ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၆ သည် စက်တင်ဘာလနှောင်းပိုင်းတွင် ကရင်ပြည်နယ်တောင်ပိုင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ ရှေ့တန်း တပ်စခန်းအချို့ကို ဆက်တိုက်ဆိုသလို တိုက်ခိုက် သိမ်းပိုက်လာသည်။
စက်တင်ဘာ ၂၈ ရက်တွင် KNLA တပ်ဖွဲ့ဝင်များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ အထူးစစ် ဆင်ရေးတပ်ဖွဲ့ (SOF) တို့သည် ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ဘုရားသုံးဆူမြို့အဝင်နားက ဘုရားတောင်စခန်းကို အင်အား အမြောက်အမြားဖြင့် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့သည်။
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာစေတီနှင့် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ကို မြူနှင်းများကင်းစင်ပြီး မြင်ကွင်းကြည်လင်ချိန် နံနက် ၆ နာရီတွင် စတင် တိုက်စစ်ဆင်ခဲ့ကြောင်း SOF တပ်ဖွဲ့ ၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီသို့ ပြောသည်။
KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ဘုရားတောင်စခန်းတွင် KNU ၏ ခွင့်ပြုချက် မရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား အနည်းဆုံး ၃၀ ခန့်က အခြေချတပ်စွဲကာ ဒေသခံပြည်သူများအား အနှောင့်အယှက် ပေးနေသဖြင့် တိုက်ခိုက် ရှင်းလင်းရခြင်း ဖြစ်ကြောင်း SOF အဖွဲ့က ဆိုသည်။
အဆိုပါ စခန်းသည် ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၂၈၃ ခြေလျင်တပ် ထိုင်ထားသည့် စခန်း ဖြစ်ပြီး ဘုရားသုံးဆူမြို့နှင့် ကော့ကရိတ်မြို့ကို ဆက်သွယ်ထားသော ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိနေသော စခန်းတခု ဖြစ်ကြောင်းလည်း SOF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
၎င်းက “သူတို့ (စစ်ကောင်စီတပ်) က ကိုယ့် သဘောနဲ့ကိုယ် မတရားလာပြီး ကျူးကျော်နေတဲ့အပေါ် ကျနော်တို့က KNLA ရဲ့ စစ်ဆင်ရေး အစီအစဉ်အတိုင်းပဲ ခြေကုပ်စခန်းကို သိမ်းပိုက်ခဲ့တာပါ” ဟု ဆိုသည်။
ယင်းစခန်းကို KNLA တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၁၆ မှ တပ်ဖွဲ့ဝင်များနှင့် SOF တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ် အကြာတွင် လက်နက်ချရန် ပြောခဲ့ကြောင်း၊ သို့သော် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များသည် လက်နက်မချဘဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တုံ့ပြန်ပစ်ခတ်လာသဖြင့် တော်လှန်ရေးတပ်များ က ဝင်ရောက် ချေမှုန်းခဲ့ရကြောင်း SOF ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။
၎င်းက ဆက်၍ “ကျနော်တို့ ၁၅ မိနစ်လောက် အရင်ပစ်ပြီးတော့ သူတို့အထိအခိုက် နည်းသေးတဲ့ အချိန်မှာ ကျနော်တို့က ပိတ်ဆို့ထားပြီးတော့ အသံပေးပါတယ်။ သူတို့ကို ၄၅ မိနစ်ထိ အချိန်ပေးခဲ့တယ်။ အဲဒီအချိန်က သူတို့ အတွက် လုံလောက်တဲ့ အချိန်ပါပဲ။ သူတို့ ညှိနှိုင်းချင်ရင် ညှိနှိုင်းလို့ရတဲ့ အနေအထားမျိုးပါ။ ဒါပေမဲ့ သူတို့ဘက်က လက်နက်ချ အညံ့မခံဘဲနဲ့ တောက်လျှောက် ပြန်ပစ်တယ်။ သူတို့က ထွက်မလာတဲ့အချိန်မှာ အနီးကပ်တက်ပြီး ကျနော်တို့က ချေမှုန်းရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး အပါအဝင် ၁၃ ဦး သေဆုံးခဲ့ပြီး တပ်သား ၁၇ ဦးခန့်မှာလည်း စခန်း ကို စွန့်ခွာထွက်ပြေးသွားကြောင်း၊ လက်နက်ခဲယမ်းများ အနေဖြင့် MA4 ၁ လက်၊ MA2 ၂ လက်၊ MA3 ၃ လက်၊ MA1 ၅ လက်၊ စနိုက်ပါ ၁ လက်၊ ၆၀ မမ ၁ လက်၊ RPG ၁ လက်၊ ငါးကြင်းမြီးစက်လတ် ၁ လက်/ NATO ကျည် ၈၉ တောင့်၊ ၅ ဒသမ ၅၆ ကျည် ၅၁၃ တောင့်၊ ကျည်ဘောက် ၁၆ ခု သိမ်းဆည်းရမိခဲ့ကြောင်း KNU ဒူးပလာယာခရိုင်နှင့် SOF က သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲပြီးသည့်နောက် ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီ တပ်စွဲထားသည့် သာသနိကအဆောက်အအုံများ မီး လောင်နေသည်ကို ငြှိမ်းသတ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ကူ တိုက်ခိုက်ခဲ့သောကြောင့် ဘုရားတောင်ရွာရှိ လူနေအိမ်အချို့ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း SOF ထံမှ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှတဆင့် ပစ်ခတ် တိုက်ခိုက်လာနိုင်ခြေကို စိုးရိမ်သဖြင့် ဘုရားတောင်ရွာ ဒေသခံများ စစ်ဘေးရှောင်နေကြကြောင်း SOF ဘက်က ပြောသည်။
ဘုရားတောင်စခန်း မကျဆုံးမီ စက်တင်ဘာလ ၂၇ ရက် ညပိုင်းကလည်း ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက် အဇင်း ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို KNLA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၁၈ က တက်ရောက် ရှင်းလင်း မီးရှို့ခဲ့သေးသည်။
အဆိုပါ စခန်းသည် စစ်ကောင်စီဘက်က စွန့်ပစ်ထားသည့် စခန်းတခု ဖြစ်ကြောင်း အမည်မဖော်လိုသည့် KNU အဆင့်မြင့်အရာရှိတဦးက ဧရာဝတီကို ပြောသည်။
KNU တပ်ဖွဲ့ဝင်များ စခန်းရှင်းလင်းပြီးနောက်တွင် စစ်ကောင်စီတပ် လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များက အဇင်းရွာရှိ စစ်စခန်းသို့ ရောက်ရှိလာကာ စခန်းချတပ်စွဲနေကြောင်း ကရင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာများက ရေးသားကြသည်။
KNU တပ်မဟာ ၆ တပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဇွန်လက တိုက်ခိုက်ခဲ့သော မြဝတီမြို့ တောင်ဘက်ရှိ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲ မအောင်မြင်ခဲ့သော်လည်း လက်မလျှော့ဘဲ ၃ လအကြာ စက်တင်ဘာလတွင် စခန်းသိမ်းတိုက်ပွဲ များ ပြန်လုပ်လာခြင်းလည်း ဖြစ်သည်။
