက်ခွင့်ရခဲ့ပါတယ်။ ဦးမန်းဂျော်နီဟာ ဧရာဝတီတိုင်းဒေသကြီးက ဝင်ရောက်ယှဉ်ပြိုင်တဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ဝါအရင့်အဆုံးဖြစ်ပြီး ၂၀၁၂ ရွေးကောက်ပွဲတုန်းက မြောင်းမြမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားခဲ့တဲ့သူလည်းဖြစ်ပါတယ်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်လာမယ့် ဦးမန်းဂျော်နီ ဘယ်လိုလူစားမျိုးလဲ။ သူ့ဘ၀ လမ်းကြောင်းက ဘယ်လိုဖြတ်သန်းခဲ့ပါသလဲ။ ဝန်ကြီးချုပ်တဦးအနေနဲ့ ပြည်သူတွေရဲ့ လူမှုဘဝအပေါ် ဘယ်လောက်စာနာမလဲ။ လူထုအတွက် ဘာတွေ လုပ်နိုင်မလဲ။ ကြံ့ခိုင်ရေးပါတီမှ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင် ထက်သာအောင် ဘယ်လိုမူဝါဒတွေ ကျင့်သုံးသွားမလဲ။
ဦးမန်းဂျော်နီ၏ ဘ၀ အစ
ဦးမန်းဂျော်နီကို ၁၉ ၄၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ မွေးဖွားခဲ့ပြီး အခုဆိုရင် ဦးမန်းဂျော်နီဟာ အသက် ၇၄ နှစ်ရှိနေပြီဖြစ်ပါတယ်။ ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်ဖြစ်ပါတယ်။ ဦးမန်းဂျော်နီက ဝိဇ္ဖာဘွဲ့ နဲ့ ပညာရေးဆိုင်ရာ ဒီပလိုမာဘွဲ့ရရှိခဲ့ပြီး သူရဲ့ ဘ၀ အစက ပညာရေးနယ်ပယ်မှာဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်ခဲ့တာပါ။ အမြင့်ဆုံး လက်ထောက်မြို့နယ် ပညာရေးမှူးအထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ၈ လေး လုံး ဒီမိုကရေစီ အရေးတော်ပုံမှာ တက်ကြွစွာပါဝင်ရင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) စတင် ဖွဲ့စည်းချိန်မှာတော့ အဖွဲ့ချုပ်မှာ ပါတီဝင်အဖြစ် ပါဝင်လှုပ်ရှားခဲ့ပါတယ်။
၁၉ ၉ ၀ ရွေးကောက်ပွဲမှာ ကျုံပျော် အမှတ် ၁ မဲဆန္ဒနယ် အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။ ကျုံပျော်မြို့နယ် NLD ဒုတိယဥက္ကဋ္ဌလည်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး NLD ပါတီ စည်းရုံးရေး အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ NLD ပါတီရဲ့ ဗဟို ကော်မတီဝင်လည်းဖြစ်ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မြောင်းမြမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဧရာဝတီတိုင်းဒေသကြီးရဲ့ တိုင်းဒေသကြီး လွှတ်တော်အမတ်အဖြစ် ကျုံပျော်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
နိုင်ငံရေးလောကကို ဝင်ရောက်ခြင်းအစ
