အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ပွားနေချိန်အတွင်း တရုတ်တပ်မတော်သည် ဟောင်ကောင်ရှိ တပ်များကို အလှည့်ကျနေရာချထားခြင်းယနေ့ ပြုလုပ်ကြောင်း South China Morning Post က ဆိုသည်။
တရုတ်နိုင်ငံပိုင် မီဒီယာ၏ ကြေညာချက်အရ ဟောင်ကောင်၏ ကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရာတွင် ကူညီရန် ပြင်ဆင်နေကြောင်း သိရသည်။
ပြည်သူ့လွတ်မြောက်ရေး တပ်မတော်(PLA)တပ်များ အလှည့်ကျနေရာချထားခြင်းကို ကြာသာပတေး နေ့ နံနက် ၄နာရီက ပြုလုပ်ကြောင်း ၊ ၁၉၉၇ ခုနှစ် PLA က ဟောင်ကောင်မြို့စောင့်တပ်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစတင်ပြီး ယခုအချိန်အထိ တပ်များပြောင်းရွှေ့နေရာချထားခြင်းသည် ၂၂ ကြိမ်မြောက်ဖြစ်ကြောင်း ဆင်ဟွာ သတင်းဖေါ်ပြသည်။
သို့သော် PLA အနေဖြင့် ဟောင်ကောင်မြို့စောင့်တပ်ကို နှစ်စဉ်အလှည့်ကျ နေရာချထားခြင်းကို နိုင်ငံပိုင်မီဒီယာက နောက်ဆုံး ဖော်ပြသည်မှာ ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းမှု ပြီးချိန်ကသာ ဖြစ်သည်။
တရုတ်ဆင်ဟွာသတင်းက ဖော်ပြသည့် ဓာတ်ပုံတွင် စစ်ယာဉ်တန်းမှ တပ်ဖွဲ့များ ဟောင်ကောင်သို့ ဟွမ်ကွမ်း နယ်စပ် စစ်ဆေးရေး စခန်းမှ တဆင့်ဝင်ရောက်လာသည်ကို ပြသထားပြီး PLA ရေတပ်မှ မရိန်းတပ်များ သည် စတုန်းကက်တာ ကျွန်းရေတပ်အခြေစိုက်စခန်းသို့ နေမထွက်မီတွင် ရောက်ရှိ လာသည်။
ထိုသို့တပ်များပြောင်းရွှေ့နေရာချထားခြင်းကို တရုတ်သမ္မတ ရှီကျင့်ဖျင် ဥက္ကဌအဖြစ်ဆောင်ရွက်သည့် ဗဟိုစစ်ကော်မရှင် (CMC)က အတည်ပြုပေးခဲ့ကြောင်း ဆင်ဟွာ သတင်းကဖေါ်ပြသည်။
“ထိုသို့လုပ်ဆောင်ခြင်းသည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသကို စောင့်ကြပ်ခြင်းနှင့် ပတ် သက်သော တရုတ်ပြည် သူ့ သမ္မတနိုင်ငံ၏ ဥပဒေနှင့်အညီ တပ်များ ပုံမှန်အလှည့်ကျ နေရာချထား ခြင်းဖြစ်ကြောင်း၊ ဟောင်ကောင်မြို့စောင့်တပ်ကို အလှည့်ကျတာဝန်ထမ်းဆောင်စေသော စနစ်ကို ကျင့်သုံးရမည်ဟု ထိုဥပဒေတွင် ပြဋ္ဌာန်းထား သည်။
ထိုတပ်များသည် ဟောင်ကောင်နှင့်ပတ်သက်သည့် စစ်ရေးနှင့် ဥပဒေဆိုင်ရာလေ့ကျင့်မှုများ ပြုလုပ် ထားသော တပ်များဖြစ်ကြောင်း ဒုတိယသတင်းတပုဒ်တွင် ရှင်ဝှာက ဖေါ်ပြသည်။
“ထိုတပ်များသည် ဟောင်ကောင်ကို ကာကွယ်နိုင်သည့် စွမ်းရည်ရှိသည်” ဟု ထိုသတင်းတွင် ဖေါ်ပြပြီး ၎င်းတို့သည် ကွန်မြူနစ်ပါတီနှင့် ဗဟိုစစ်ကော်မရှင်၏ ဦးဆောင်မှုကို ခံယူသည်ဟုလည်း ဆက်လက် ဖေါ်ပြသည်။
“ထိုတပ်ဖွဲ့များသည် နိုင်ငံတော်အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွား များကို ပြတ်ပြတ် သားသား ကာကွယ်ရန် ဆုံးဖြတ်ထားသည်။ ၎င်းတို့သည် ဟောင်ကောင်အား ကာကွယ်ရေး တာဝန်ကို ထိရောက်စွာ ထမ်းဆောင်မည် ဖြစ်ပြီး ဟောင်ကောင်၏ ချမ်းသာကြွယ်ဝ မှုနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် အကျိုးဆောင် မှုသစ်များပြုလုပ်မည်” ဟုလည်း ထိုသတင်း ကဆိုသည်။