စက်တင်ဘာလ၏ စခန်းသိမ်းတိုက်ပွဲများကို KNU တပ်မဟာ ၆ က ကြာအင်းဆိပ်ကြီးမြို့ အရှေ့ဘက် ကျိုက်ရွာရှိ ကြိတ် စခန်းအား တိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့် စတင်ခဲ့သည်။ အမှတ်-၅၅၇ ခြေမြန်တပ်ရင်း တပ်စွဲထားသည့် ယင်းကြိတ်စခန်း အား KNU လက်အောက်ခံ တပ်ရင်း ၁၈ နှင့် ဒေါနစစ်ကြောင်း-SOG တို့ ပူးပေါင်းကာ နာရီဝက်အတွင်း တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်း ဖြစ်သည်။
KNU အဆင့်မြင့်အရာရှိတဦးက စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းများကို ဆက်တိုက် တိုက်ခိုက်နေခြင်းသည် KNU နယ်မြေအတွင်း စစ်ကောင်စီက ကျူးကျော်တပ်စွဲထားသဖြင့် KNU တပ်ဖွဲ့ဝင်များက ဒေသအခြေအနေအရ တိုက်ခိုက် ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တချို့လည်း မေးကြတယ်။ NCA (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) ဟာ မရှိတော့ဘူးလားဆိုပြီး။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ရင် ကျနော်တို့ ဘက်ကလည်း ယတိပြတ် တော့ မပြောနိုင်ဘူး။ ကျနော် လက်လှမ်းမီသလောက်ကတော့ ကျနော်တို့ဘက်က ထိုးစစ်အကြီး Offensive ကို လုပ်နိုင်တဲ့ အနေအထားအထိတော့ မရောက်သေးပါဘူး” ဟု ဆိုသည်။
သို့သော် လက်ရှိ KNU တပ်မဟာ ၆ အခြေစိုက်ရာ ဒူးပလာယာခရိုင်တွင် စစ်ကောင်စီတပ်သည် KNU ၏ တိုက်ခိုက်မှု ကို တစုံတရာ တုံ့ပြန်နိုင်သည့် အခြေအနေ မတွေ့ရကြောင်း KNU အဆင့်မြင့်အရာရှိတဦးက သုံးသပ်သည်။
၎င်းက “သူ့မှာ ဘာချို့ယွင်းချက် ဖြစ်နေသလဲတော့ မသိဘူး။ သူ့ဘက်ကလည်း ထိုးစစ်အနေအထား လုပ်တာ မရှိသေးဘူး။ ကျနော်တို့ဘက်က Boxing ထိုးသလိုပေါ့ဗျာ။ ရှောင်လိုက်တိုက်လိုက်လုပ်တာကို အခုက ပြန်မခုခံနိုင်တဲ့ အနေအထား မျိုးတော့ ဖြစ်နေတာပေါ့။ ကျနော်တို့ အရင်အတွေ့အကြုံအရဆိုရင် ဒီလိုမျိုး စခန်း ၁ ခု အသိမ်းခံလိုက်ရရင် စစ်တပ်က ချက်ချင်း တုံ့ပြန်တာပေါ့။ အခုက ဘာမှ ပြန်မလုပ်နိုင်တော့ အင်အား မရှိတာလား၊ သူတို့ဘက်က မိုးအကုန် ပွင့်လင်း ရာသီကို စောင့်နေတာလား။ ဘာသဘောလဲတော့ မသိဘူး” ဟု မှတ်ချက်ပြုသည်။
လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာပြီး CDM စစ်သားများအား ကူညီပေးနေသည့် ဗိုလ်ကြီးဟောင်း လင်းထက်အောင်ကလည်း စစ်ကောင်စီတပ်သည် ကရင်ပြည်နယ်တွင် တိုင်းမှူးအသစ် ပြောင်းထားသော်လည်း စစ်ရေးအရ စွမ်းဆောင်ရည် မပြနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် အာဏာသိမ်း စစ်တပ်က ကချင်ပြည်နယ် ပါဝင်သည့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးအား ကရင်ပြည်နယ် ပါဝင်သော အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ပြောင်းရွှေ့ခဲ့ခြင်း ကို ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