ဦးမန်းဂျော်နီဟာ အသက် ၄၆ နှစ်အရွယ်မှာ ၈ လေးလုံး အရေးတော်ပုံကြီး ဖြစ်ပွားချိန်မှာ တက်တက်ကြွကြွပါဝင်ရင်း NLD ပါတီထဲ ရောက်ခဲ့တယ်ဆိုပေမယ့် သူရဲ့ မူလ စိတ်အစဉ်က နိုင်ငံရေးထက် ပြည်သူတွေကို ကူညီချင်တာခုပဲဖြစ်တယ်လို့ ဦးမန်းဂျော်နီက ဆိုပါတယ်။
“၁၉၈၉ ခုနှစ်ကတည်းက NLD ရဲ့ မြို့နယ်အဖွဲ့ထဲမှာ ပါခဲ့တာပါ။ ၉၀ ရွေးကောက်ပွဲမှာ မြို့မိမြို့ဖတွေက ငါ့ကိုရွေးလိုက်တယ်။ အဲဒီတုန်းက ငါတို့ဟာ ရာထူးတွေဘာတွေရဖို့မဟုတ်ဘူး။ အနှိပ်စက်ခံဘက် ဘဝရောက်သွားတယ်။ ဥပမာတခုပြောမယ်။ ကျုံပျော် မြို့နယ်မှာ ရေကြီးတယ်။ အဲ့တော့ ငတ်နေတဲ့ဲသူတွေကို မြို့ပေါ်က ဆန်စက်ပိုင်ရှင်တွေ၊ ပိုက်ဆံရှိတဲ့သူတွေမှာ ငါအလှူသွားခံတော့ ဆန်အိတ် ၄၀၊ ၅၀ လောက်ရတယ်။ တအိမ်ထောင်စုကို လေးပြည်၊ ငါးပြည်နဲ့ သွားဝေတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက လုံးဝအဝေမခံဘူး။ ခင်ဗျားတို့က ဝန်ထမ်းတွေ၊ ဝန်ထမ်းဆိုတာ ကမ်းနားသစ်ပင်တွေပဲ၊ နောက်အဆင်မသင့်ရင် ပြုတ်မှာပဲ။ ကျူပ်ကတော့ ဝေမှာပဲဆိုပြီး နောက်နေ့သွားဝေတယ်၊ အဲဒီနေ့ပဲဖမ်းပြီး အချုပ်ထဲထည့်လိုက်တယ်”လို့ ဦးမန်းဂျော်နီက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးစောမောင်ဦးဆောင်တဲ့ စစ်အစိုးရလက်ထက်ကစလို့ စစ်ခေါင်းဆောင်အဆက်ဆက်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် မိသားစုဘ၀ ၊ လူမှု ဘဝမှာ ထိခိုက်မှုများစွာ ရှိခဲ့ပေမယ့် သူ့ယုံကြည်ချက်နဲ့ ပြည်သူအတွက်ဆိုတဲ့ ခံယူချက် မယိုင်လဲခဲ့ဘူးလို့ သူက ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး အမတ်ဖြစ်လာတဲ့အချိန်မှာလည်း အလကားမနေဘဲ အစိုးရဖွဲ့စည်းဖို့ ရန်ကုန်အထိ ခြေဆန့် ခဲ့ဖူးကြောင်း၊ အမျိုးသားညီလာခံ ကျင်းပချိန်မှာလည်း ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုတဲ့ အမျိုးသားညီလာခံကို လက်မခံခဲ့တဲ့အကြောင်း သူက ဆိုပါတယ်။
“ဗိုလ်ချုပ်မှူးကြီး စောမောင်ကပြောတယ်၊ ရွေးကောာက်ပွဲ ကျင်းပပေးမယ်၊ နိုင်တဲ့သူကို အာဏာအပ်မယ်ဆိုပြီးတော့။ တပ်အနေနဲ့လည်း စစ်တန်းလျားကို ပြန်မယ်ပေါ့။ ၁၉ ၉ ၀ ရွေးကောက်ပွဲ ဧရာဝတီတိုင်းမှာ ၅၁ နေရာရှိတာမှာ ၄၉ နေရာနိုင်တယ်။ ဝါးခယ်မ တနေရာက တို့ ရှုံးတာမဟုတ်ဘူး၊ အရွေးခံမယ့်သူသေသွားလို့။ အဲ့တော့ အစိုးရဖွဲ့ဖို့ ရန်ကုန်ကိုသွားတယ်။ ရိုးရိုးတန်းတန်း သွားလို့မရပါဘူး။ ပုန်းလ ျှိုး ကွယ်လ ျှိုး သွားခဲ့ရတာပါ။ ရန်ကုန်ရောက်တဲ့အခါမှာ စစ်အစိုးရက ၁၂/၉၀ ဆိုတဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ဲ အမိန့်နဲ့ ငါတို့ကို ဖယ်ရှားလိုက်တယ်”လို့ ဦးမန်းဂျော်နီက ဆိုပါတယ်။
