စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ် ကျေးရွာများမှ လုပ်ငန်းရှင်များ အနေဖြင့် သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည်ဝင်ရောက် နေထိုင်ခြင်း မရှိပါက ပိုင်ဆိုင်မှုများကို သိမ်းမည်ဟု ပျူစောထီးအဖွဲ့များက ခြိမ်းခြောက် ခေါ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး လုယက်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် မီးရှို့နေခြင်းများကြောင့် တိမ်းရှောင်နေကြရသည့် ဆန်စက်၊ ဆီစက်၊ ရွှေဆိုင်၊ မော်တော်ယာဉ်၊ သစ်လုပ်ငန်းရှင်များကို ပြန်လည် ခေါ်ယူနေခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ချပ်သင်းကျေးရွာမှ ဒေသခံ တဦးက “ကျနော်တို့ရဲ့ လုံခြုံရေးအတွက် ဘယ်သူက အာမခံပေးမှာလဲ။ ရွာတွေကို ဝင်စီးပြီး မီးတိုက်တာတွေအပြင် ဖမ်းဆီး သတ် ဖြတ်တာတွေ ရှိနေသေးတော့ အများစုက မပြန်ရဲကြသေးဘူး။ အများစုကတော့ ပိုင်ဆိုင်မှုတွေကို ဒီအတိုင်းပစ်ထားပြီး မိသားစုလိုက် ရှောင်နေကြတာ။ ရွာထဲမှာ လုံး၀ မိသားစု မရှိတော့တဲ့ အိမ်တွေနဲ့ ကျွဲ၊ နွား၊ လယ်ယာ၊ ဆန်စက်၊ ဆီစက် စတဲ့ ပိုင်ဆိုင်မှုတွေကို သူတို့အဖွဲ့ပိုင်အဖြစ် သိမ်းမယ်လို့ ခြိမ်းခြောက်ပြီးကို ခေါ်နေတာ” ဟု ပြောသည်။
ပျူစောထီးအဖွဲ့များက ပြန်လည် ခေါ်ယူနေသူများထဲတွင် မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေကြရသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ NLD ပါတီ အားပေးထောက်ခံသူများလည်း ပါဝင်နေကြောင်း ဒေသ သတင်းရင်းမြစ် များထံမှ သိရသည်။
ဇီးကုန်းမြို့ခံတဦးက “NLD အမာခံတွေထဲက တိမ်းရှောင်နေကြတဲ့ မိသားစုတွေကတော့ အသက်တော့ အသေမခံနိုင်ဘူး။ သူတို့ လုပ်ချင်တာ လုပ် ဆိုပြီးတော့ အဟောသိကံ နေနေကြရတယ်။ ဘယ်လို အကြောင်းပြချက်နဲ့မှ ပြန်ဝင်လို့ မဖြစ်ဘူးလေ။ ပြန်ဝင်တာနဲ့ အဖမ်းခံရနိုင်သလို အသက်အန္တရာယ်လည်း ရှိနိုင်တယ်။ လကုန်ရက်ပိုင်းကပဲ သူတို့ကိုယုံပြီး ပြန်သွားတဲ့ ဆန်စက်ပိုင်ရှင် တယောက် အသတ်ခံလိုက်ရသေးတယ်။ ဆုံးရှုံးသွားမယ့် ပစ္စည်းဥစ္စာတန်ဖိုးထက် ကိုယ့်အသက်လောက် ဘယ်အရာကမှ အရေးမကြီးဘူးလေ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန် ၂၇ ရက်တွင် ကန့်ဘလူမြို့နယ်၊ ချပ်ကြီးဒေသရှိ ပိတောက်ပင်ကျေးရွာမှ ဆန်စက်ပိုင်ရှင် အသက် ၄၀ ဝန်း ကျင်အရွယ် ဦးမင်းမင်းဆိုသူသည် ဆန်စက် လည်ပတ်ရန်အတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် ကျွန်းလှမြို့ ပေါ်သို့ ကိုမဲလုံးဆိုသူနှင့် သွားရောက်ခဲ့စဉ် ပျူစောထီးအဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သည်။
