ရခိုင်ပြည်နယ်၊ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကို စစ်ကောင်စီက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅ (က) တို့ဖြင့် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် အောက်တိုဘာ ၅ ရက်က အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က မြောက်ဦးမြို့တွင် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူများ ရှိခဲ့သည်ဟူသော သတင်း ကို ရေးသားဖော်ပြရာ၌ စစ်ကောင်စီတပ် ထောင်ထားသည့်မိုင်း ဖြစ်ကြောင်း ထည့်သွင်းရေးသားခဲ့သည့်အတွက် အမှုဖွင့် လှစ်ခံရခြင်း ဖြစ်သည်ဟု သိရသည်။
နိရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်က “မြောက်ဦးမြို့ပေါ်မှာ မိုင်းကွဲတဲ့သတင်းကို ဒေသခံတွေကို မေးမြန်း အတည်ပြုပြီးမှ ရေးခဲ့တာ။ အဲဒ်ီမှာ ဒေသခံတွေ၊ မြို့ခံတွေက စစ်တပ်က ထောင်ခဲ့တဲ့မိုင်းလို့ ပြောကြတယ်။ အဲဒီလို အတည် ပြုပြီးမှ ရေးခဲ့တာ။ အဲဒီ သတင်းကြောင့်ပဲ စစ်တပ်ကနေ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ရယ်၊ ၅၀၅ (က) ရယ်နဲ့ အမှုဖွင့် တရားစွဲတာပေါ့” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲမှု သတင်းကို ဒေသခံများအား တိတိကျကျ မေးမြန်းစုံစမ်း အတည်ပြုပြီးမှ ရေးသားခဲ့ခြင်းဖြစ်ရာ မဟုတ်မမှန်သတင်းများ ရေးသားသည်ဆိုသော အကြောင်းပြချက်ဖြင့် လိမ်လည်လုပ်ကြံ အမှုဖွင့်ခံရသည့်အပေါ် တရားရင် ဆိုင်သွားမည် မဟုတ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဦးခိုင်မြတ်ကျော်က “စစ်ကောင်စီအောက်မှာ သတင်းမီဒီယာသမားတွေက ပစ်မှတ်တခုလို ဖြစ်လာတယ်။ ရန်သူလို သဘောထားပြီး ဖမ်းတာတို့၊ တရားစွဲတာတို့၊ သတ်ဖြတ်တာတွေ ရှိလာတယ်။ အဓိကတော့ သူတို့ရဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ၊ လူထုအပေါ်မှာ အနိုင်ကျင့်စော်ကားမှုတွေကို မီဒီယာတွေက တင်ပြနေတာကို မကြိုက်ကြဘူးပေါ့။ အခုလို အမှုဖွင့်တာက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တခုလို့ပဲ မြင်ပါတယ်” ပြောသည်။
စက်တင်ဘာလ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် မြောက်ဦးမြို့ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီက သတင်း ထုတ်ပြန်ရာတွင် ရက္ခိုင့်တပ်တော် (AA) က ထောင်ထားသည့် လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဆိုထားသည်။
ဦးခိုင်မြတ်ကျော်က “အမှုဖွင့်ခံရပေမယ့်လည်း ကျနော်တို့ကတော့ လူအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ တရား ဥပဒေမဲ့ လုပ်ရပ်တွေကို ရနိုင်သမျှနည်းလမ်းနဲ့ ဖော်ထုတ်ပြီးတော့ တနိုင်လုံးနဲ့ တကမ္ဘာလုံး သိအောင် ဆက်လုပ်သွားဖို့ ရှိပါတယ်။ လုပ်လည်း လုပ်နေကြပါတယ်။ အခုလို တရားစွဲ၊ ဖမ်းဆီး၊ ထောင်ချနေပေမယ့် မီဒီယာသမားတွေ အနေနဲ့ နောက်ဆုတ်သွားတယ်ဆိုတာ မရှိပါဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၇ ရက်ကလည်း စစ်တွေမြို့၊ မကျည်းမြိုင်ရှိ နိရဉ္စရာရုံးဟောင်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သေးကြောင်း၊ ထိုသို့သော အခြေအနေများကြောင့် စစ်တွေမြို့ရှိ နိရဉ္စရာသတင်းဌာနရုံးခန်း ကို ပိတ်ထားရပြီး အယ်ဒီတာ၊ သတင်းထောက်များလည်း လုံခြုံဘေးကင်းသည့်နေရာတွင် ရွှေ့ပြောင်းနေထိုင်ကာ သတင်း ရေးသားတင်ဆက်ခြင်းများကို ဆက်လက် ပြုလုပ်နေရကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီက ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနအများစုမှ အယ်ဒီတာနှင့် သတင်းထောက်များကို အမှုဖွင့် တရားစွဲဆိုထားခြင်းများရှိရာ Development Media Group နှင့် Western News သတင်းဌာနများမှ အယ်ဒီတာချုပ်များ အပါအဝင် တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက် ၁ ဦးတို့ တရားစွဲခံထားရကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သတင်းသမားများ ဖမ်းဆီးခံရမှုတွင် မြန်မာနိုင်ငံသည် ကမ္ဘာ၌တွင် ဒုတိယအများဆုံး နိုင်ငံ ဖြစ်နေပြီး အရပ်သားအစိုးရအား ဖြုတ်ချအာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် သတင်းမီဒီယာများအပေါ် အကြမ်း ဖက်ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိရာ ယနေ့အချိန်ထိ သတင်းထောက်ဦးရေ ၁၄၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၆၀ ကျော်မှာ အကျဉ်း ထောင်များအတွင်း ချုပ်နှောင်ခံနေရဆဲ ဖြစ်ကာ ဖမ်းဆီးခံရသည့် သတင်းသမားများအနက် ၄ ဦးမှာ သတ်ဖြတ်ခံခဲ့ရသည်။