အမျိုးသားညီလာခံကို ဆန့်ကျင်ခဲ့တဲ့အတွက် သူ့ကို အာဏာပိုင်တွေက မကြာခဏဆိုသလို လာရောက်ဖမ်းဆီးခဲ့ပါတယ်။ ဒီလို အဖမ်းခံခဲ့ရပေမယ့်လည်း အမျိုးသားညီလာခံ ကို လက်ခံဖို့ ပြောဆို စည်းရုံးမှုတွေမှန်သမ ျှကို လက်မခံခဲ့ဘူးလို့ သူက ဆက်လက် ပြောဆိုပါတယ်။
“လွှတ်တော်ခေါ်ပေမယ်ပြောထားပြီးမှ အမျိုးသားညီလာခံဆိုတော့ ဘာာမှမဆိုင်တော့ဘူး။ ညီလာခံ ကိုယ်စားလှယ်ဆိုပြီး ဌာနဆိုင်ရာတွေနဲ့ အကုန်ဖွဲ့။ ညီလာခံအတွက် လယ်သမားကိုယ်စားလှယ်ဆိုပြီး ဆန်စက်ပိုင်ရှင်တွေ ထည့်ထားတယ်။ ဆန်စက်ပိုင်ရှင်က လယ်သမားအတွက် စဉ်းစားမလား။ တွေးကြည့်ပေါ့။ အမျိုးသား ညီလာခံကို လုံးဝမတက်ခဲ့ဘူး။ လုံး၀ သပိတ်မှောက်ခဲ့တယ်။ အဲဒီအတွက် အဖမ်းခံရတယ်” လို့ ဦးမန်းဂျော်နီက ဆိုပါတယ်။
စစ်အစိုးရ အဆက်ဆက်က မကြာခဏ ဆိုသလို နှိပ်စက်ဖမ်းခဲ့ပေမယ့် သူ့စိတ်ထဲမှာတော့ ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ မူဝါဒက သာလျှင် ပြေလည်စေမယ်ဆိုတာ နားလည်ထားတယ်လို့ သူက ဆိုပါတယ်။
“ငါတို့ခေါင်းထဲမှာ အမြဲပူးပေါင်းဆောင်ရွက်ဖို့ပဲ ရှိတာပါ။ ခုချိန်ထိလည်း ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်းရှိနေပါတယ်။ ခဏခဏ အဖမ်းခံရတယ်။ ထောင်ထဲတော့ တခါမှမကျဘူး။ ဖမ်းတာက အနည်းဆုံး ၂ လလောက်ကြာလိုက် ပြန်လွှတ်လိုက်နဲ့။ ကျုံပျော်မြို့မှာ အချုပ်ခန်း ၅ခန်းရှိတာ အကုန်လုံးနေဖူးတယ်။ ထောင်တော့မကျဖူးဘူး” လို့ ဦးမန်းဂျော်နီက ပြောပါတယ်။
ဖရိုဖရဲ မိသားစုဘဝ
ဦးမန်းဂျော်နီမှာ ဇနီးနဲ့ သားသမီး ၅ ဦးရှိပြီး ဇနီးဖြစ်သူက ကျောင်းဆရာမ ၁ ဦးဖြစ်ပါတယ်။ ဇနီးဖြစ်သူ အစိုးရဝန်ထမ်း ကျောင်းဆရာမ ကို စစ်အစိုးရက အမျိုးမျိုး ဖိအားပေးခဲ့ပြီး နယ်ပြောင်းတာတွေ၊ ပင်စင် မပေးတာတွေ လုပ်ခဲ့ကြောင်း၊ သားအကြီးဆုံးဖြစ်သူကိုလည်း စစ်အစိုးရက ၁၁ နှစ်ခွဲ အင်းစိန်ထောင်မှာ နိုင်ငံရေးပုဒ်မ တပ်ဖမ်းဆီး ထောင်ချခဲ့ကြောင်း သူက ဆက်လက်ပြောဆိုပါတယ်။
“သားအကြီးစက်မှုတက္ကသိုလ် တတိယနှစ်တက်နေရင်း ဖုန်းမော်နေ့ကို ချီတက်ကြတော့ ဖမ်းပြီးထောင်ချတယ်။ ၁၁ နှစ်ခွဲ ထောင်ကျ သွားတယ်။ ကျနော့်သားက အင်းစိန်ထောင်၊ မြောင်းမြထောင် အပြောင်းအရွေ့ လုပ်ရင်း ဒုက္ခခံခဲ့ရတယ်။ နောက်ဇနီးက ကျောင်းဆရာမ လည်း ခံရတယ်။ ကျုံပျော်အထက်တန်းကျောင်းကနေပြီးတော့ လျောက်လဲမလျောက်ဘဲနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကို ပို့လိုက်တယ်။ ကျနော့်ဇနီးက သူတို့ပိုတဲ့နေရာကို မသွားလို့ဆိုပြီး လုပ်သက် ၂၈ နှစ်ရှိတာတောင် ပင်စင်မပေးဘဲ ဖြုတ်ပစ်လိုက်တယ်လို့ သူက ဆိုပါတယ်။
“ငါ့အမျိုးသမီးက အသက် ၇၀ ရှိနေပြီ။ လုပ်သက် ၂၈ နှစ်ခွဲ လုံး၀ ပင်စင်မရဘူး။ ငါ့အမျိုးသမီး ရိုးရိုးသားသားနဲ့ ၂၈ နှစ်လုံးလုံး လုပ်လာ တာ အခုထိပင်စင်မရဘူး။ သားသမီး ၅ ယောက်ရှိပါတယ်။ ဒုက္ခတွေကို သူတို့ခံခဲ့ဲရတာပေါ့။ အားလုံးဒုက္ခရောက်ကျပေမယ့် အားလုံးဘွဲ့ရအောင် ကျောင်းထားပေးခဲ့တယ်”လို့ ဦးမန်းဂျော်နီက ဆိုပါတယ်။
ပြည်သူအတွက် ဘာလုပ်ပေးမလဲ
၁၉၈၈ ခုနှစ်ကတည်းက စစ်အစိုးရ အဆက်ဆက် ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပေမယ့်လည်း အခု ဒီမိုကရေစီ အသွင်ပြောင်းတဲ့အချိန်မှာတော့အာဃာတတွေ မရှိသင့်တော့ဘဲ နိုင်ငံနဲ့ လူမျိုးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုကြောင်း၊ အဓိကအားဖြင့် ဆင်းရဲစုတ်ပြတ်နေတဲ့ လူထုဘဝကို ကယ်တင်ဖို့ လိုနေကြောင်း သူက ဆက်ပြောတယ်။
“ငါတို့က အာဂတကင်းရှင်းစွာနဲ့ တိုင်းပြည်တည်ဆောက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီးပါပြီ။ ပြည်သူတွေက ငါတို့ကို ယုံလို့၊ အားကိုးလို့ မဲပေးလိုက်ကြတယ်။ ငါတို့ပြန်ပေးဆပ်ရမှာတွေက မနည်းဘူး။ အခုငါတို့က အပြောင်းလဲလုပ်နေချိန်ပဲရှိနေသေးလို့ ငါတို့က ဘာမှလုပ်ပေးလို့မရသေးဘူး။လုပ်စရာတွေက အများကြီးစောင့်နေပါတယ်။ မြေသိမ်းတာတွေ ဖြေရှင်းပေးရမယ်။ လယ်သမား တွေအတွက်ကစလို့ လုပ်စရာတွေမှ တပုံကြီးပဲ”လို့ ဦးမန်းဂျော်နီက ပြောပါတယ်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် အဖြစ် သူ့ကို ခန့်အပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဝန်ကြီးချုပ် ဖြစ်ခြင်း၊ မဖြစ်ခြင်းက သူ့အတွက် အရေးမကြီးဘဲ နိုင်ငံနဲ့ လူမျိုးအကျိုးအတွက် သူတတ်နိုင်တဲ့ဘက်ကနေ ကူညီပံ့ပိုးမှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ် အောင်ဆန်းပေးခဲ့တဲ့ အမွေကို သူ့သားသမီးနဲ့ သူ့နိုင်ငံအတွက် သူဆက်ပေးမှာဖြစ်ကြောင်း ဦးမန်းဂျော်နီက ဆိုပါတယ်။
“ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတယ်။ ကျမအဖေတိမ်းပါးသွားတော့ ကျမ ၂နှစ်ပဲရှိသေးတယ်။ သူ့အဖေ ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့ဲတဲ့ အမွေက အခု သုံးလို့မကုန်ဘူးတဲ့။ အဲဒီအမွေက ဘာလဲဆိုတော့ သိက္ခာတဲ့။ ငါတို့လည်း သိက္ခာနဲ့ပဲသွားမှာပါ”လို့ ဦးမန်းဂျော်နီက ပြောပါတယ်။