အလားတူ တပ်များအလှည့်ကျနေရာချထားခြင်းကို PLA ၏ မကာအို မြို့စောင့်တပ်တွင်လည်း ပြုလုပ်ခဲ့ပြီး၊ CMC ၏ ခွင့်ပြုချက်အရ ဟောင်ကောင်မြို့စောင့်တပ်များကို ကြီးကြပ်ရသော PLA၏ တောင်ပိုင်းစစ်မျက်နှာ စစ်ဌာနချုပ်ကလည်း ရှင်ဝှာသတင်းဌာန၏ သတင်းကို လူမှုကွန်ရက်တွင်တင်ခဲ့သည်။
ဟောင်ကောင်သည် ၁၂ ပါတ်မြောက်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို ကြုံတွေ့နေရသည်။
ထိုဆန္ဒပြပွဲများသည် ယခုအခါ ဆိုင်းငံ့ထားသော ရာဇဝတ်သား လဲလှယ်မှု ဥပဒေကြောင့် ပေါ်ပေါက်လာခြင်ဖြစ်သည်။ ထိုဥပဒေအရဆိုပါက ရာဇဝတ်မှုအတွက် သံသယရှိသူများကို တရုတ်ပြည်မကြီးသို့ လွှဲပြောင်းပေးပို့ရမည်ဖြစ်သည်။
ထိုဆန္ဒပြပွဲများမှ အကြမ်းဖက်မှုများလည်း ဖြစ်လာခဲ့ပြီး ဆန္ဒပြသူများနှင့် ဟောင်ကောင်ရဲတပ်ဖွဲ့ အကြား တိုက်ခိုက်မှု များလည်း ဖြစ်ပေါ်ခဲ့သည်။ ထိုဆန္ဒပြပွဲများသည် အကြမ်းဖက်မှု လက္ခဏာ များရှိသည်ဟု ဘေ့ဂျင်းကကြေညာပြီး ဟောင်ကောင်အစိုးရက တောင်းဆိုပါက တည်ငြိမ်မှုထိန်းသိမ်း ရေးအတွက် PLA တပ်များကို ချထားနိုင်ကြောင်းလည်း ဖေါ်ပြသည်။
ဆင်ဟွာသတင်း ဖော်ပြချက်မှာ တပ်များချထားခြင်းနှင့်ပတ်သက်ပြီး နားလည်မှုလွှဲမှားခြင်းနှင့် တပ်များချထားမှုနှင့် ပတ်သက်ပြီး ခန်မှန်းချဲ့ကားခြင်းကို တားဆီးရန်ရည်ရွယ်ကြောင်းနှင့် ပုံမှန် အလှည့်ကျ နေရာချထားခြင်းသာဖြစ်ကြောင်း ဘေ့ဂျင်အခြေစိုက် စစ်တပ်ရေးရာကျွမ်းကျင်သူ ကျိုဝူချင်မင်ကပြောသည်။
“ဒီလိုအလှည့်ကျနေရာ ချထားတာကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသုံးသပ်ပြီး ဂရုတစိုက် စီစဉ်တာ ဖြစ်တယ်။ သတင်း ဖေါ်ပြခြင်း မရှိဘဲ မြို့စောင့်တပ်တွေ အမှောင်ထုထဲကနေ လျှိုဝှက် ဝင်လာရင် ဟောင်ကောင်မီဒီယာနဲ့ ဟောင်ကောင်သားတွေကို ခြောက်လှန့်လိုက်သလိုဖြစ်သွားမယ်။ ဘေ့ဂျင်းဟာ ဟောင်ကောင်တည်ငြိမ်မှုကို တန်ဖိုးထားနေဆဲပဲ” ဟု သူပြောသည်။
မြို့တွင် ဖြစ်နိုင်ခြေရှိသော ဆန္ဒပြမှုဖြိုခွဲရန် မြို့စောင့်တပ်အင်အား တိုးထားခြင်းရှိမရှိမေးသောအခါ မြို့စောင့်တပ်ဖွဲဝင် အရေအတွက်မှာ ယခင်အတိုင်း ၆၀၀၀ ခန့်မှ ၇၀၀၀ ခန့်အထိသာရှိကြောင်း သူပြောသည်။
တရုတ်စစ်တပ်တွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးချိန်က စတင်ပြီး PLA မှာ တပ်ဖွဲ့ဝင် အရေအတွက် ကန့်သတ်ဖို့ အရမ်းတင်းကျပ်တဲ့ အသုံးစရိတ်ခွင့်ပြုချက်ပဲ ရှိတယ်” ဟုလည်း သူပြောသည်။
ဆက်စပ်ဖတ်ရှု့ရန် – ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒကို တရုတ် နှိပ်ကွပ်နိုင်မလား
မိမိတို့၏ လွတ်လပ်မှုကို မြှင့်တင်ရန် သင်၏ လွတ်လပ်မှုကို အသုံးပြုပါ