သတင်း

ကျော်ဇင်ဝင်း သေဆုံးမှု အစီရင်ခံစာ သြဂုတ်လဆန်းတွင် ထုတ်ပြန်မည်

Want create site? Find Free WordPress Themes and plugins.

လုပ်ငန်းခွင် အတွင်း လိင်ဝိသေသ ကွဲပြားမှုကို အဓမ္မဖော်ထုတ်ခံရပြီး နိုင်ထက်စီးနင်း ပြုကျင့်ခံရမှုကြောင့် ကိုယ့်ကိုယ် ကိုယ် အဆုံးစီရင်သွားခဲ့သည် ဟုဆိုသော ကျော်ဇင်ဝင်း ဖြစ်စဉ်နှင့် ပတ်သက်သည့် အစီရင်ခံစာကို မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေး ကော်မရှင် (MNHRC) က သြဂုတ်လဆန်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။

ကော်မရှင်၏ စုံစမ်း စစ်ဆေးမှုများကို ဇွန် ၂၈ ရက်က စတင်ခဲ့ခြင်း ဖြစ်ပြီး စုံစမ်းစစ်ဆေးမှုသည် ရက်သတ္တ တပတ်ခန့် သာ ကြာမြင့်မည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေး၍ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ MNHRC အဖွဲ့ဝင် ဦးယုလွင်အောင်က အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

“သြဂုတ်လဆန်းလောက်တော့ ဖြစ်မှာပါ။ အခုလည်း တွေ့ရှိချက်တွေ၊ သုုံးသပ်ချက်တွေ ရေးနေတာ။ အဲဒီမှာ လိုအပ် ချက်တွေကို တခါ လိုက်ပြီး ရှာစု။ အခု ဆရာဝန်ရဲ့ရင်ခွဲစစ်ဆေးချက် အဖြေပေါ့။ သူ ဘာဆေးတွေ သောက်လဲ။ အဲဒါ တွေကို အချက်အလက်တွေ တောင်းတုန်း ရှိသေးတယ်။ မစုံသေးဘူးပေါ့”ဟု ၎င်းက ဆိုသည်။

ဆက်လက်၍ ဦးယုလွင်အောင်က ယနေ့အချိန် ကျော်ဇင်ဝင်းနှင့် ဆက်စပ် ပတ်သက်သည့် MIU ကျောင်း ပိုင်ရှင် လင်မယား အပါအဝင် ကျော်ဇင်ဝင်းအား ခေါ်ဆူသည်ဆိုသော မန်နေဂျာ အမျိုးသမီး၊ လုုပ်ဖော်ကိုုင်ဖက်များ၊ ဆွေမျိုး သားချင်းများနှင့် ဆေးကုပေးသည့် ရပ်ကွက်ထဲမှ ဆရာဝန် အပါအဝင် စုစုပေါင်း ၁၉ ဦး တို့ကို စစ်ဆေးပြီးသွားပြီ ဖြစ်ကြောင်းလည်း ရှင်းပြသည်။

ဦးယုလွင်အောင်က“ဆေးရုံရဲ့ စစ်ဆေးချက် အဖြေကို အခုမှ ဆေးရုံအုပ်ကြီးကို ဖုန်းဆက်ပြီး သွားတောင်းနေရသေး တယ်။ မရသေးဘူး။ အချက်အလက်က ဟိုကစု ဒီကစု လိုရင် တယောက်ကို ခေါ်စစ် အဲဒီလိုတွေ ဖြစ်နေတာ။ မပြီး သေးတာပေါ့။ ဆေးရုံအုုပ်ကြီးက စာကို မရနုုိင်ဘူး ဆိုလို့ အတင်းလုုိက်ပြီး လူကြီးတွေ လုုိက်ပြောနေရတာပေါ့။ ကျနော် တို့ အရေးကြီးနေလိုု့ပါ။ အစီရင်ခံစာလည်း ထုတ်ဖို့ ရှိနေလို့ပါ”ဟု ပြောပြသည်။

အဆုံးစီရင် သွားခဲ့သည့် အသက် ၂၆ နှစ် အရွယ် ကျော်ဇင်ဝင်းသည် Myanmar Imperial University (MIU) တွင် စာကြည့်တုုိက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ဇွန် ၂၄ ရက် နေ့လယ် ၁ နာရီတွင် ဆုံးပါးသွားခဲ့ရာ ဇူလိုင် ၂၄ ရက်တွင် တလပြည့်ပြီ ဖြစ်သည်။

အဆိုပါ ဖြစ်ရပ်တွင် သက်ဆိုင်သူများအား တရားဥပဒေ အတိုင်း စုုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် MIU အုပ်ချုပ်ရေး အဖွဲ့ကလည်း ဇွန် ၂၆ ရက်တွင် သာကေတမြို့နယ် ရဲစခန်းသို့ အကြောင်းကြားခဲ့ကြောင်း၊ အမှန်တရား ပေါ်ပေါက်စေရန်နှင့် ဥပဒေဘောင် အတွင်းမှ တရားစီရင်မှု ပြုလုပ်နိုင်ရန် ရဲတပ်ဖွဲ့က ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကာ MIU အနေဖြင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည်ဟု သတင်း ထုတ်ပြန်ခဲ့သည်။

သိုု့သော် တလပြည့်သည် အချိန်ထိ MIU မှ တာဝန်ရှိသူများ အနေဖြင့် ကျောင်း၏ ဝန်ထမ်းတဦးဖြစ်သော ကျော်ဇင် ဝင်း အဆုံးစီရင်မှု အတွက် နောက်ဆက်တွဲ စုံစမ်း လုပ်ဆောင်ချက်များကို အများသိစေရန် ထုတ်ပြန်ပေးခြင်း မရှိသော ကြောင့်ဟု ဆိုကာ LGBT ပေါင်း ၁၀၀ ကျော်က လက်မှတ်ရေးထိုးကာ ဇူလုုိင် ၂၂ ရက်တွင် MIU ကျောင်းသို့ အိတ်ဖွင့် ပေးစာ ပေးပိုု့ခဲ့သည်။

LGBT အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှား ဆောင်ရွက်နေသည့် Equality Myanmar, Colors Rainbow, Myanmar Youth Stars တို့ကဲ့သို့သော အဖွဲ့အစည်းများ အပါအဝင် တသီးပုုဂ္ဂလ LGBT များ ပါဝင်ကြောင်း Equality Myanmar ၏ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဧရာဝတီကို ပြောသည်။

“ကျနော်တို့ စိုးရိမ်တာက ဖေ့စ်ဘုတ်အသက် တမနက် ဆိုပြီးတော့ ဖေ့စ်ဘုတ်မှာ စိတ်ဝင်စားတဲ့ အချိန်မှာ ဝုန်းဝုန်း ဖြစ်ကြ နောက်ပိုင်းကျလို့ ရှိရင် လူတွေအာရုံမှာ ပယ်ပျောက်ပြီးတော့ တာဝန်ရှိတဲ့သူတွေက တကယ့်ကို တာဝန်ရှိတဲ့ အတိုင်း မလုုပ်ဘဲနဲ့ မေ့ပျောက်သွားမှာ စိုးတဲ့အတွက် ပြန်ပြီး သတိပေးတဲ့ သဘောပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် MIU အနေအဖြင့် ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးခြင်း လုုပ် ငန်း များနှင့် အရေးယူ ဆောင်ရွက်မှုများကိုု အများသိစေရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရေး တိုက်တွန်း သကဲ့သို့ ၎င်းတို့ အနေဖြင့်လည်း အမှုမှန်ပေါ်ပေါက်ပြီး မှန်ကန်သည့် တရားဥပဒေကို ဆောင်ကျဉ်းနိုင်သည် အထိ ဆက်လက် ကြိုးပမ်း လုုပ်ဆောင်သွားမည်ဟု အသိပေး ဖော်ပြထားသည်။

ဦးအောင်မျိုးမင်းက“ဒါတွေကိုု အရေးယူဆောင်ရွက်ပါမယ်လို့ ကျောင်းက ပြောထားပေမယ့် အများသိအောင် သူတို့ ဘာမှ မပြောတော့ဘူး။ လူတွေ မေ့သွားရင်ကောင်းလေဆုုိတဲ့ သဘောမျိုးနဲ့များ အချိန်ကိုဆွဲပြီး တမင်သက်သက် လုပ်ဆောင်နေတဲ့ သဘောမျိုး ဖြစ်မှာ စိုးလို့ပါ။ အမှန်ဆို ဒါတွေက အမှုမှန်မပေါ်ပေါက်ချင်း တာဝန်ရှိတဲ့သူတွေကို အရေး မယူမချင်း တာဝန်ရှိတဲ့ ကျောင်းကနေ အမြဲတမ်း စဉ်ဆက်မပြတ် ထုတ်ပြန်နေရမှာလေ”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက“အခုဆိုရင် ဘာမှမပြောတော့ဘူး။ အဲဒီတော့ လူတွေရဲ့အာရုံကို တမင်သက်သက် မေ့အောင် လုပ်ပြီးတော့ တာဝန်ယူမှုတွေကို တကယ် တိတိကျကျ မလုုပ်ဆောင်တာတွေ နောက်ပိုင်းမှာ မေ့မေ့လျော့လျော့ မဖြစ်သွားဖို့ အတွက် အမှန်တရားအတွက် တောင်းဆိုခြင်းပါ”ဟု ပြောဆိုသည်။

အိတ်ဖွင့်ပေးစာနှင့် ပတ်သက်၍ MIU ကျောင်းဘက်သို့ ဧရာဝတီက မေးမြန်းရန် ဖုန်းဆက်သော်လည်း အဆက်သွယ် မရခဲ့ပါ။

သို့သော် ကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ အစီရင်ခံစာ (Report) ကို စောင့်ပေးရန်နှင့် ယင်း အစီရင်ခံစာ ထွက် လာလျှင် အပြစ်ရှိပါကလည်း အပြစ်ရှိသည့် အတိုင်း အဖြေမှန် ဖြစ်လာမည်ဟုု MIU ကျောင်း တည်ထောင်သူ မပို့ပို့ကြည် က ၂၀၁၉ ဇွန် ၂၉ ရက်တွင် ဧရာဝတီသို့ ပြောဆိုထားသည်။

ဆက်စပ် ဖတ်ရှုရန် – 

MIU တည်ထောင်သူ ဒေါ်ပို့ပို့ကြည်နှင့် တွေ့ဆုံခြင်း

မောင်ကျော်ဇင်ဝင်း သေဆုံးမှု လူ့အခွင့်အရေး ကော်မရှင် စုံစမ်း စစ်ဆေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading