ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး တာဝန်မှ အနားယူမည် ဟူသော သတင်း ကို SNLD က အတည်ပြုခြင်း မရှိပေ။
SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က “အဲဒီ သတင်းက ထွက်နေတာ ကြာပါပြီ။ ဘာမှ အရေးမကြီး ပါ ဘူး။ ကျနော်တို့နဲ့ ရှိနေတာပါ။ သူက နဂိုတည်းက ရှိနေတာ သူ့နေရာ ဒီအတိုင်းပဲလေ” ဟု ပြောဆိုသည်။
ဇွန်လ ၂၁ ရက် BBC သတင်းဌာန မြန်မာပိုင်းတွင် ဦးခွန်ထွန်းဦး သည် SNLD ဥက္ကဋ္ဌ တာဝန်မှ အနားယူရန် SNLD ပါတီထံ အကြောင်းကြားထားကြောင်း ဖော်ပြသည်။
BBC မြန်မာပိုင်း၏ သတင်း၌ ဦးခွန်ထွန်းဦးသည် အသက် ၇၅ နှစ်ရှိလာပြီ ဖြစ်ပြီး ဘထွေးတော် သီပေါစော်ဘွား စဝ်ကြာ ဆိုင် အတွက် ဆောင်ရွက်စရာများ ရှိနေခြင်း စသည့် အခြေအနေများကြောင့် ပါတီဥက္ကဋ္ဌ တာဝန်မှ အနားယူရန် အကြောင်း ကြားခြင်း ဖြစ်သည်ဟုလည်း ဆိုထားသည်။
SNLD ပါတီမှ တွဲဖက် အတွင်းရေးမှူး (၂) ဦးစိုင်းကျော်ညွန့်က “အဲဒီကိစ္စ BBC က တင်ထားတာ။ တရားဝင် ကျနော်တို့ ဘာမှ မသိထားဘူး”ဟု ပြောသည်။
ဦးခွန်ထွန်းဦး အနေဖြင့် SNLD ပါတီဥက္ကဋ္ဌ တာဝန်မှ အနားယူသွားလျှင် SNLD အနေဖြင့် ပြင်ဆင်ထားချက်များအပေါ် မေးမြန်းရာ၌ သတင်းထွက်ပေါ်လျက်သာ ရှိပြီး တရားဝင် မသိရသေး သဖြင့် မည်သည့် စဉ်းစားချက်မှ မရှိကြောင်း ၎င်းက ပြောသည်။
သို့သော်လည်း ဦးခွန်ထွန်းဦး အနားယူသွားပါက SNLD ပါတီတွင် ဦးစိုင်းညွန့်လွင်၊ ဦးစိုင်းလိတ်၊ ဦးစိုင်းကျော်ညွန့်တို့က ပါတီ၌ ကျန်ခဲ့ကြမည်ဖြစ်သည့် အတွက် တစုံတရာ ထိခိုက်နိုင်ခြေ မရှိကြောင်းလည်း ရှမ်းနိုင်ငံရေး အင်အားစုများက ဆို သည်။
SNLD ပါတီဝင် ဖြစ်သူ ရှမ်းပြည်နယ် မြောက်ပိုင်းနေသူ ဦးစိုင်းထင်ကျော်က “အန်ကယ် ဦးခွန်ထွန်းဦး အနေနဲ့က အသက် ကြီးပြီ တချက်ပေါ့နော်။ နောက်တခုက စဝ်ကြာဆိုင်ရဲ့ အလုပ်တွေကို သူပြီးအောင် ဆက်လုပ်ချင်တယ်ပေါ့။ တချို့ ကိစ္စ တွေက ထိလွယ်ရှလွယ်ဆိုတော့ ပါတီကို ထိခိုက်နိုင်တယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးရာ ကိစ္စကို သူ လွတ်လွတ်လပ်လပ် လုပ်ချင် တယ်ပေါ့။ ပါတီရဲ့မူဝါဒက ၂၀၁၅ ရွေးကောက်ပွဲမှာ အောက်ခြေကနေ အပေါ်တက် ပေါ့နော်။ ဒီလိုပါပဲ အဆင့်ဆင့် ရွေး ချယ်လာမှာပါပဲ” ဟု ပြောသည်။
ရှမ်းတိုင်းရင်းသား အများစုကမူ ဦးခွန်ထွန်းဦးအား SNLD ပါတီ ဥက္ကဋ္ဌ တာဝန်မှ အနားမယူစေချင်ဘဲ လာမည့် ၂၀၂၀ အထွေ ထွေ ရွေးကောက်ပွဲအထိ SNLD ပါတီ၏ ဥက္ကဋ္ဌ အဖြစ် ဆက်လက် ရပ်တည်ပေးသွားရန် ဆန္ဒရှိနေကြ ကြောင်း သိရ သည်။
