မြန်မာနိုင်ငံ ပြည်တွင်းမှာသာမက အိမ်နီးချင်း ထိုင်းနိုင်ငံအထိပါ နာမည်ကျော်ကြားတဲ့ မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်ကို အာဏာသိမ်း စစ်ကောင်စီ တရားရုံးမှ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့က ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားတဲ့ အမှုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြီးသတ်အမိန့် ချမှတ်လိုက်ပါတယ်။
ပိုင်တံခွန်ကို အခုလို အမိန့်ချမှတ်လိုက်တဲ့အပေါ် ပြည်တွင်းနဲ့ နိုင်ငံရပ်ခြားက ပရိသတ်တွေကြားမှာ အုတ်အော်သောင်းနင်း စိတ်မကောင်းစရာ ပြောစမှတ်သတင်း ဖြစ်ခဲ့ပြီး၊ အခုလို တရားစီရင်မှုဟာ တရားရုံး ကျင့်ထုံးကျင့်စဉ်တွေနဲ့ လွဲပြီးတော့ ပိုင်တံခွန်ရဲ့ ရှေ့နေများက တရားခွင် အတွေ့အကြုံမှာ တခါမှ မကြုံဖူးတဲ့ ဖြစ်စဉ်တခုလို့ မှတ်ချက် ပြုပါတယ်။
ပိုင်တံခွန်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပြည်သူနဲ့အတူ တသားတည်း ရပ်တည်ကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း နိုင်ငံတကာ သိအောင် Speak Out လုပ်၊ ဆန္ဒဖော်ထုတ်ခဲ့တဲ့ အနုပညာရှင်တဦးပါ။
ပိုင်တံခွန်အား စစ်ကောင်စီမှ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြု၍ ဆန့်ကျင် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး၊ ဧပြီလ ၈ ရက်နေ့ မနက်ပိုင်းက ပိုင်တံခွန် သူ့ရဲ့ မြောက်ဒဂုံနေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်များက သွားရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ပိုင်တံခွန်ဟာ ဖမ်းဆီးခံရချိန်မှာ ငှက်ဖျားရောဂါဝေဒနာ ခံစားနေရပြီး၊ အဲဒီနောက်မှာတော့ ပိုင်တံခွန်အား ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားတဲ့အမှုကို တရားရုံး စွဲတင်ခဲ့တဲ့ မေလ ၄ ရက်နေ့မှ စပြီး ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးသွားမယ်လို့ သတ်မှတ်ခဲ့ပါတယ်။
အခုလို ပိုင်တံခွန်ကို အပြီးသတ်အမိန့် ချမှတ်ဖို့ အချိန်မတိုင်သေးခင်မှာ ပုံမှန် လုပ်ရိုးလုပ်စဉ် မဟုတ်ဘဲ အမိန့်ချလိုက်တဲ့အတွက် ဒီအပေါ်မှာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ ပိုင်တံခွန်ရဲ့ ရှေ့နေအဖွဲ့က ဆိုပါတယ်။
ပိုင်တံခွန်ရဲ့ ရှေ့နေအဖွဲ့က “အခု ချမှတ်တဲ့ အမိန့်သည် ဥပဒေနဲ့ ညီညွတ်မှု မရှိကြောင်း၊ ကျနော်တို့ဘက်က ဒါကို ကျေနပ်မှု မရှိတဲ့အတွက် အခု ချမှတ်လိုက်တဲ့ တရားရုံးထက် အဆင့်မြင့်တဲ့ အရှေ့ပိုင်းခရိုင် တရားရုံးကို ရာဇဝတ်အယူခံမှု တင်လို့ ရပါတယ်။ သို့သော် တင်မယ်၊ မတင်ဘူးဆိုတာကို ပိုင်တံခွန်ရဲ့ မိဘများရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ညှိနှိုင်းမှုတော့ မလုပ်ရသေးပါဘူး။ သူ့ရဲ့ မိသားစု၊ သူ့မိဘတွေနဲ့ ဆက်လက်ပြီး တိုင်ပင်ပါမယ်” လို့ ဧရာဝတီကို ပြောပါတယ်။
ပိုင်တံခွန်ရဲ့ မိသားစုဝင်တွေကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ တစုံတရာ မှတ်ချက် မပေးကြပေမယ့် အခုလို အမိန့်ချခံရတဲ့အပေါ် များစွာ ပူဆွေး စိတ်မကောင်းဖြစ်နေကြပါတယ်။

ပိုင်တံခွန်ကတော့ ထောင်တွင်းမှာလည်း စိတ်ရောကိုယ်ပါ ကျန်းကျန်းမာမာ ရှိနေပြီး၊ ကံကောင်းစွာနဲ့ ထောင်မှ ပြန်လွတ်မြောက်လာတဲ့အခါမှာလည်း အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်နိုင်ဖို့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ပြင်ဆင်ထားတယ်လို့ ပိုင်တံခွန်ရဲ့ ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဧရာဝတီကို ပြောခဲ့ပါတယ်။
ဦးခင်မောင်မြင့်က “ပိုင်တံခွန်က အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်။ ကျန်းမာရေးလည်း ကောင်းနေပါတယ်။ အကျဉ်းထောင်ထဲမှာ သူစိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ပြင်ဆင်ပြီးတော့ လေ့ကျင့်နေတဲ့ အနေအထား ဖြစ်ပါတယ်” လို့ ပိုင်တံခွန်ကို အပြီးသတ် အမိန့်မချခင် လွန်ခဲ့တဲ့ တပတ် ရုံးချိန်းမှာ ဧရာဝတီကို ဖြေဆိုခဲ့ပါတယ်။
ပိုင်တံခွန်ဟာ အမိန့်ချမှတ်ခံရပြီး နောက်တရက်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာပဲ TC Candler ရဲ့ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာ့အချောဆုံး အမျိုးသားအယောက် ၁၀၀ စာရင်းမှာ နံပါတ် ၁ နေရာကနေ ရွေးချယ်ဖော်ပြခံရပါတယ်။

ပိုင်တံခွန်ရဲ့ အမာခံပရိတ်သတ်တဦးက “စစ်ကောင်စီက အဓမ္မအမိန့်ချလိုက်ပြီး ရက်ပိုင်းမှာ ကမ္ဘာ့နံပတ်တစ် အချောဆုံးမော်ဒယ် ရွေးချယ်ခံရတယ်ဆိုတော့ အရင်က မြန်မာနဲ့ ထိုင်းမှာထင်ရှားတဲ့ ပိုင်တံခွန်ကို ကမ္ဘာကပါ စိတ်ဝင်စားသွားပြီပေါ့။ ကျွဲကူးရေပါဆိုသလို သူဘာကြောင့် အဖမ်းခံရတာလဲဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကမ္ဘာက ပိုသိတော့မှာပေါ့” လို့ ဆိုပါတယ်။
ဒါဟာ ပိုင်တံခွန် အနေနဲ့ ဒုတိယအကြိမ် ဖော်ပြခံရတာဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်တုန်းကလည်း TC Candler မှာ ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် ၁၀ နေရာက ရွေးချယ် ဖော်ပြခံခဲ့ရပါတယ်။
TC Candler ဟာ ကမ္ဘာ့အချောဆုံးအမျိုးသား၊ အမျိုးသမီးများ စာရင်းကို ၁၉၉၀ ခုနှစ်မှစတင်ကာ နှစ်စဉ်ရွေးချယ် ဖော်ပြနေခြင်းဖြစ်ပြီး၊ ဒီနှစ်မှာတော့ ထူးခြားစွာပဲ မတရား ဖမ်းဆီး ထောင်ကျခံရတဲ့ ပိုင်တံခွန်နဲ့အတူ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖို့အတွက်လည်း ထုတ်ပြန် တောင်းဆိုထားပါတယ်။
ပိုင်တံခွန်ဟာ ၂၀၁၉ ခုနှစ်အတွင်း Instagram နဲ့ Facebook လူမှုကွန်ရက် စာမျက်နှာတွေမှာ စတင် ရေပန်းစားလာခဲ့တာဖြစ်ပြီး၊ သူ့ရဲ့ Sexy ကျတဲ့ ဓာတ်ပုံတွေကြောင့် ထိုင်းနိုင်ငံက အမျိုးသမီး ပရိသတ်တွေရဲ့ အထူး အားပေးမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံက နာမည်ကျော် လက်လီဆိုင် 7/11 အပါအဝင် ကြော်ငြာတွေ၊ အခြားသော အနုပညာ လှုပ်ရှားမှုတွေကိုလည်း ဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံတကာ ပရိသတ် အခိုင်အမာ ရရှိခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ ပိုင်တံခွန်ကို ဧရာဝတီ သတင်းဌာနရဲ့ “Stars of 2019” (၂၀၁၉ ခုနှစ်၏ ကြယ်တာရာများ) သတင်းဆောင်းပါးမှာ ဂုဏ်ပြုရေးသား ထည့်သွင်း ဖော်ပြခဲ့ပါတယ်။ ပိုင်တံခွန်ဟာ နာမည်ကြီး အမှတ်တံဆိပ်များစွာရဲ့ သံတမန်တဦးဖြစ်သလို၊ ထိုင်းနိုင်ငံ ပြည်ပခရီးသွား ဈေးကွက်မြှင့်တင်ရေးရဲ့ ခရီးသွားသံတမန်တဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ပိုင်တံခွန်ဟာ အနုပညာအလုပ်တွေအပြင် သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေး အနေနဲ့ “Singapore’s Ice-Cream Sandwich” ကိုလည်း တဦးတည်း ကိုယ်စားလှယ်ရယူကာ ရန်ကုန်မြို့မှာ ဖြန့်ဖြူး ရောင်းချပေးနေသူ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ မော်ဒယ်အဖြစ် စတင် လုပ်ကိုင်ခဲ့တဲ့ ပိုင်တံခွန်ဟာ မော်ဒယ်အလုပ်အပြင် ဇာတ်လမ်းတွဲများ၊ ဇာတ်ကားများ ရိုက်ကူးခဲ့ပြီး၊ “ချစ်သူ”ဆိုတဲ့ တကိုယ်တော် တေးစီးရီး ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ပိုင်တံခွန်ဟာ ဒီနှစ် သူ့ရဲ့ မွေးနေ့ကို အင်းစိန်ထောင်တွင်းမှာပဲ ဖြတ်သန်းခဲ့ရပါတယ်။ ထောင်အတွင်းမှာလည်း ဘုရားတရားကို မမေ့မလျော့ လုပ်ဆောင်နေတဲ့ ပိုင်တံခွန်ဟာ ရောက်တဲ့ နေရာမှာ လူတိုင်းနဲ့ အဆင်ပြေအောင် နေထိုင်တယ်လို့ ကြားသိရပါတယ်။
မတရားဖမ်းဆီးခံခဲ့ရပြီး၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ ပြည်သူချစ် အနုပညာရှင် ပိုင်တံခွန် ပြန်လည် လွတ်မြောက်လာမယ့်နေ့ကို သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ ပရိသတ်များစွာက မျှော်လင့် စောင့်စားနေကြပါတယ်။ ။