ဗိုလ်ကြီးဟောင်း လင်းထက်အောင်က “ဘာကြောင့်လဲဆိုရင် စစ်တပ်က သူတို့ရဲ့ မြေပြင်တပ်တွေကို ၁၀၀ ရာခိုင်နှုန်း ကွပ်ကဲနိုင်တဲ့ အနေအထား မရှိဘူး။ မြေပြင်တပ်တွေက တိုက်ခိုက်လိုစိတ် နည်းတာကို တွေ့ရတယ်။ ရှေ့တန်းစစ်မြေပြင်မှာ လက်နက်ချတာတွေ၊ CDM ဝင်တာတွေက မြင်နေရတာပဲလေ။ အဖမ်းခံရတာတွေကလည်း များလာတယ်” ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီဘက်က တိုက်စိတ်ခိုက်စိတ် နည်းလာချိန်တွင် တော်လှန်ရေးတပ်များဘက်က တိုက်စိတ်ခိုက်စိတ် တက်လာခြင်းသည်လည်း စစ်ကောင်စီ ရှေ့တန်းစခန်းများ ဆက်တိုက် ကျဆုံးနေရခြင်း၏ အကြောင်းအရင်းတချက် ဖြစ်နိုင်ကြောင်း၊ ကြိတ်စခန်းနှင့် ဘုရားတောင်စခန်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှု ချက်ချင်းမလုပ်ဆောင်နိုင်သည့် အနေအထားကို တွေ့ရကြောင်းလည်း ၎င်းက ပြောသည်။
၎င်းက ဆက်၍ “တနိုင်ငံလုံးမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အများကြီးပေါ့။ ထိတွေ့မှုကလည်း နေ့စဉ် ဖြစ်နေတယ်။ နေရာတိုင်းကို လေကြောင်းက တိုက်ဖို့ဆိုတဲ့ အခြေအနေက အရင်လောက်တော့ အများကြီး မရှိ တော့ဘူး။ လေကြောင်း တိုက်ခိုက်မှုအတွက်က ထောက်ပံ့မှုပိုင်း လိုအပ်တာတွေ ရှိတယ်။ ဗုံးသီးတွေ ဘာတွေပေါ့။ ဒါတွေကို သူတို့ဘက်က ခြိုးခြံလာရတဲ့ အခြေအနေ မရောက်ရင်တောင်မှ ချင့်ချိန်ပြီး သုံးစွဲနေရတဲ့ အနေအထားတော့ ရှိတယ်” ဟု ဆိုသည်။
သို့သော်လည်း စစ်ကောင်စီ လေတပ်သည် အလုံးစုံမပျက်ဆီးသေးဘဲ လေကြောင်းပစ်ကူ ပေးနိုင်သည့် အနေအထား ၌ပင် ရှိနေဆဲ ဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း လင်းထက်အောင်က သတိပေးသည်။
လတ်တလော ဖြစ်ပွားထားသည့် ကြာအင်းဆိပ်ကြီးမြို့နယ်က စခန်းသိမ်းတိုက်ပွဲများကို လေ့လာ ကြည့်ပါက KNU ဦးဆောင်သည့် တော်လှန်ရေးတပ်များသည် စစ်ကောင်စီ စခန်းများကို ရမ်းသမ်းမတိုက်ဘဲ ရိက္ခာ လမ်းကြောင်းများ ကြိုတင်ဖြတ်တောက်ကာ စနစ်တကျ တိုက်ခိုက်သိမ်းပိုက်သည့်ပုံစံမျိုး တွေ့လာရကြောင်း ၎င်းက မှတ်ချက်ပေးသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ KNU တပ်မဟာ ၆ နယ်မြေ၌ KNLA ဦးဆောင် သည့် တော်လှန်ရေးတပ်များသည် သေ့ဘောဘိုးနှင့် မော်ခီး ကဲ့သို့သော ရှေ့တန်းစခန်းကြီးများ အပါအဝင် ဖလူးဘုရား ကုန်းစခန်း၊ ဝေါလေရဲစခန်း၊ ကြိတ်စခန်း၊ အဇင်းရွာစခန်းနှင့် ဘုရားတောင်စခန်း စသည့် ရှေ့တန်းစခန်း အနည်းဆုံး ၇ ခုကို တိုက်ခိုက် သိမ်းပိုက်ထားသည်။