တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးရရှိရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားမည်ဟု ယခုလလယ်ပိုင်းမှစ၍ စစ်ဆင်ရေး တရပ်ပြုလုပ်ခဲ့သော မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ယနေ့ ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ကြေညာချက်ကို ပလောင်(တအန်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် ရက္ခိုင်စစ်တပ်(AA) တို့ ပူးပေါင်းထားသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။
မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ က “မြန်မာစစ်တပ်နှင့် မိမိတို့အကြား ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှုရလဒ်သည် တရုတ်-မြန်မာ နယ်စပ် တည်ငြိမ် အေးချမ်းရေးနှင့် တိုက်ရိုက်ပတ်သက်နေပြီး တရုတ်-မြန်မာ နယ်စပ် တည်ငြိမ် ရေးရရှိအောင် မိမိတို့ဖက်မှ အစွမ်းကုန် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပါသည်။ အခြား တဖက်တွင် မြန်မာ စစ်တပ်သည် တရုတ်ပြည် သူ့ သမ္မတ နိုင်ငံ၏ ကြားဝင် စေ့စပ်မှုကို အလေးမထားခြင်းကြောင့် တွေ့ဆုံ ဆွေးနွေး မှုများမှာ မျှော်မှန်းထား သည့် အတိုင်း ဖြစ်မလာဘဲ အကြပ်အတည်းများစွာနှင့် ရင်ဆိုင်နေရပါသည်” ဟု ဆို သည်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်နှင့် တိုးဂိတ် အပါအဝင် နောင်ချိုမြို့အထွက် တိုးဂိတ်၊ မူးယစ်ဂိတ်၊ မြို့ရှောင်ဂိတ် စသည့် နေရာ ၆ နေရာကို တပြိုင် တည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်နှင့် ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ် မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း ၂ ခု ပေါ်ရှိ လမ်းတံတားများကို မိုင်းကွဲ ဖျက်စီးခြင်းနှင့် တွဲကားများကို မီးရှို့ဖျက်စီးပြီး လမ်းများပေါ်တွင် ပိတ်ဆို့မှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
အထက်ပါ တိုက်ခိုက်မှုအပေါ် တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Geng Shuang က သြဂုတ်လ ၁၉ ရက်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။
ထို့နောက် TNLA၊ MNDAA၊ AA တို့ ပါဝင်သော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPN CC) အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များကို (SSPP မပါ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်က သြဂုတ်လ ၂၀ ရက်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ခေါ်ယူ တွေ့ဆုံပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများ ရပ်တန့်ရေး ဖိအားပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အမှတ် (၃) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက တရုတ်-မြန်မာ ဒုတိယ ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် သိန္နီ-ကွမ်လုံ-ချင်းရွှေဟော်-လောက်ကုန်လမ်းပေါ်က နားတီးတံတားကို မြောက်ပိုင်းမဟာ မိတ်အဖွဲ့က ဖျက်စီးလိုက်ခြင်းကြောင့် ကုန်သွယ် ရေး ရပ်ဆိုင်းသွားကြောင်း ဆိုသည်။
စိုင်းဝမ်းလှိုင်းခမ်း က “သိန်းနီ-ကွမ်လုံ- ချင်းရွှေဟော်- လောက်ကိုင်သွား လမ်းပေါ့ သိန်းနီနဲ့ကွမ်လုံအစပ် နားတီး ကျေးရွာ အထွက်ပေါ့။ နားတီး တံတားကို ဖျက်ဆီးလိုက်တယ်။ မဖျက်လို့ နောက်တခါ ထက်ဖျက်ဆီးတာလို့ ကြားတယ်။ သူကတော့ တရုတ်-မြန်မာ ချင်းရွှေဟော် နယ်စပ်ဂိတ်ပေါက် ကုန်သွယ် စီးဆင်းနိုင်တဲ့ လမ်းပိုင်းပေါ့။ အရေးပါပါတယ်၊ ဒါပေမယ့် ကားကြီးတွေတော့ သွားခွင့်မရှိဘူး။ အခုက ကားအသေးလေးတွေနဲ့ ကယ့်ပြီးတော့ ကုန်သွယ် စီးဆင်းနေတဲ့ လမ်းကြောင်းပေါ့နော်” ဟု ပြောသည်။
သြဂုတ် ၂၈ ရက်နေ့က လားရှိုးမြို့နယ်၊ နမ့်ပေါင်တိုက်နယ်အတွင်းရှိ တပ်မတော် ၂၉၁ တပ်ရင်းကို မြောက်ပိုင်း မဟာမိတ် သုံးဖွဲ့ တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ဒေသခံ ၆၀၀ ကျော်ခန့် အနီးဝန်းကျင်ရှိ ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့် မြို့လယ်ဘုးန်ကြီးကျောင်းတို့တွင် တိမ်းရှောင်နေကြရကြောင်း သိရသည်။