ပျဉ်းမမြိုင်ရပ်ကွက် ပျူစောထီးခေါင်းဆောင် ကိုညီနှင့်အဖွဲ့က အရပ်ဝတ်များဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ၁၅ သိန်း၊ လက်ကိုင်ဖုန်း ၂ လုံး၊ ဆိုင်ကယ် ၁ စီးတို့ကို သိမ်းယူခဲ့ကြောင်း၊ ကျွန်းလှမြို့အရှေ့ဘက်၌ သေနတ်ဖြင့် ပစ်သတ် ရာ ကိုမင်းမင်း သေဆုံးပြီး အဖော်အဖြစ် လိုက်ပါသွားသူ ကိုမဲလုံးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဒေသခံတဦးက “ကိုမင်းမင်းက ရွာမှာ ဆန်စက်ပိုင်တာဆိုတော့ ရွာသားတွေက စားစရာဆန် မရှိတော့လို့ စပါးကြိတ်ပေးဖို့ပြောလို့ ကြိတ် ပေးမယ်ဆိုပြီး ရွာပြန်သွားတာ။ ကျနော်တို့ရွာဘက်ကို စစ်ကြောင်း ခဏခဏဝင်တော့ ရွာမှာမနေရဲကြလို့ တောထဲမှာပဲ ရှောင်နေကြတာ။ စက်လည်ဖို့ ပစ္စည်းလိုတာတွေ ဝယ်ဖို့ဆိုပြီး ကိုမဲလုံးနဲ့ ကျွန်းလှသွားတာမှာ အခုလို ဖြစ်သွားတာပဲ။ သိရ သလောက်တော့ ကိုမင်းမင်းတို့ကို လက်ပြန်ကြိုးတုပ် ခေါ်သွားပြီး မြို့ပြင် ကျောက်ခွဲစက်နားရောက်တော့ ထွက်ပြေးဖို့ ကြိုး စားလို့ သေနတ်နဲ့ပစ်၊ ခန္ဓာကိုယ်အနှံ့ ဓားနဲ့မွှန်းပြီး သတ်တာလို့ သိရတာပဲ” ဟု ပြောသည်။
ကန့်ဘလူခရိုင်တွင် ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်များ ပါဝင်ပြီး ကန့်ဘလူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၁ ခု၊ ကျေးရွာ အုပ်စု ၈၆ အုပ်စုနှင့် ကျေးရွာပေါင်း ၂၉၆ ရွာရှိပြီး ကျွန်းလှမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၄ အုပ်စုနှင့် ကျေးရွာပေါင်း ၁၁၄ ရွာ ရှိကာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသဖြင့် ဆန်စက်၊ ဆီစက်လုပ်ငန်း လုပ်ကိုင်ကြ သူများရှိသလို ရွှေမျောနှင့် သစ်လုပ်ငန်း လုပ်ကိုင်ကြသူများလည်း ရှိကြောင်း သိရသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးက “အခုလို ပိုက်ဆံရှိ စီးပွားရေးသမားတွေကို သူတို့ (ပျူစောထီး) ပြန်ခေါ်တာ ကတော့ ရှင်းပါတယ်။ သူတို့ ကြီးစိုးတဲ့နယ်မြေမှာ ရပ်ရွာအေးချမ်းသာယာပြီး လုပ်ငန်းတွေလည်း လည်ပတ်နေပါပြီ။ ရပ်ရွာ က အရင်လိုပဲ စည်စည်ကားကားနဲ့ ကိုယ့်အလုပ်တွေကို အေးအေးချမ်းချမ်း ပြန်လုပ်နိုင်ပြီဆိုတဲ့ ပုံရိပ်ကို ပြချင်တာမျိုးပေါ့။ နောက်တခုက ပြန်ဝင်လာရင် အကြောင်းအမျိုးမျိုးနဲ့ ခေါင်းစဉ်တွေတပ် ဖမ်းဆီးငွေညှစ်ချင်တာမျိုးပေါ့။ ရှင်းအောင်ပြောရ မယ်ဆိုရင် ညစ်ပတ်ချင်လို့ကို ပြန်ခေါ်တာလို့ပဲ သုံးသပ်တယ်” ဟု မှတ်ချက်ပြုသည်။
