သတင်း

မောင်တောအကြမ်းဖက်မှုနှင့် ဆက်စပ်သူ ၁၁ ဦးကို ထပ်မံဖမ်းဆီးရမိ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မောင်တောခရိုင်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုနှင့် ဆက်စပ်သူ ၁၁ ဦးကို ထပ်မံဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အင်တာနက် စာမျက်နှာနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံး၏ သတင်းဝက်ဆိုက်တွင် ဖော်ပြထားသည်။

အကြမ်းမှုနှင့် ဆက်စပ်သူများကို ဆက်တိုက်ရှာဖွေ ဖမ်းဆီးလျက်ရှိရာ၌ ဇန်နဝါရီလ ၁၇ ရက်က ဘူးသီးတောင်မြို့နယ် ကျေးနုတ်သီး ကျေးရွာ၌ အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် ဂျာမာဟူးဆင်းနှင့် ရာဟတ်တို့ ၂ ဦး တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ထို့အတူ စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၅ ရက်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် မောင်တောမြို့နယ်၊ ငါးခူရ၊ ငါးရဲ့ချောင်း ကျေးရွာများတွင် ပုန်းခိုနေသည့် အီနု၊ ဆွေဒူလာမီ၊ မာမွတ်ကာဆင်း၊ ရူဟတ်၊ မာမတ်အီဒရတ်စသည့် အကြမ်းဖက်မှုနှင့် ဆက်စပ်သည့် လူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

ထိုလူ ၅ ဦး သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေး ဌာနချုပ်စခန်းဖြစ်သည့် ကျီးကန်းပြင်နှင့် ငါးခူရ လုံခြုံရေးစခန်းတို့ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရမှုတွင် ပါဝင်ခဲ့သူများဖြစ်ကြောင်းနှင့် ထိုသို့အကြမ်းဖက်မှု ပြုလုပ်ရန် ငွေကြေးထောက်ပံ့၍ လူစုဆောင်းမှုလည်း လုပ်ဆောင်ခဲ့ကြသည်ဟု ၎င်းတို့ကို စစ်ဆေးစဉ် ထွက်ဆိုကြကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သည့် အဘူဆူဖရင်၊ ဘူရှား၊ မာညက် (ခ) ဆူတန်အာမက်တို့ ၃ ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်က မောင်တောမြို့နယ် ငါးရဲ့ချောင်းကျေးရွာမှ ဖမ်းဆီးမိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ လူမှုရေးဝက်ဆိုက်တွင် ဖော်ပြထားသည်။

အလားတူ ဇန်နဝါရီလ ၁၄ ရက်က ဘူးသီးတောင်မြို့နယ် ဘာဒကာကျေးရွာ၌ အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်သူ ၁ ဦးကို ဖမ်းဆီးရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ လူမှုရေးသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့၌  တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်စဉ် အကြမ်းဖက်မှုနှင့် ဆက်စပ်သူများကို ထိုသို့ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်က မောင်တောဒေသရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်စခန်းနှင့် လုံခြုံရေး စခန်းများ အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပြီး၊ လက်နက် ၅၁ လက်နှင့် ကျည်ဆန် အများအပြား အကြမ်းဖက်သမားများက သိမ်းယူသွားခဲ့ကြောင်း နိုင်ငံပိုင် သတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

အကြမ်းဖက်သမားများ သိမ်းယူသွားသည့် လက်နက်များအား ပြန်လည်ရရှိရေးအတွက် တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စစ်ဆင်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီး၊ ထိုလက်နက်အားလုံး ပြန်လည်ရရှိသည်အထိ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဟု တပ်မတော်က ထုတ်ပြန်ကြေညာထားသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် သူရစန်းလွင်က လက်နက်များအားလုံး ပြန်လည်ရရှိမှသာ နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ ရပ်တန့်မည်ဖြစ်၍ မောင်တောဒေသမှ ဘင်္ဂါလီမွတ်စလင်များ အနေဖြင့် အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန်  ဒီဇင်ဘာလအတွင်းက ပြောဆိုခဲ့သည်။

မောင်တော အကြမ်းဖက်မှုနှင့် ဆက်စပ်၍ တပ်မတော်က ထိုသို့နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုများသည် ဥပဒေနှင့် ညီညွတ်မှုမရှိဟု နိုင်ငံတကာက ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ထိုသို့တပ်မတော်၏ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုများ ဥပဒေနှင့် ကိုက်ညီမှု ရှိမရှိ စုံစမ်းစစ်ဆေးရန်နှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းဖော်ထုတ်နိုင်ရန်အတွက်၊ ဒု- သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ရခိုင်ပြည်နယ် စုံစမ်းရေး ကော်မရှင်တခုကို ဖွဲ့စည်းဆောင်ရွက်နေပြီး၊ ထိုအဖွဲ့၏ စုံစမ်းရရှိမှု အစီရင်ခံစာကို နိုင်ငံတော် သမ္မတထံ မကြာမီ တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading