မန္တလေးတက္ကသိုလ် ဝန်ထမ်းအိမ်ရာမှ မဖယ်သဖြင့် စစ်ကောင်စီက ဖမ်းဆီးထားသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားသော ပညာရေး ဝန်ထမ်းတချို့ ပြန်လွတ်လာကြောင်း သိရသည်။
အဆိုပါ ဝန်ထမ်းများမှာ CDM လုပ်ထားသော်လည်း ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားမပေးသဖြင့် သြဂုတ် ၂၇ ရက်တွင် အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မန္တလေးတက္ကသိုလ်ကို စီးနင်းပိတ်ဆို့ပြီး သက်ကြီးရွယ်အိုနှင့် ကလေးများ အပါအဝင် ၄၀ ခန့်အား ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ပညာရေးအသိုင်းအဝန်းက သိရသည်။
မန္တလေးတက္ကသိုလ်နှင့် နီးစပ်သူတဦးက “အဓိကက CDM လုပ်ပြီးတော့ လိုင်းခန်းကနေ ဖယ်မပေးတဲ့သူတွေ အဖမ်းခံ လိုက်ရတာပါ။ ၄၀ လောက်ထိ ရှိတယ်။ အခု အဖမ်းခံရတဲ့အထဲမှာ ပါမောက္ခအဆင့်နဲ့ အရာရှိအဆင့်တွေလည်း ပါတယ်လို့ သိရတယ်။ အဲဒီအထဲက အချို့တော့ ပြန်လွှတ်ပေးလိုက်ပါပြီ။ အဓိကကျတဲ့သူ ၇ ယောက်ကိုတော့ ပြန်မလွှတ်သေးဘဲ ဖမ်း ထားဆဲပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဖမ်းဆီးရာတွင် မန္တလေးတက္ကသိုလ် ဝင်ပေါက်၊ ထွက်ပေါက်များအား ပိတ်ဆို့ကာ CDM ပြုလုပ်ထားသူများကို မတွေ့ ပါက အိမ်ရှိ မိသားစုဝင်အကုန် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပြန်လွတ်လာတဲ့သူတွေ လိုင်းခန်းကနေ ရွှေ့ပြောင်းနေကြပြီ။ အခုလို ဖြစ်ပြီးတော့မှ ဆက်နေတယ်ဆိုရင် ထောင်ထဲထည့် တော့မှာပေါ့နော်။ လိုင်းခန်းထဲမှာ ဆက်နေနေလို့ သူတို့ကို အလုပ်ပြန်ဝင်ဖို့ စည်းရုံးတာကို ပြန်မဝင်ခဲ့ကြတာ။ ပြန်မဝင် တော့တဲ့အတွက် အလုပ်ကနေ တရားဝင်စာထွက်ပြီး ထုတ်ထားပြီးသား။ ပြီးတော့ လိုင်းခန်းတွေကိုလည်း ပြန်အပ်၊ ဖယ် ပေးဖို့ ပြောနေတာကို ဂရုမစိုက်ကြလို့ အခုလို ဖြစ်သွားကြတာ။ အခုတော့ အားလုံး လိုင်းခန်းကနေ ဖယ်နေကြပါပြီ” ဟု မန္တလေးတက္ကသိုလ်နှင့် နီးစပ်သူတဦးက ဆိုသည်။
မန္တလေးတက္ကသိုလ်ဝန်းအတွင်း၌ ပါမောက္ခ၊ တက္ကသိုလ်ဝန်ထမ်းများ၊ အခြေခံပညာအဆင့် ဆရာ၊ ဆရာမများ အပါအဝင် သက်ကြီးပိုင်း ပညာရေးဝန်ထမ်းများလည်း နေထိုင်ကြကြောင်း၊ ဖမ်းဆီးခံရမှုတွင် အရာရှိအဆင့်များထက် သာမန်အမှုထမ်း ဝန်ထမ်း များကြောင်း သိရသည်။
တက္ကသိုလ်ဝန်းအတွင်း နေထိုင်ဆဲ CDM ပညာရေး ဝန်ထမ်းများကို လက်ရှိ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ သြဂုတ် ၂၇ ရက်က ဖမ်းဆီးခံရသူများကို မဟာအောင်မြေမြို့နယ်၊ အမှတ်(၉) မြို့မရဲစခန်းတွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ရတနာပုံတက္ကသ်ိုလ်မှ CDM ကထိက တဦးက “ကျနော်တို့ သိရသလောက်ကတော့ အချို့ ဆရာ၊ ဆရာမတွေက ကိုယ် တိုင်မနေကြဘဲ ဆွေမျိုးအသိုင်းအဝိုင်းတွေကို ထားထားတာ။ CDM ဆရာ၊ ဆရာမတွေရဲ့ နေအိမ်တွေကနေ ဖယ်ပေးခိုင်းရာ ကနေ အဖမ်းခံလိုက်ကြရတာပဲ။ လက်ရှိမှာ CDM ဆရာ၊ ဆရာမ အများစုက ကျောင်းဝန်းထဲမှာ မနေကြတော့ဘူး။ ဝန်ထမ်းငယ်တွေပဲ အများဆုံး နေထိုင်ကြတယ်” ဟု ပြောသည်။
ယခုလ အစောပိုင်းကလည်း ရတနာပုံတက္ကသိုလ်မှ CDM ပါမောက္ခနှင့် ပညာရေးဝန်ထမ်းအချို့ ဖမ်းဆီးခံခဲ့ရပြီး တချို့ကို ပြန်လွှတ်ပေးကာ အချို့ကို အိုးဘိုထောင်သို့ ပို့ကာ တရားစွဲဆိုခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။
ရတနာပုံတက္ကသိုလ်မှ Non-CDM ဝန်ထမ်းတဦးက “ရတနာပုံတက္ကသိုလ် ငွေစာရင်းဌာနက CDM ဝန်ထမ်းတွေကိုလည်း ဖမ်းပြီးတော့ ၅ ယောက်ကို ပိုက်ဆံယူပြီး ပြန်လွှတ်ပေးခဲ့တယ်။ ၂ ယောက်ကိုတော့ အိုးဘိုထောင်ကို ပို့လိုက်တယ်။ အမှု ဖွင့် တရားစွဲထားတယ်။ သူတို့ကတော့ Non-CDM တွေကနေ တိုင်လို့ ဖြစ်တာ။ သူတို့က အစိုးရလိုင်းခန်းမှာကို မနေကြ တော့တာ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးတက္ကသိုလ်က အရာထမ်း ၂၄၅ ယောက်နှင့် အမှုထမ်း ၁၄၁ ယောက်ကို CDM ပြုလုပ်သည်ဟုဆိုကာ ရာထူးမှ ထုတ်ပယ်ကြောင်း ပြီးခဲ့သည့် မေ ၂၀ ရက်တွင် စစ်ကောင်စီခန့် ပါမောက္ခချုပ်က လက်မှတ် ရေးထိုး ထုတ်ပြန်ထားသလို ရတနာပုံတက္ကသိုလ်တွင်လည်း CDM ပြုလုပ်ထားသူ ၄၀၀ ကျော် ရှိကြောင်း သိရသည်။
“CDM တွေကို ဖမ်းနေတယ်ဆိုတာ ဥပဒေမဲ့ လုပ်ရပ်တွေပဲ။ ဘာကြောင့်လဲဆို CDM လုပ်တဲ့အတွက် သူတို့အားလုံးကို အလုပ်ကနေလည်း တရားဝင် ထုတ်ပြီးပြီ။ အဲဒီတော့ တရားဥပဒေအရရော၊ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရရော ဘာမှ လုပ်လို့ မရတော့ဘူးလေ။ ဒါကို အခုလို ဖမ်းတယ်ဆိုတာမျိုးကတော့ ဥပဒေပြင်ပကနေ အနိုင်ကျင့်တာ၊ ဥပဒေမဲ့အနိုင်ကျင့် တာမျိုး ဖြစ်သွားပြီ” ဟု ရတနာပုံတက္ကသ်ိုလ်မှ CDM ကထိက တဦးက မှတ်ချက်ပေးသည်။
လက်ရှိတွင်လည်း အာဏာသိမ်း စစ်ကောင်စီသည် CDM ပြုလုပ်ထားသည့် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများကို ပိုက်စိပ် တိုက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသလို မန္တလေးတက္ကသိုလ်၌လည်း ဝင်ရောက် တပ်စွဲထားကြောင်း သိရသည်။