သတင်း

ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရန် KNU အစည်းအဝေး ကျင်းပနေ

Want create site? Find Free WordPress Themes and plugins.

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် မြန်မာ့ ငြိမ်းချမ်းရေး ရှေ့ဆက်နိုင်ရန် အတွက် ဗဟိုအမြဲတမ်း ကော်မတီ အစည်းအဝေးကို ကရင်ပြည်နယ် ဘားအံ၌ နှစ်ပတ်ကြာ ကျင်းပနေကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို ဇူလိုင်လ၂၂ ရက်မှ စတင်၍ ဘားအံခရိုင်ရှိ KNU ဌာနချုပ် လေးဝါးစခန်း၌ ကျင်းပနေခြင်း ဖြစ် ကြောင်း KNU က ထုတ်ပြန်ထားသည်။

ယင်းအစည်းအဝေးသည် ၁၆ ကြိမ်မြောက် ကွန်ဂရက်အပြီး တတိယ အကြိမ်မြောက် ဗဟိုအမြဲတမ်း ကော်မတီ၏ ပုံမှန် နှစ်ပတ်လည် အစည်းအဝေး ဖြစ်ကာ ၂ ပတ်ကြာမြင့်မည်ဟု မျှော်မှန်းထားကြောင်းနှင့် အစည်းအဝေး အတွင်း လိုအပ်ပါ က အချိန်ပိုယူ ဆွေးနွေးမည် ဖြစ်ကြောင်း KNU က ဇူလိုင်လ ၂၂ ရက်၌ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

KNU က“အစည်းအဝေး အတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အပစ်အခတ် ရပ်စဲရေး ခိုင်မာမှုများနှင့် ပတ်သက်ပြီး ဆွေးနွေး သွားမည့် အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းကြောင်း တိမ်းစောင်းမှုများကို ဘယ်လို ပြန်တည့်မတ်မလဲ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) များကြား ပူးပေါင်း ဆောင်ရွက်မှု စတဲ့ ကိစ္စရပ်များကို ဆွေးနွေးသွားမှာ ဖြစ်တယ်”ဟု ထုတ်ပြန် ထားသည်။

KNU မှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို အစည်းအဝေးနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရေး ဆက်သွယ်သော်လည်း ဖုန်းဖြေဆိုမှု မရှိကြသည့် အတွက် တစုံတရာ မသိရပေ။

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စာချုပ် (NCA) ထိုးထားသော ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO) ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက KNU ၏ ၂ ပတ်ကြာ အစည်းအဝေးကနေ ရလဒ်ကောင်းများ ထွက်ပေါ်မည်ဟု မျှော်လင့် ကြောင်းနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ KNU ပြန်လည် ပါဝင်လာနိုင်သော အခြေအနေကို ဆောင်ရွက်နိုင်မည် ဟု မျှော်လင့်ထားကြောင်း ဧရာဝတီသို့ ပြောသည်။

“KNU က ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ KNU အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ ့ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပြန်ပြီးတော့ ပါဝင်နိုင်လိမ့်မယ်လို့ ကျနော်တို့ အနေနဲ့ မျှော်လင့်ချက် ရှိပါတယ်။ အခု KNU က နုတ်ထွက်ဖို့ တင်ပြထားတာ ပြီးခဲ့တဲ့ ကျနော်တို့ ထိပ်သီး အစည်းအဝေးမှာ။ သို့သော်လည်း ကျနော်တို့ PNLO အပါအဝင် ကျန်တဲ့ အဖွဲ့ဝင် အသီးသီးက KNU အနေနဲ့ ပြန်လည် သုံးသပ် စဉ်းစားပေးဖို့ အဆိုပြုထားတာပေါ့”ဟုလည်း ၎င်းက ပြောဆို သည်။

KNU သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရားဝင် အစည်းအဝေးများကို ပါဝင် တက်ရောက်နေခြင်းကနေ ယာယီ ရပ်ဆိုင်း ကြောင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက် ထုတ်ဖော်လာပြီးနောက် ၁ နှစ်လျှင် ၂ ကြိမ် ကျင်းပရန် သဘောတူညီထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံ အစည်းအဝေးများ မကျင်းပနိုင်တော့ သလို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အစည်းအဝေးများ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးများနှင့် NCA အကောင်အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) တို့ပါ မကျင်းပနိုင် တော့ဘဲ ဖြစ်သွားခဲ့သည်။

ထို့နောက် KNU သည် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ အနက် ၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့ (PPST) က နုတ်ထွက်ကြောင်း မေလ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သော NCA ထိုးအဖွဲ့များ ထိပ်သီး အစည်းအဝေး၌ တင်ပြခဲ့သလို PPST ကို ဖျက်သိမ်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ညှိနှိုင်း အတိုင်ပင်ခံ အစည်း အဝေး (PPCM) ကို ဖွဲ့စည်းရန်လည်း တင်ပြခဲ့သည်။

အဆိုပါ တင်ပြမှုနှင့် ပတ်သက်ပြီး KNU အတွင်းမှာ သဘောထား ကွဲလွဲနေကြသလို NCA လက်မှတ်ထိုးထားသော လက် နက်ကိုင် အဖွဲ့ အများစုကလည်း PPST ဖျက်သိမ်းရေးကို လက်မခံနိုင်ကြောင်းနှင့် PPCM ဖွဲ့စည်းရန် ကိုလည်း ဖွဲ့သင့်/ မသင့် ဆွေးနွေးရမည် ဖြစ်ကြောင်း ပြောဆိုလာခဲ့ကြသည်။

ထို့ကြောင့် ဇူလိုင်လ ၂၂ ရက်ကနေ စတင်၍ ၂ ပတ်ကြာ ကျင်းပနေသော KNU ၏ ဗဟို အမြဲတမ်း ကော်မတီ အစည်း အဝေး တွင် PPST ကိစ္စများ ဆွေးနွေးကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများက ဆိုကြသည်။

အလားတူ ဇူလိုင်လ ၉ ရက်က KNU ၏ အတွင်းရေးမှူး (၁) ဖြစ်သော စောစတိဗ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC)မှ ကိုယ်စားလှယ်များ အလွတ်သဘော တွေ့ဆုံ ဆွေးနွေး၍ ကြားကာလ အကောင်အထည် ဖော်ရေး ကိစ္စရပ်များ အပါအဝင် အစိုးရဘက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ ့ဆက်ရန် လမ်းကြောင်း ၄ ခု ပေးလိုက်သော အခြေအနေများ အပေါ်လည်း သုံးသပ် ဆွေးနွေးရန် ရှိကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသူများက ပြောဆို နေကြသည်။

You may also like these stories:

အစိုးရနှင့် KNU တွေ့ဆုံပွဲ ဘာတွေဆွေးနွေးခဲ့သလဲ

UPDJC အစည်းအဝေးကို KNU မတက်

၂၁ ရာစု ပင်လုံညီလာခံ ယခု နှစ်ကုန်ပိုင်းတွင် ကျင်းပရန် ရည်မှန်းထားဟု ဆို

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့က KNU ဘာကြောင့် နုတ်ထွက်ချင်သလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading