ရွှေဈေးကွက်တွင် ရောင်းဝယ်ခွင့်လိုင်စင်ရှိမှသာ အခေါက်ရွှေအတုံးအခဲ အရောင်းအဝယ်လုပ်ရန်နှင့် မရှိသေးပါက လိုင်စင်လုပ်ရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လိုက်သည်။
ယမန်နေ့က ရွှေရောင်းဝယ်သူတချို့ ဖမ်းဆီးခံရသည်ဆိုသော သတင်းများထွက်ပေါ်လာပြီးနောက် YGEA က အသင်း သားများနှင့် ရွှေကုန်သည်များ အားလုံးသိစေရန်ဆိုကာ ရွှေဆိုင်များ လိုင်စင်မရှိပါက ပြုလုပ်ရန်၊ လိုင်စင်မရှိဘဲ ဆိုရှယ်မီဒီယာ အက်ပလီ ကေးရှင်းများမှတဆင့် အရောင်းအဝယ်လုပ်သူများကို အရေးယူရန် စသည့်တို့ ပါဝင်သော ကြေညာချက်ကို ထုတ်ခြင်းဖြစ်သည်။
YGEA ၏ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က “အသင်းက ရောင်းတဲ့ရွှေက ဈေးနိမ့်နေတယ်။ ဒီရွှေကိုဝယ်ပြီး ဈေးကွက်ထဲမှာ ကစားတဲ့သူတွေကို ထိန်းဖို့ရည်ရွယ်သလို နယ်စပ်လမ်းကြောင်းသမားတွေက ကျနော်တို့ ဈေးချပေးတဲ့ ရွှေကို ဝယ်ပြီး ဟိုဘက်မှာ ပြန်ရောင်းကြတယ်။ ဒါတွေကို တားဆီးဖို့အတွက် ရွှေကို လိုင်စင်ရှိမှ အရောင်းအဝယ်ပြုလုပ်ခွင့် ပြုမယ် ဆိုပြီး ဆုံးဖြတ်လိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
YGEA ၏ ထုတ်ပြန်ချက်တွင် ရွှေမှောင်ခိုဈေးကွက် ပပျောက်စေရန်နှင့် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေ အရောင်းအဝယ်ကိစ္စများကို အသင်းရုံးခန်းအတွင်းမှအပ မည်သည့်နေရာတွင်မဆို အရောင်းအဝယ် ပြုလုပ်ခြင်းများ လုံးဝ မပြုလုပ်ရန်၊ လက်ငင်းအရောင်းအဝယ်သာ ပြုလုပ်ရန်နှင့် စာရင်းပေး၊ သတင်းပေးပို့ခြင်း မရှိဘဲ နယ်စပ် ဖြတ်ကျော် အရောင်းအဝယ် မပြုလုပ်ရန်လည်း တားမြစ်ထားသည်။
“အွန်လိုင်းကလည်း အဲဒီလိုပဲ ရွှေမရှိဘဲနဲ့ ဈေးတက်အောင် ဖွတာပေါ့။ ကျနော်တို့ ဈေးထက် မြင့်ထားပြီးတော့ အော်ဒါ ရမှ ကျနော်တို့ဆီလာဝယ်ပြီး ပြန်ရောင်းတယ်ပေါ့။ အဲဒီတော့ မလိုလားအပ်ဘဲနဲ့ ကိုယ့်အကျိုး စီးပွားအတွက် ရွှေဈေးကို ဆွဲတင်သလိုဖြစ်လို့ လိုင်စင်ရှိမှ ရောင်းဖို့ဝယ်ဖို့ လုပ်တာ” ဟု ဦးမျိုးမြင့်က ဆိုသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း YGEA ကထုတ်သည့် စည်းမျဉ်းများကို မလိုက်နာသောသူများ ဆိုင်များကို တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု သိရသည်။
ရွှေအရောင်းအဝယ်သမားတချို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဧရာဝတီက မေးမြန်းရာ ဦးမျိုးမြင့်က “ဒါကတော့ ကျနော်တို့ အသင်းမှာ မရှိပါဘူး။ အပြင် (အသင်းရုံးပြင်ပ) မှာ ရောင်းတာဝယ်တာ တချို့တဝက် ရှိပါတယ်။ ဒါတွေကို ခေါ်တာပြုတာလည်း ရှိနိုင်ပါတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တဦးက ရွှေသမားတချို့အား ဖမ်းဆီးစစ်ဆေးနေသည်ဆိုသည့်သတင်းမှာ ဟုတ်မှန် ကြောင်း၊ ယမန်နေ့က ရွှေဆိုင် ၁ ဆိုင်သည် အသင်းရုံးပေါက်ဈေးထက် ကျပ် ၄၀၀၀၀ ခန့် ခွာပြီး ရွှေဈေးတင် လိုက်သည့် နောက်ပိုင်းတွင် အဆိုပါသတင်းကို ကြားရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“အခုမနက်လည်း ရွှေဈေးက တက်နေတယ်။ ကမ္ဘာ့ရွှေဈေးဆိုရင် တအောင်စ ဒေါ်လာ ၃၀ လောက်ထိ တက်တယ်။ အဲဒီတော့ အခု အသင်းရုံးတင်တဲ့ဈေးနဲ့ အပြင်ဈေးက ကျပ် ၅၀၀၀၀ ကနေ ၇၀၀၀၀ လောက် ကွာနေတာ။ ဒါပေမဲ့ ဝယ်သူနဲ့ညှိပြီး ရွှေဆိုင်တွေက ဈေးမတင်ရဲဘူး ဖြစ်နေတယ်” ဟု လက်ရှိ ရွှေဈေးကွက်အခြေအနေကိုလည်း ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက ဒေါ်လာလဲလှယ်ဈေးနှုန်းကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက်ပိုင်း ရွှေဈေးကွက်ကိုလည်း ယင်းဈေးနှုန်းနှင့်အညီ ရည်ညွှန်းဈေးနှင့် ဈေးကွက်ဖွင့်ရန် သတ်မှတ်ပြီးနောက် ရွှေဈေးကွက်အတွင်း ပြင်ပ အမှန် တကယ်ပေါက်ဈေးနှင့် ကွာဟ၍ ရွှေဆိုင်များတွင် ရွှေဝယ်ယူရန် ခက်ခဲနေသလို ဈေးကွက်ဖွင့်ရန်ပင် ဖွင့်မရသည့် အခြေအနေ ဖြစ်နေသည်ဟုလည်း ဆိုသည်။
ထို့ကြောင့် တချို့ ရွှေဆိုင်များမှာ ဈေးနှုန်းဖော်ပြထားခြင်း မရှိဘဲ ဝယ်သူလာမှသာ ဈေးနှုန်းပြော၍ ရောင်းချခြင်း များ ရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
YGEA အသင်းရုံးတွင် ယနေ့ (မေ ၁၇ ရက်) နံနက်ပိုင်း၌ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၂၀ သိန်း ၄ သောင်းနှင့် ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၁၈၂၉ ဒေါ်လာဖြင့် ဈေးကွက်ဖွင့်ထားကြောင်း သိရသည်။