စစ်ကိုင်းတိုင်း ရွှေဘိုနှင့် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ရွာများမှ နေအိမ်များ မီးရှို့ခံရသဖြင့် ရွာပြင်တောစပ်၌ တဲထိုးကာ တိမ်းရှောင်နေသူများ၏ ယာယီတဲများကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
ရွှေဘိုမြို့နယ် မြောက်ဘက်ရှိ အမှတ်(၈) လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်ကြောင်းက ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကုလားမ၊ လက်ကောက်ကျ၊ မန်ကျည်းသုံးပင်၊ ဆည်ကြီး၊ တအုံ၊ ဂွေးကုန်း၊ သဲကျွန်း၊ ကံကြီး၊ ငါးပိအိုး၊ ချပ်ပြဲ၊ ရွာသစ်ကုန်း၊ ဘိုကုန်း၊ ချောင်းမီးတိုးရွာများမှ စစ်ဘေးရှောင်များ၏ ယာယီတဲများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ရွာထဲက အိမ်တွေကို ပြန်မကပ်ရဲကြတော့ တောတွေထဲမှာ ယာတဲလေးတွေထိုးပြီး နေလိုက်။ သူတို့က လာရှို့ လိုက် လုပ်နေကြလို့ ခဏခဏ ရှောင်နေကြရတာပဲ။ ဘာအကြောင်းမှ မရှိဘဲနဲ့ ဝင်ဝင်လာပြီး မီးရှို့နေကြတာပဲ။ ကြောက်လို့ မှ တောကြိုတောင်ကြား နေကြတာကို လိုက်ရှို့နေတာတော့ တော်တော်ကြီးကို လူမဆန်တဲ့ လုပ်ရပ်တွေပါပဲ” ဟု လက် ကောက်ကျ ကျေးရွာသားတဦးက ပြောသည်။
အဆိုပါ မီးရှိူ့သည့် လက်နက်ကိုင်အဖွဲ့သည် တောစပ်နေ စစ်ဘေးရှောင်များ၏ နွား ၁၄ကောင်ကိုလည်း မော်တာ်ယာဉ်ပေါ် တင်ကာ ယူသွားကြောင်း သိရသည်။
ဇွန် ၁၆ ရက်ကလည်း စစ်ဘေးရှောင်များ နေထိုင်သည့် ထုံးဘိုကုန်းကျေးရွာနှင့် ကုလားမကျေးရွာကြားရှိ မန္တလေးတောင် ပေါ်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရ သည်။
ဒေသခံတဦးက “စစ်ဘေးရှောင်တွေ ရှိနေတာ သိလျက်နဲ့ လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာထုလို့ စစ်ဘေးရှောင် ၂ ယောက်က ပွဲချင်းပြီး သေတယ်။ ၁ ယောက်က ပေါင်နဲ့လက်နဲ့ ဖြတ်ပစ်လိုက်ရတယ်။ ဒါက ကြီးကျယ်တဲ့ ထိခိုက်မှုပေါ့။ အခြားထိခိုက်မိတဲ့ အသေးလေးတွေလည်း တော်တော်များတယ်” ဟု ဆိုသည်။
စစ်ကောင်စီ၏ လက်နက်ကိုင်များသည် ကျေးရွာများကို ဝင်ရောက်ပြီး ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ် နေရုံသာမက ယခုအခါ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များကိုပါ ပစ်မှတ်ထားလာခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
ရွာသစ်ကုန်း ကျေးရွာသားတဦးက “စစ်တပ်က ဝင်လာတာနဲ့ ရွာစဉ် ဆက်ဝင်ကြတာဆိုတော့ နီးစပ်ရာရွာတွေကလည်း အကုန်ရှောင်တိမ်းကြရတာပဲလေ။ စစ်ကိုကြောက်လို့ ရှောင်ကြတာကို PDF အဖွဲ့ တဲတွေ၊ PDF တွေ၊ မင်းတို့ ရှိနေလို့ ငါတို့ အေးအေးဆေးဆေး မနေရတာဆိုပြီး မိုက်မိုက်ရိုင်းရိုင်းတွေ ဆဲဆိုပြီးတော့မှကို ပစ်ခတ် မီးရှို့နေကြတာပဲ။ တောသူတောင် သားတွေမှာ ဘာလက်နက်မှ မပါကြဘူးရယ်။ အခုက မဲမဲမြင်ရာ လုပ်နေကြတာ” ဟု ပြောပြသည်။
