စစ်ကိုင်းတိုင်း တမူးခရိုင်၊ ရွှေဘိုခရိုင်၊ ခန္တီးခရိုင်နှင့် မုံရွာခရိုင်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ခရိုင်အဆင့်မှသည် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်များတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူးများ အနေဖြင့် ၁၀ ရက်အတွင်း နုတ်ထွက်ကြရန် သက်ဆိုင်ရာဒေသ အသီးသီး၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များက သတိပေးထားသည်။
စစ်ကိုင်းတိုင်းအတွင်း အမျိုးသားညီညွတ်ရေးအဖွဲ့ (NUG) က အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှား ပြီး ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်နှင့် ခရိုင်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) များကို ဖွဲ့စည်းတာဝန်ပေးလျက် ပြည်သူ့ အုပ်ချုပ်ရေးယန္တရားကို စတင်လည်ပတ်နေပြီ ဖြစ်သောကြောင့် သတိပေးချက် ထုတ်ပြန်သည့် ဇူလိုင် ၁၀ ရက်မှ စတင်၍ ၁၀ ရက်အတွင်း နုတ်ထွက်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်စင်္ကြာက “ကျနော်တို့ ထုတ်ပြန်ရတဲ့ အဓိက ရည်ရွယ်ချက်က တော့ စစ်ကောင်စီယန္တရား ရပ်တန့်ဖို့အတွက် ဖြစ်တယ်။ ထုတ်ပြန်ချက်အပေါ် မလိုက်နာဘူး ဆိုရင်တော့ သူတို့အပေါ် ကောင်းကောင်း အရေးယူရမှာပေါ့။ လက်ရှိမှာလည်း ကျနော်တို့ မြို့ထဲရပ်ကွက်တွေကလွဲပြီး နယ်ဘက်ကျေးရွာတွေကို စိုးမိုးထားနိုင်တဲ့ အနေအထားမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ထိထိရောက်ရောက် လည်ပတ်နိုင်ဖို့အတွက် အခုလို သတိပေးစာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တမူးခရိုင်အတွင်း တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF )၊ ကျောင်းသားတပ်မတော် (ABSDF) စသည့် မဟာမိတ်တပ်ပေါင်းစုများက စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပြီး နယ်မြေစိုးမိုးနိုင်မှု တဖြည်းဖြည်း ချဲ့ထွင်နေသလို စစ် ကောင်စီ ဒေါက်တိုင်များနှင့် ပျူစောထီးအဖွဲ့များကိုလည်း ဖမ်းဆီးအပြစ်ပေးခြင်း၊ ကားလမ်းမများကို လုံခြုံရေးယူကာ စစ် ကောင်စီ ထုတ်ကုန်များကို ရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်လျက် ရှိကြောင်းလည်း တမူးခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အလားတူ နယ်မြေစိုးမိုးမှု အားပြိုင်နေပြီး စစ်ကောင်စီနှင့် ဘတပြန်ကျားတပြန် တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း၊ မုံရွာ ခရိုင်အတွင်း၌လည်း ကျေးရွာအုပ်ချုပ်ရေးမှူး တချို့သည် ပြည်သူနှင့် မပူးပေါင်းဘဲ စစ်ကောင်စီ၏ ဒေါက်တိုင်အဖြစ် ဆက် လက်ရပ်တည်ကာ ပြည်သူ့နေအိမ်များကို မီးရှို့ရာတွင် ပါဝင်ခြင်း၊ ကျေးရွာသားများအား ဖမ်းဆီးသတ်ဖြတ်ရာ၌ အားပေး ကူညီနေသည့်အတွက် နောက်ဆုံးအနေဖြင့် ထိုသို့ သတိပေးစာ ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း မုံရွာ သပိတ်ခေါင်းဆောင် လည်းဖြစ်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တဦးလည်းဖြစ်သူ ကိုအာကုက ရှင်းပြသည်။
၎င်းက “နယ်မြေစိုးမိုးမှုက လိုင်းပေါ်မှာ တချို့ပြောထားတဲ့ အတိုင်းအတာအထိလည်း မဟုတ်သေးဘူး။ ကျနော်တို့ ကြိုးစားနေဆဲပဲ ရှိပါသေးတယ်။ အဲဒီလောက်ထိ ကျနော်တို့ မရရှိသေးပါဘူး။ အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်လို့ကတော့ တချို့အုပ်ချုပ်ရေး မှူးတွေက ပြည်သူ့တွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့်အစား စစ်ကောင်စီအလိုကျ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သူတို့ကိုယ်တိုင်က ဒေါက်တိုင်တရပ်အနေနဲ့ ပါဝင်နေတဲ့အတွက် ကျနော်တို့က နောက်ဆုံးအနေနဲ့ သတိပေးစာ ထုတ်ပြန်ရခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ သတိပေးချက်အပေါ် စစ်ကောင်စီ လက်အောက်ခံ အဆင့်ဆင့်သော အုပ်ချုပ်ရေးမှူးများ အနေဖြင့် လိုက်နာမှု မရှိ ပါက အကြမ်းဖက် ယန္တရားတွင် ကိုယ်တိုင် ကာယကံမြောက် ပါဝင်ကာ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို နှောင့်ယှက် ဖျက်ဆီးသူအဖြစ် မှတ်ယူပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အပါအဝင် တည်ဆဲဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။
ထိုသို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဇူလိုင် ၁၀ ရက်တွင် သတိပေးစာ များ ထုတ်ပြန်ပြီးနောက် ဇူလိုင် ၁၃ ရက်တွင် စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ် ကြီး မြထွန်းဦးသည် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီ လက်အောက်ခံ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိ သူများ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် မြို့မိမြို့ဖများအား သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြချက်အရ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် ခန္တီးတပ်နယ် အတွင်းရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး တပ်နယ်မိသားစုများအား စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
လက်ရှိ အခြေအနေတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း မြောက်ပိုင်းရှိ အဓိက လမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းကျော်နှင့် ကျေးလက်ဒေသ ၈၀ ရာခိုင်နှုန်းကျော်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားနိုင်ကြောင်း ပြီးခဲ့သည့် ဇွန်လ အတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ NUG ဘက်က ထုတ်ဖော်ပြောဆိုထားသည်။