ယခုအခါ ကန့်ဘလူခရိုင်တွင် မဘသဆရာတော် ဦးဝါသဝ ဦးဆောင်ပြီး ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များကို ဖွဲ့စည်း နေရာ ကန့်ဘလူမြို့နယ်တွင် ဇီးကုန်းမြို့နှင့် ချပ်ကြီး၊ ချပ်သင်း၊ ပင့်သာ၊ နတ်အင်း၊ ထန်းကုန်း၊ မှော်တော်၊ တောက္ကရှပ်၊ ကံ ရိုး၊ မင်းကုန်း(ခ)၊ တင်ကုတ်ကြီး၊ ပျဉ်းတော်၊ ကြိုကြာ၊ ညောင်ပင်ကြီး၊ ဆိပ်ဖူးမြောင်၊ မြေဒူး၊ နတ်ပေး၊ ဒါန်းပင်၊ ညောင်ဇင်၊ သင်ပေါင်းကျင်း၊ ဝက်သိုး(တ)၊ ထန်းတပင်ကျေးရွာများနှင့် ကျွန်းလှမြို့နယ်တွင် ကျွန်းလှမြို့နှင့် နယ်လှ၊ သံဘို၊ ဘို့ကုန်း၊ ကျီ ကုန်းကျေးရွာများတွင် ပျူစောထီးအဖွဲ့များ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျူစောထီးအဖွဲ့များကို တန့်ဆည်မြို့နယ်မှ အိမ်ခြေ ၃၅၀ ကျော်ရှိသော ကျွန်းလည်ကျေးရွာတွင် အမှတ် ၁၀ စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခမရ ၃၆၇ တပ်မှ ဗိုလ်ကြီးကျော်သူရိန် ဦးစီးသော စစ်ကောင်စီတပ် အထိုင်ချ၍ အခြားကျေးရွာများအား စစ်သင်တန်းပို့ချခြင်း၊ စီမံကွပ်ကဲညွှန်ကြားမှုများ လုပ်ဆောင်နေသလို ယင်းကျေးရွာတွင် စစ်ကြော ရေး စခန်းလည်း ဖွင့်လှစ်ကာ ဖမ်းဆီးခံရသူများအား နှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြော သည်။
“သူတို့က ရပ်ရွာကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွဲ့ကြတာပေါ့။ အနည်းစုလောက်ပဲ ကောင်းကျိုးခံစားရပြီး အများစုကတော့ ဆိုးကျိုးတွေပဲ ခံစားနေကြရတာ။ သူတို့နဲ့ မတည့်တဲ့သူ၊ အမြင်မကြည်သူတွေဆိုရင် PDF၊ PDF ထောက်ပို့၊ အားပေးကူညီ သူဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး ဖမ်းတာဆီးတာတွေအပြင် ပစ်သတ်တာတွေအထိ လုပ်နေကြတာပဲ။ နောက် NLD အားပေး ထောက်ခံသူတွေဆိုရင် သူတို့ ပိုင်ဆိုင်သမျှကို ဖျက်ဆီး၊ လုယက်၊ စိုက်ခင်းတွေဆိုလည်း မရိတ်သိမ်းနိုင်အောင် ဖိအားပေး ခြိမ်းခြောက် လုပ်နေကြတာပဲ။ ပြောရမယ်ဆိုရင် လက်နက်ကိုင် ဓားပြတိုက်အဆင့်ပါပဲ” ဟု ကျွန်းလှမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ဝင် (ပ.က.ဖ) တဦးက ဆိုသည်။