ကူးစက်မြန် COVID-19 ကြောင့် လက်နက်ကိုင်အဖွဲ့များ စိုးမိုးသည့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ် တိုက်နယ်ရှိ ပလောင် တိုင်းရင်းသား ကျေးရွာ ၈ ရွာ အရေးပေါ် စားနပ် ရိက္ခာများ လိုအပ်နေကြောင်း သတင်း ရရှိ သည်။
ထို ပလောင် ၈ ရွာသည် မန်ကန်၊ မန်နား၊ ပန်နွဲ့၊ ဝမ်တုတ်၊ ဝမ်ကျောင်း၊ ဝမ်ကောင်၊ လွယ်ဝိန်း၊ ဟွေလွတ် ရွာတို့ ဖြစ်ပြီး အိမ်ခြေ ၃၈၃ အိမ် ရှိကြောင်း ပလောင် (တအာင်း) အမျိုးသမီး အဖွဲ့ (TWO) က ပြောသည်။
အဆိုပါ ကျေးရွာများသည် တပ်မတော်အပြင် မန့်ပန် ပြည်သူ့စစ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင် ရေး ကောင်စီ (RCSS) တို့ စိုးမိုး လှုပ်ရှားရာ နယ်မြေလည်း ဖြစ်သည်ဟု သိရသည်။
TWO ပြောရေး ဆိုခွင့်ရှိသူ လွေးချီဆငါးက“အဓိက သူတို့ဘက် သွားဖို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသလို ဌာနပေါင်းစုံ ထိန်းချုပ်မှုအောက်လည်း ဖြစ်နေတယ်။ သူတို့က ထွက်မရ ဆိုတာထက် လုပ်စားနေကျ နေ့စားခေါ်တာ မရှိတော့ ဘူး။ ဟင်းသီးဟင်းရွက် ရှာပြီး ဈေးမှာ သွားရောင်းဖို့ အဆင်မပြေတော့တာ။ တချို့ မိသားစုတောင် တနပ် လျှော့စားနေရ သလို တချို့ လည်း ပုံမှန်လို မစားရတော့ဘဲ မျှစားနေရတယ်”ဟု ပြောပြသည်။
အစိုးရက ကူးစက်မြန် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် ကူးစက်နိုင်သဖြင့် လူစု လူဝေး ပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် ဒေသန္တရ အမိန့်များ ထုတ်ပြန် ကာ တားမြစ်ထားသည်။
ထို့ကြောင့် လူစုလူဝေး ဖြစ်စေသော ဈေးများပိတ်ခြင်း၊ အခြားဒေသတွင်လည်း သွားရောက် အလုပ်လုပ်ကိုင်ရန် အလုပ်မရှိ ခြင်း၊ သွားလာရေး လွယ်ကူမှု မရှိခြင်းတို့ ကြုံတွေ့နေရ၍ ဆန် အစရှိသည့် စားနပ်ရိက္ခာ ပြတ်လပ်မှု အခြေအနေ ဖြစ်နေရ သည်ဟု မိုင်းရယ် တိုက်နယ် လွယ်လင်ရွာ ဥက္ကဋ္ဌ ဦးအိုက်ဆမ်က ပြောသည်။
စားဝတ်နေရေး အရေးပေါ် လိုအပ်လျက်ရှိသည့် ကျေးရွာများအတွက် အစားအသောက် ကူညီ ထောက်ပံ့မှု ပေးနေသည့် အဖွဲ့ များ၊ အလှူရှင်များရှိပါက ကူညီထောက်ပံ့ပေးရန် ဒေသခံများက ဧပြီလ ၂၃ ရက်တွင် စာထုတ်ပြန်၍ တောင်းဆိုထားသည် ဟု သိရသည်။
လားရှိုးမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက“ဒီသတင်းတော့ ကျနော်တို့ မကြားသေးဘူး။ ဒါပေမယ့် အဲ့ဒီလို လိုအပ်ချက်တွေရှိရင်တော့ ကျနော်တို့ ချက်ချင်း သက်ဆိုင်ရာ လူကယ်ပြန်နဲ့ပေါင်းစပ်ပြီး လုပ်ဆောင် ပေး တာ ရှိပါတယ်။ တခုတော့ရှိတယ် မိုင်းရယ်လို၊ တန့်ယန်း တို့ဘက်မှာရှိတဲ့ နည်းနည်းချောင်ကျတဲ့ နေရာတွေဆိုရင်တော့ ကျနော်တို့ သွားဖို့အဆင်မပြေပါဘူး။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာရှိသလို တိုက်ပွဲတွေ ဖြစ်တာလည်း ရှိလို့ပါ”ဟု ပြော သည်။
ထိုကျေးရွာများသည် ပုံမှန်အားဖြင့် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးပြီး ဈေးတွင် သွားရောက် ရောင်းချသည့် မိသားစု ရှိသလို အခြားသူများထံ နေ့စားအလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်း အတွက် လုပ်ကိုင်နေသည့် မိသားစုများ လည်း ရှိသည်ဟု သိရသည်။
ထို့ပြင် ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ဆိုင်ရာများ အလွန် နိမ့်ကျသည့် ဒေသများလည်း ဖြစ်သည်။
လွေးချီးဆငါးက“တချို့ (အနည်းအကျဉ်း)တော့ စိုက်တယ်လို့ သိရတယ်။ ဒါပေမယ့် ဘာမှ မထူးဘူး။ မိသားစုထဲက တဦးဦး က ဘိန်းပြန်စားတော့ မလည်ပတ်နိုင်ဘူး။ စပါး သိပ်မဖြစ်တော့ မလုပ်ကြတာများတယ်။ TWO အနေနဲ့လည်း အခုမှ Information သိရတယ်ဆိုတော့ ဘယ်အဖွဲ့ ကိုမှ တင်ပြတာ မရှိသေးဘူး။ အစိုးရ အနေနဲ့လည်း လောလောဆယ် အထိ လုပ်ဆောင်ပေး တာမျိုး မတွေ့ရဘူး”ဟု ပြောဆိုသည်။
လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ လားရှိုးဆေးရုံတွင် ၁ ဦး အပါအဝင် တောင်ကြီး စဝ်စံထွန်း ဆေးရုံ၌ ၂ ဦး၊ ကျိုင်းတုံ ဆေးရုံတွင် ၃ ဦး စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ ၆ ဦးအထိ ရှိနေပြီ ဖြစ်သည်။
You may also like these stories:
တိုက်ပွဲကြောင့် ပလက်ဝ ဒေသခံ ၁ သိန်းကျော် စားနပ်ရိက္ခာ ခက်ခဲနေ
လားရှိုးမြို့ပေါ်ရပ်ကွက်တချို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
မူဆယ်-မန္တလေး- ရန်ကုန် ကုန်စည်သယ်ယူပို့ဆောင်ခ ဈေးမြင့်တက်