မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် စိုက်ပျိုးရေးဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီး များကို ဖြုတ်ချလိုက်ပြီး ၎င်းတို့နေရာတွင် သူ၏လူရင်းများဖြင့် အစားထိုးလိုက်သည်။
စစ်ကောင်စီက မည်သည့် ရှင်းလင်းချက်မျှမပေးဘဲ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေလေးတို့ကို အငြိမ်းစားယူခွင့်ပေးလိုက်ကြောင်း ကြေညာခဲ့သည်။
စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်မျိုးသန့်ကို စစ်ကောင်စီဆောက်လုပ်ရေးဝန်ကြီးအဖြစ် ခန့်လိုက်သည်။
စစ်ဘက်ဆောက်လုပ်ရေး စီမံကိန်းအများအပြားကို ဗိုလ်ချုပ်မျိုးသန့်က မင်းအောင်လှိုင်၏သား အောင်ပြည့်စုံကို ပေးသောကြောင့် သူ့ကို ဆောက်လုပ်ရေးဝန်ကြီးခန့်ခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးပြောသည်။
စစ်ကောင်စီ၏ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဦးလှမိုးသည် စိုက်ပျိုးရေးဝန်ကြီးဌာနကိုလည်း တာဝန်ယူမည်ဖြစ်သည်။
ဗိုလ်မှူးကြီးဟောင်း လှမိုးသည့် မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ မှဆင်းပြီး ရာထူးအားဖြင့် ငယ်သော်လည်း မင်းအောင်လှိုင်က သူ့ကို သူငယ်ချင်းအဖြစ် သဘောထားသည်ဟု ဆိုကြသည်။ ထိုအပတ်စဉ်မှ တင်ဦးလွင်ကိုလည်း နေပြည်တော်ကောင်စီဥက္ကဌအဖြစ် မကြာသေးမီက ခန့်အပ်ခဲ့သည်။
လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ဘဏ္ဍာငွေအသုံးစရိတ် အကြီးအကျယ် ရရှိသည့် ဌာနဖြစ်ပြီး မင်းအောင်လှိုင်က ထိုဌာနတွင် လူယုံကိုသာ ထားလိုသည်။
ယခင်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေခေတ်ကလည်း သူ၏လူယုံ ဗိုလ်ချုပ်ဌေးဦးကို ထိုရာထူးတွင် ခန့်သည်။
ဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရတွင်လည်း ဗိုလ်ချုပ်မြင့်လှိုင်ကို ထိုရာထူးတွင် ခန့်သည်။ ရာထူးကို စွန့်လွှတ်ရသောအခါ သူသည် လွန်စွာချမ်းသာလာပြီး ယခုအခါ စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် စိုက်ပျိုးရေးတာဝန်ခံဖြစ်လာသည်။
You may also like these stories:
စစ်ထောက်လှမ်းရေးခေတ် ပြန်ရောက်လာပြီ
ပစ်ခတ်မှုစနစ် ချို့ယွင်းနေသည့် JF 17 တိုက်လေယာဉ်များ စစ်ကောင်စီ ဝယ်ထားမိ
မြောင်တွင် စစ်တပ်က အချင်းချင်း ပစ်သတ်
စစ်ရာဇဝတ်ကောင် မြန်မာလေတပ်ချုပ်ကို အာဆီယံကွန်ဖရင့် ဥက္ကဋ္ဌ အဖြစ် ခန့်အပ်