ရှမ်းလူငယ်များ အသင်း(ရန်ကုန်) ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦးက “ကျနော့် သဘောထားကတော့ တိုင်းရင်းသား ညီအစ်ကိုများ အတွက် ဆက်လက် ရှိပေးစေချင်တယ်။ မြန်မာ့နိုင်ငံရေးအတွက် အစားထိုးမရတဲ့ ခေါင်းဆောင်ထဲမှာ လုံးခွန်သည် တယောက် ဖြစ်ချင်တယ်။ ကျနော်တို့ လူငယ်တွေကတော့ အမြဲတမ်း ရှိပေးစေချင်တယ်။ ကျနော်တို့ ဝိုင်းပြီး ပြောကြမယ် ဆက်နေပေးဖို့” ဟု ပြောသည်။
ဦးခွန်ထွန်းဦးသည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်ပြီး ရှမ်းတိုင်းရင်းသား အများစုက ၂၀ ရာစု နောက်ပိုင်း ရှမ်းခေါင်း ဆောင်အဖြစ် လက်ခံထားကြသည်။
၎င်းသည် ၁၉၈၈ အရေးအခင်းပြီးနောက်ပိုင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ထူထောင်စဉ်မှာ ခေါင်း ဆောင်ခဲ့သူဖြစ်သလို SNLD ပါတီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သူ တဦးလည်း ဖြစ်သည်။
ထို့နောက် ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲ၌ ဝင်ရောက် အရွေးချယ်ခံခဲ့ရာတွင် လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်ခဲ့ သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) မှာ ပါဝင်ခဲ့ပြီး ၂၀၀၅ ခုနှစ် တွင် နိုင်ငံတော် ပုန်ကန်မှု(သစ္စာဖောက်မှု)ဖြင့် ထောင်ဒဏ် အနှစ် ၉၀ ကျော်ကျခံခဲ့ရာမှ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်လာခဲ့သူ ဖြစ်ကြောင်း သိရသည်။
ဦးခွန်ထွန်းဦး ဦးဆောင်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)သည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှာ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ၂၅ နေရာ စုစုပေါင်း လွှတ်တော် အမတ်နေရာ ၄၀ ကို အနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ စာရင်းတွင် ဖော်ပြထားသည်။
ထို့ပြင် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ပြည်သူ့လွှတ်တော် ၂ နေရာ၊ ပြည်နယ် လွှတ်တော် ၄ နေရာကို အနိုင်ရရှိထားကြောင်း SNLD ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် က ပြောသည်။
ရှမ်းစာပေနှင့် ယဉ်ကျေးမှု အသင်း (ရန်ကုန်)မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလျန်းဟန်က “သူ့ ကျန်းမာရေး အရ အနေ နဲ့ ဆိုရင် ပေးနားသင့်တယ်။ အတိုင်ပင်ခံ အနေနဲ့ ဆက်နေလို့ ရတယ်။ မျိုးဆက်သစ်ကနေ ဆက်ခံဖို့် တက်လာကြ မယ် ဆိုတော့ ဗျူဟာတွေ၊ ပိုမို ထိရောက်တဲ့ ဗျူဟာတွေ ရှိလာမယ် လို့ မျှော်လင့်တယ်”ဟု ပြောဆိုသည်။