ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးကို ၂၀၁၉ နှစ်ကုန်ပိုင်းတွင် တကြိမ် ထပ်မံ ကျင်းပ နိုင်ရန် ရည်မှန်းထားကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်နေသူများက ပြောသည်။
နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) တွင် ဇူလိုင်လ ၁၁ ရက်က အစိုးရ နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ တွေ့ဆုံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ များကို ဆွေးနွေးခဲ့ပြီးနောက် RCSS/SSA မှ အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းက သတင်းထောက်များကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး စိုင်းငင်း က“၂၁ ပင်လုံကတော့ အစိုးရဘက်ကတော့ ဒီနှစ်အတွင်းမှာ ဒီဇင်ဘာလား၊ ဒါမှမဟုတ် လာမယ့် နှစ် နှစ်ဆန်းပိုင်း လောက်မှာတော့ ကျင်းပလိုတဲ့ အနေအထား ရှိပါတယ်”ဟု ပြောသည်။
အစိုးရအနေဖြင့် ၆ လ တကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပရန် မျှော်မှန်းထားသော်လည်း ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ခွဲမထွက်ရေး၊ တခုတည်းသော တပ်မတော် စသည့် အရေးကိစ္စများကြောင့် ကျင်းပနိုင်ခြင်း မရှိဘဲ ကြန့်ကြာ နေရခြင်း ဖြစ်သည်။
အစိုးရနှင့် RCSS တို့ တွေ့ဆုံ ဆွေးနွေးခဲ့ရာတွင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ တရားဝင် ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရေး၊ စတုတ္ထ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာ စု ပင်လုံ အစည်း အဝေး ကျင်းပနိုင်ရေး ကိစ္စများ အပေါ်တွင် ဆွေးနွေးခဲ့သည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော် ဌေးက ပြောသည်။
၎င်းက“ညီလာခံမှာ ဘယ်လို ဖက်ဒရယ် Principle တွေ ရအောင်လုပ်မလဲ ဆိုတဲ့ဟာ အခုနောက်ဆုံး ၂၀၂၀ မတိုင်ခင် ဖြစ်စေ၂၀၂၀ ဖြစ်စေ လုပ်မယ်လို့ ရည်မှန်းတာပေါ့။ အဲဒါလည်း ပြန်ပြီး အတည်ပြုရဦးမှာ ဖြစ်တယ်”ဟု ဆိုသည်။
ထို့ပြင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စာချုပ် (NCA) အကောင်အထည် ဖော်မှုနှင့် ပတ်သက်၍ နားလည်မှု ပြေလည်မှုများ ရရှိရန်၊ ညီလာခံ ကျင်းပချိန်တွင် ဒီမိုကရေစီ ဖက်ဒရယ် အခြေခံမူများ ရရှိရန်၊ ၂၀၂၀ မတိုင်ခင် နှင့်၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်သည့် အဆင့်လိုက် သွားမည့်အရာများ၊ မည်သို့ သွားမည်ဆိုသည်များ သဘောတူထားချက်၊ NCA ရေးထိုးပြီးချိန်တွင် ပြုလုပ်ရ မည့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ် များ ဆောင်ရွက်ရန် စသည့် ၄ ချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံ အဆိုပြု ထားကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။
ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဘက်ကလည်း မကြာမီကာလ အတွင်း မိမိတို့၏ သဘောထား စုစည်း ချက်များကို အစိုးရနှင့် ညှိနှိုင်းရန် ရှိသည်ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ပြောသည်။
၎င်းက“ဒါကနိုင်ငံရေးနဲ့ ဆိုင်သွားပြီ။ ဖက်ဒရယ် တည်ဆောက်ရေး ဆိုင်ရာ အခြေခံမူ ဆွေးနွေးတဲ့ အပိုင်းကျမှ ပြန်ပြီး ပြောရကြမှာပေါ့။ ဒီမှာတော့ ကျနော်တို့ အကျယ်တဝင့် မပြောခဲ့ပါဘူး”ဟု ဆိုသည်။
၂၁ရာစု ပင်လုံအစည်းအဝေးတွင် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများ အနက် NCA စာချုပ် လက်မှတ်ရေး ထိုးထားသော ၁၀ ဖွဲ့ကသာ တက်ရောက် ဆွေးနွေး ဆုံးဖြတ်ခွင့် ရှိမည် ဖြစ်သည်။
ယင်းအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦး (CNF)၊ RCSS/SSA၊ ဒီမိုက ရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မ တော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ မွန် ပြည်သစ် ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့များ ဖြစ်သည့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင် စစ်တပ် (AA) တို့မှာ ညီလာခံတွင် လေ့လာသူများ အဖြစ် တက်ရောက်ခွင့် ရှိမည် ဖြစ်သည်။
ယင်းမြောက်ပိုင်း ၄ ဖွဲ့မှာလည်း အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲရေး (Bilateral) စာချုပ် လက်မှတ်ထိုးနိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသော်လည်း နေရာညှိနှိုင်းမှု အဆင်မပြေသည့် အတွက် ယနေ့ အချိန်အထိ မတွေ့နိုင်သေးကြောင်း သိရသည်။
You may also like these stories:
တိုင်းရင်းသား အဖွဲ့တချို့ တောင်းဆိုချက်များ ဖက်ဒရယ်စနစ်ကို ကျော်လွန်ဟု တပ်ချုပ် ပြော
KNU နှင့် အစိုးရ ဆွေးနွေးပွဲ တိုးတက်မှုရှိဟုဆို
ကြားလူပျောက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်
ခွဲထွက်ရေးလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ်လား၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလား