မြန်မာပြည် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်များကို စစ်ဆင်ရာတွင် မြန်မာ့တပ်မတော် – လေ သည် တရုတ်နိုင်ငံထုတ် မောင်းသူမဲ့ ဒရုန်းလေယာဉ်များကို အသုံးပြုနေကြောင်း ဗြိတိန်အခြေစိုက် စစ်ရေးဆိုင်ရာမဂ္ဂဇင်း Jane’s Defense က ရေးသားခဲ့သည်။ ထိုဒရုန်းများကို ဝေဟင်မှ မြေပြင် ထောက်လှမ်းရေးနှင့် ရန်သူ့စစ်စခန်းကို ခွဲခြားတိုက်ခိုက်နိုင်ရေး ရည်မှန်းချက်ဖြင့် အသုံးပြုနေနိုင်ကြောင်းလည်း ဆိုသည်။
အဆိုပါ ဒရုန်းများသည် တရုပ်အစိုးရပိုင် China Aerospace Science and Technology Corporation (CASC) ၏ လက်အောက်ခံ China Aerospace Long-March International မှထုတ်သော CH-3A အမျိုးအစားဖြစ်ပြီး မြန်မာ့တပ်မတော် – လေ အနေဖြင့် အစီးရေ တဒါဇင်ခန့် ပိုင်ထားနိုင်ကြောင်း သတင်းများက ဆိုသည်။
CH-3A သည် CH-3 မောင်းသူမဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ် (UCAV) မျိုးကွဲတခု ဖြစ်၍ အများဆုံး ဝန်အလေး ချိန် ၁၈၀ ကီလိုဂရမ် သယ်ဆောင်နိုင်ပြီး ၆ နာရီကြာ ပျံသန်းနိုင်ကြောင်း သိရသည်။ CH-3A သည် CH-3 နှင့် အလားတူ ၉၆၀ ကီလိုမီတာ ပျံသန်းနိုင်သည်။ လက်နက်ကြီး အနေဖြင့် CH-3A က AR-1 အမျိုးအစား ဝေဟင်မှ မြေပြင်ပစ် လေဆာပဲ့ထိန်း ဒုံးကျည်များနှင့် YC-200 အမျိုးအစား ပဲ့ထိန်းဗုံးများ သယ်ဆောင်နိုင်သည်။ (ထိုစနစ်၂ မျိုးလုံးကို ဒရုန်းများ ဖြင့်တိုက်ခိုက်နေသည့် နိုင်ဂျီးရီးယား တပ်မတော်က အသုံးပြုသည်ဟု သိရသည်။)
Jane’s Defense တွင်ဖော်ပြခဲ့သော မြန်မာ့တပ်မတော် -လေတွင် ရှိနေသည့် CH-3A ဟု ယူဆနိုင်သော ပုံများသည် လေတပ်သားတဦးက မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးခဲ့ခြင်း ဖြစ်ဖွယ်ရာရှိပြီး Facebook account တခုမှတဆင့် အင်တာနက်ပေါ်တွင် ပျံ့သွားခဲ့ ခြင်းဖြစ်သည်။ CH-3A များသည် ရှမ်းပြည်နယ် လားရှိုး သို့မဟုတ် ကချင် ပြည်နယ် အရှေ့တောင်ပိုင်း ဗန်းမော် ကောင်းကင်တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်ဖွယ်ရာရှိသည်ဟုလည်း အဆိုပါ သတင်းတွင် မှန်းဆဖော်ပြထားသည်။
သတင်းအရ ယင်းဒရုန်းများကို ယမန်နှစ် နှစ်ဦးပိုင်းက ဖြစ်ပွားခဲ့သော ကိုးကန့်တိုက်ပွဲများအတွင်းနှင့် ဆက်လက်ဖြစ်ပွားနေသော ရှမ်းမြောက်ပိုင်းနှင့် ကချင်တောင်ပိုင်းရှိ တိုက်ပွဲများတွင် စစ်မြေပြင် ထောက်လှမ်းရေးအတွက် အသုံးပြုကြောင်း သိရသည်။ သို့သော် ဝေဟင်မှ မြေပြင်တိုက်ခိုက်ရေးအတွက် သုံးနိုင်ခြင်း စွမ်းရည် ရှိ မရှိ မသေချာသေးပေ။ အင်တာနက်ပေါ် ပျံ့နေသော ဓာတ်ပုံများအရ ဝေဟင်မှ မြေပြင်သို့ ပစ်လွှတ်တိုက်ခိုက်နိုင်သော ဗုံးများ ဒရုန်းများတွင် ချိတ်ဆွဲထားခြင်း မရှိသေးသလို မြေပြင်တိုက်ပွဲများတွင် တိုက်ခိုက်နေသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကလည်း ပြောဆိုစွပ်စွဲချက်များလည်း မပေါ်ထွက်သေးပါ။
ယင်းသို့ တရုတ်လုပ် ဒရုန်းများကို မြန်မာ့တပ်မတော်-လေမှ အသုံးပြုနေသောသတင်းသည် မြန်မာ့တပ်မတော်-လေအနေဖြင့် စစ်ဆင်ရေးများတွင် တရုတ်၏ နည်းပညာများဖြင့်သာ အဓိက စခန်းသွားနေရသေးကြောင်း နောက်ထပ် သက်သေပြသချက်လည်း ဖြစ်သည်။
တပ်မတော်-လေက လေကြောင်းစစ်ဆင်ရေးတွင် ရုရှားနိုင်ငံလုပ် ဘက်စုံသုံး MiG-29 တိုက်လေယာဉ် ၃၁ စင်း ရှိထားသော်လည်း အနီးကပ်လေကြောင်း ပစ်ကူပေးရာတွင် တရုတ်နိုင်ငံလုပ် Nanchang Q-5 မြေပြင်တိုက်ခိုက်ရေး လေယာဉ်၊ Chengdu J-7 တိုက်လေယာဉ်များ၊ Shenyang J-6 တိုက်လေယာဉ်များကိုသာ အဓိက အသုံးပြုနေရသည်။
မြန်မာ့တပ်မတော်-လေသည် တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့ ပူးတွဲထုတ်လုပ် သည့် JF-17 Thunder တိုက်ယာဉ်ကို နိုင်ငံခြား ပထမဆုံးဝယ်ယူခဲ့သည့် ဖောက်သည်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံလုပ် Y-8 အလတ်စား ပို့ဆောင်ရေး လေယာဉ်ကိုလည်း အသုံးပြုနေသည်။
CH-3A က မြန်မာနိုင်ငံ၏ မောင်းသူမဲ့လေကြောင်းတိုက်ခိုက်ရေး စနစ်တွင် အထိရောက်ဆုံး ဖြစ်နေသည့် အချိန်တွင် မြန်မာ့တပ်မတော်-လေတွင် Sky-02A အမျိုးအစား ထောက်လှမ်းရေး ဒရုန်း ၁၁ ခုနှင့် တရုတ်ပြည်တွင်းသုံး UAV အမျိုး အစားဖြစ် သည့် Yellow Cat A2 ၂၂ စီးရှိနေကြောင်းလည်း စစ်ဘက်ဆိုင်ရာသတင်းများက ဆိုသည်။ မောင်းသူမဲ့ လေကြောင်းတိုက်ခိုက်ရေးယာဉ် ဒရုန်းများ ဝယ်ယူအားဖြည့်မှုများသည် မြန်မာနိုင်ငံ၏ လေကြောင်း စွမ်းဆောင်ရည် ကျဆင်းနေမှုနှင့် သက်ဆိုင်နိုင်ကြောင်းလည်း စောင့်ကြည့်လေ့လာသူများက ဆိုကြသည်။ မြန်မာ့လေတပ်သည် လေကြောင်းချီစစ်ပညာအတွက် စနစ်တကျလေ့ကျင့်ထားသည့် လူသား အရင်းအမြစ် ပြတ်လတ်မှုနှင့် ဟောင်းနွမ်းနေသည့် လက်ရှိ လေယာဉ်များကို ဝန်ဆောင်မှုပေးရေး ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု ကမ္ဘာပေါ်ရှိ စစ်တပ်များကို သုတေသနပြုနေသော Global Security က မှတ်ချက်ပြုခဲ့သည်။