နားတီးတံတားကို ဖျက်စီးခံလိုက်ရခြင်းကြောင့်လည်း တရုတ်-မြန်မာ ဒုတိယ ကုန်သွယ်ရေး လမ်းကြောင်း ရပ်တန့်ထားရကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း အခြေစိုက် DVB သတင်းထောက် ကိုခွန်ဇော်ဦးက ပြောသည်။
ခွန်ဇော်ဦး က “သူကတော့ ပွင့်လိုက် မပွင့်လိုက်ဘဲ တပ်မတော်အနေနဲ့ အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အနေအထား မရှိသေးဘူး၊ တိုက်ပွဲ နားတဲ့ အချိန်ကျရင် ကားသမားတွေ သွားလိုက်။ ပြန်ဖြစ်ရင် ကားသမားတွေ ပြန်စောင့်နေလိုက်ပေါ့။ ချင်းရွှေဟော်- သိန်းနီဘက်ကတော့ ဖြတ်တောက်သွားတာပေါ့ နားတီးတံတား ချိုးလိုက်တော့ သွားလို့မရတော့ ဘူး၊ ကွမ်လုံ-လောက်ကိုင်- သိန်းနီ- ချင်းရွှေဟော် သွားလို့မရတော့ဘူး ။အဲဘက်ကလည်း ဆင်းလာလို့မရဘူး ဒီဘက်ကလည်း တက်သွားလို့မရဘူး”ဟု ပြောသည်။
လက်ရှိမှာတော့ မူဆယ်-ကွတ်ခိုင်သွားလမ်း ကွတ်ခိုင်မြို့အထွက် ရူခင်းသာတောင်ပေါ်လမ်းတွင် မြောက်ပိုင်းမဟာ မိတ် သုံးဖွဲ့နှင့် တပ်မတော်တို့ သြဂုတ်လ ၂၈ ရက်မှ ၂၉ ရက်ထိ တိုက်ပွဲများ ကြိုကြား၊ ကြိုကြား ဖြစ်ပွားနေ ကြောင်း မူဆယ်မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော်အမတ် စိုင်းကျော်သိန်းက ဧရာဝတီသို့ ပြောသည်။
စိုင်းကျော်သိန်း က “မူဆယ်ထဲမှာတော့ ပြဿနာမရှိပါဘူး၊ အခု ကျနော် တို့ ကြားနေတာက ကွတ်ခိုင်မြို့နယ်ထဲမှာဘဲ ကြားတာ။ ဒီနေ့လည်း ကြားတာပဲ၊ ဒီဘက်ကို ပြန်လာတဲ့ လူတွေဆီ ကလည်း ကြားတယ်၊ ကွတ်ခိုင်မှာ ပိတ်ထားရတယ်၊ ကွတ်ခိုင်အထွက် ရူခင်းသာတောင်အပေါ်မှာ တိုက်ပွဲတွေ ရှိတယ်၊ ကွတ်ခိုင်မြို့နယ်ကနေ ထွက်လာတော့ ရူခင်းပေါ့။ ရူခင်းသာနဲ့ မန်လွယ်ကြားထဲမှာပေါ့” ဟု ပြောသည်။
ယနေ့ မနက်ပိုင်းက ကွတ်ခိုင် အထွက် ရူခင်းသာဘက်တွင် တွဲကားကြီး တစီးကို မီးရှို့ဖျက်စီးထားပြီး တချို့သော ကားများလည်း ကွတ်ခိုင်- လားရှိုးသွား လမ်းပေါ်မှာ မီးရှို့ဖျက်စီးခံထားရကြောင်း ဒေသခံများက ဆိုသည်။
မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ကတော့ မိမိတို့ သုံးဖွဲ့သည် နိုင်ငံရေး ပဋိပက္ခများကို နိုင်ငံရေး နည်လးမ်းဖြင့် ဖြေရှင်း လိုသည့် စိတ်ဆန္ဒအပြည့်အဝ ရှိသောကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့် FPNCC ၏ နိုင်ငံရေး ဦးဆောင်မှုတို့ကို အလေးအနက် ခံယူပြီး နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းအရ ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေးအဖြေရှာရန် လိုလားပါကြောင်း ယနေ့ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ၃ ဖွဲ့အပါအဝင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ ကိုယ်စားလှယ်တို့ သြဂုတ်လ ၃၁ ရက် နေ့မှာ ပဏာမ အပစ်အခတ် ရပ်စဲရေး စာချုပ် (Bilateral) ချုပ်ဆိုနိုင်ရေး ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တွေ့ဆုံ ဆွေးနွေးကြရန် သဘောတူထားသည်။
မြောက်ပိုင်းမဟာမိတ် အနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းပေါ် တိုက်ခိုက်မှုများကိုတော့ လျှော့ချသွားနိုင်ဖွယ်ရှိသော်လည်း နှစ်ဘက်အကြား စားပွဲဝိုင်းဆွေးနွေးပွဲကတော့ ထူးခြားသည့် ရလဒ်ထွက် လာမည်ဟု မမျှော်လင့်မိကြောင်း နိုင်ငံရေးသုတေသီ ဦးမောင်မောင်စိုး က ဧရာဝတီသို့ ပြောသည်။
ဦးမောင်မောင်စိုး က “ဘာဖြစ်လို့လဲဆိုတော့ အစိုးရ-တပ်မတော်ဘက်က တင်ပြတဲ့ အဆိုပြုချက်နဲ့ မြောက်ပိုင်းသုံးဖွဲ့က တင်ပြတဲ့ အဆိုပြုချက်က အရမ်းအလှမ်းကွာဝေးတယ်။ အရမ်းအလှမ်း ကွာဝေးတဲ့ အခါကျတော့ သဘောတူညီချက် ရဖို့ဟာက ခက်ခဲတယ်။ အဲတော့ ဒီဆွေးနွေးပွဲကနေ ရလဒ် တခု ချက်ချင်းထွက်လာဖို့ကတော့ ခက်ပါတယ်။ အကောင်းဘက်က ကြည့်မယ်ဆိုရင် တော့ အဲလိုပဲ နားလည်မှု တည်ဆောက်နိုင်မယ်လို့ ကြည့်လို့ရမယ်။ အဖြေတခုခု ထွက်အောင်လို့ဆိုရင်တော့ အဖြေတခုခု ထွက်ဖို့ ခက်ခဲမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။