အဆိုပါ စစ်ကောင်စီ လက်နက်ကိုင်များသည် ဆည်ကြီးကျေးရွာမှ နေအိမ်များကို မီးရှို့ခဲ့သလို အနီးဝန်းကျင်များတွင် စစ်ဘေး ရှောင်နေကြသည့် ယာယီတဲများနှင့် နွားလှည်း ၇ စီးကိုပါ မီးရှို့ခဲ့ကာ နွား ၂ ကောင်ကိုလည်း ပစ်သတ်သွား ကြောင်း သိရ သည်။
ထို့ပြင် တအုံကျေးရွာသား ၈ ယောက်ကိုလည်း တအုံကျေးရွာနှင့် ဆည်ကြီးကျေးရွာကြားရှိ ဘိုးနိုးဆည်ဘောင်ပေါ်တွင် ပြေးခိုင်းပြီး ပစ်သတ်သွားရာ ၇ ဦး သေဆုံးပြီး ၁ ဦး ပြန်လည် လွတ်မြောက်လာကြောင်း၊ ရုပ်အလောင်းများ ကောက်ယူရန် သွားစဉ် စစ်ကြောင်း ပြန်ဝင်လာသဖြင့် ၃ လောင်းသာ ကောက်နိုင်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။
“အခုတော့ တောထဲမှာ ဖြစ်သလို နေနေကြရတာပေါ့။ မိုးကာနဲ့ ပေါင်းမိုးကိုင်းတွေလုပ်ပြီး လှည်းတွေကို ပြင်ဆင်ထားရ တယ်။ ပြောရရင် ရောက်တဲ့နေရာကနေ သူတို့ ဝင်လာရင် ထပ်ပြေးလို့ရအောင် အဆင်သင့် ပြင်ဆင်ထားကြရတယ်။ အများစုက လှည်းတွေနဲ့ပဲဆိုတော့ လှည်းတွေပေါ်မှာ တင်ထားတဲ့ပစ္စည်းတွေ အောက်ကို မချတော့တာပေါ့” ဟု စစ်ဘေး ရှောင် ဒေသခံတဦးက ပြောသည်။
ဝက်လက်မြို့နယ်အတွင်း စစ်ကောင်စီလက်နက်ကိုင်များ ဝင်ရောက် စီးနင်းပြီး နေအိမ်များအား မီးရှို့နေသဖြင့် ကျေးရွာ ၂၇ ရွာမှ စစ်ဘေးရှောင်၊ မီးဘေးရှောင် ဒေသခံပြည်သူ ၉,၀၀၀ ကျော်မှာ အကူအညီများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များ အား ကူညီပေးနေသူများထံမှ သိရသည်။
ရွှေဘိုနှင့် ဝက်လက်မြို့နယ် ဧရာဝတီမြစ်ဘေးတလျှောက် စစ်ကောင်စီလက်နက်ကိုင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များကြား တိုက် ပွဲဖြစ်ပွားမှု နည်းပါးသော်လည်း စစ်ကောင်စီတပ်က ဒေသခံပျူစောထီးအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကြောင်း ထိုးပြီး ကျေးရွာများအား မီးရှို့နေခြင်း ဖြစ်ကြောင်း၊ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် စိုက်ပျိုးရာသီ ရောက် သော်လည်း စိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) မှ အဖွဲ့ဝင်တဦးက “ဘာပိုင်ဆိုင်မှုမှ မရှိကြတော့ဘူး။ ရွာတွေကလည်း ပြောင်တလင်းခါနေပြီ။ ဝမ်းဝဖို့တောင် မနည်းရုန်းကန်နေကြရတာ။ စစ်တပ်က ပတ်မွှေနေတော့ ပြည်သူတွေက ကိုယ့်ရပ် ရွာမှာ မနေရဲကြတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်။ စစ်ဘေးရှောင်၊ မီးဘေးရှောင်တွေဟာ အစားအသောက်နဲ့ အဝတ်အစားတွေ လိုအပ်နေတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ ကူပေးနေပါတယ်” ဟု ဆိုသည်။