စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေလှံရွာအနီး ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကူလာ သော ရဟတ်ယာဉ်က မြေပြင်ရှိ ၎င်းတို့၏ အဖွဲ့သားများအား ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၈ နာရီဝန်းကျင်တွင် အရပ်ဝတ်များ ဝတ်ဆင်ထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာ ကွယ်ရေးအဖွဲ့ဝင်များဟုထင်ပြီး နာရီဝက်ခန့်ကြာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် သေဆုံးသူ ၅၀ ဦး ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်သည် မြောင်မြို့နယ်နှင့် ရေစကြိုမြို့နယ်အစပ်ရှိ ရွှေလှံရွာကို မီးရှို့ပြီး ထွက်လာ ချိန်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ၂ ဖွဲ့ခွဲ၍ ဝိုင်းပြီး ညှပ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိ နေခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။
ထိုသို့ ပိတ်မိပြီးနောက် အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်အကြာတွင် ရဟတ်ယာဉ် တပ်ကူခေါ်လိုက်ရာ အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ Mi-35 ၁ စီး ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “စရောက်လာချင်းမှာ သူတို့က မပစ်သေးဘဲ ခေါ်ထားတဲ့ နေရာ တဝိုက်မှာ ဝိုက်ပြီးတော့ လူရှာနေတာ။ ရှာရင်း သူတို့တပ်ဖွဲ့ဝင်တွေကို တွေ့တာနဲ့ PDF ထင်ပြီး လုပ်လိုက်ပုံ ရတယ်။ လေယာဉ်ကလည်း အောက်နည်းနည်းနိမ့်ရင် သူ့လူကိုယ့်လူ ကွဲဦးမယ်။ အခု ပစ်သွားတာက မြင့်တယ်။ အဲဒါကြောင့် အထိအခိုက်များတာ” ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ ရဟတ်ယာဉ် တက်လာသည်ဟူသော သတင်းကြားကတည်းကပင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ပွဲအတွင်းမှ တချို့ပြန်လည်ဆုတ်ခွာပြီး တချို့မှာ ပုန်းကွယ်နေသဖြင့် ထိခိုက်မှု မရှိသော်လည်း အရပ်ဝတ်များဖြင့် ကွင်းပြင်တွင် ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာမူ မှားယွင်းပြီး ဗုံးကြဲချခံရသဖြင့် သေဆုံးမှု များပြားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးကလည်း “ကျနော်တို့က ပုန်းနေတာ။ သူတို့ကို စစ်ကူလာတာပဲ ဆိုပြီးတော့ ထီးထီးကြီး နေနေတဲ့အချိန် လေယာဉ်က ပွိုင့် ၅ တွေနဲ့လည်း ထုတယ်။ ဗုံးတွေလည်း ကြဲချတယ်။ လေယာဉ်က သူ့ လူလား၊ ကိုယ့်လူလား မသဲကွဲဘူး။ အောက်ကလည်း သူတို့ကို ဒီလို မှားချမယ်လည်း မထင်တော့ ဒီလောက်အထိ သေတာ” ဟု ရှင်းပြသည်။
သေဆုံးခဲ့သည့် အဆိုပါ တပ်ဖွဲ့သည် ပခုက္ကူမြို့အခြေစိုက် ခြေမြန်တပ်မဌာနချုပ် ဖြစ်သည့် အမှတ်-၁၀၁ (တမခ/ ၁၀၁) ဖြစ်ပြီး မြောင်မြို့နယ်တွင် တပ်မ ၁၀၁ အပြင် ၃၃ နှင့် ၄၄ တို့လည်း စစ်ရေးလှုပ်ရှားမှုများ၌ ပါဝင်ကြောင်း မြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
သေဆုံးသူစာရင်းကို အဆိုပါ စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသည့် ဒေသခံမျက်မြင်များ ပြန်လွတ်မြောက်လာချိန်၌ ပြောကြားချက်များကို အတည်ပြု မေးမြန်းထားခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် များက ပြောဆိုပြီး သေဆုံးစာရင်း အတိအကျကိုမူ ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ယင်းနေ့ည ၈ နာရီဝန်းကျင်၌ပင် ချင်းတွင်းမြစ်တွင်း သင်္ဘောများဖြင့် ရုပ်အလောင်းများကို ပြန်လည် သယ်ဆောင်သွား သလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကိုလည်း ထပ်မံ အင်အားတိုးချခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကံကြီးကုန်းရွာတိုက်ပွဲတွင် စစ်ကူခေါ်လိုက် သည့် စစ်ကောင်စီတပ် လေယာဉ် Mi-17 က မှားယွင်းပစ်ခတ်မှုကြောင့် ပျူစောထီး လက်နက်ကိုင်အဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် မြောင်မြို့နယ် ကျောက်ရစ်ရွာ၌ အထိုင်ချထားသည့်တပ်မှ အင်အား ၈၀ ကျော်နှင့် ချင်းတွင်းမြစ်ကြောင်းက အင်အားတိုးသည့် တပ်ဖွဲ့ဝင် ၁၀၀ ကျော်က တရွာဝင်တရွာထွက် စီးနင်းမှုများ ပြုလုပ်နေဆဲ ဖြစ်ကာ ကာကွယ်ရေးတပ် ဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားလျက် ရှိကြောင်း၊ ယနေ့ အဆိုပါ ၂ ဖွဲ့သည် ဆည်ရွာနှင့် မြစ်ဆုံရွာ၌ တပ်စွဲထား ကြောင်း သိရသည်။
ချင်းတွင်းမြစ်အတွင်း စစ်တပ်ရိက္ခာ ဆန်သင်္ဘောကို နိုဝင်ဘာ ၆ ရက်တွင် ဒေသကာကွယ်ရေး အဖွဲ့က စီးနင်းပြီး လူထုအား ပြန်လည်ဝေငှသည့် ဖြစ်စဉ်ပြီးနောက် နိုဝင်ဘာ ၇ ရက်မှစပြီး မြောင်မြို့နယ်အတွင်း စစ်ကြောင်းထိုး အကြမ်းဖက် စီးနင်းမှုများ ပြုလုပ်နေခြင်း ဖြစ်သည်။
ချင်းတွင်းမြစ်တလျှောက်ရွာများ ဖြစ်သည့် နနနွင်းကိုင်း၊ ဆူးလေကုန်း၊ မြစ်သာ၊ ဆင်သှောင်၊ ရွှေတချောင်း၊ သူဌေး ကုန်း၊ မာလကာခြံ၊ မြေစွန်း၊ ဆင်ခြေရာနှင့် ရွှေလှံတို့ကို စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ခဲ့ကြောင်း ဒေသခံ သတင်းရင်း မြစ်များထံမှ သိရသည်။
ဒေသခံတဦးက “အဲဒီနားတဝိုက်က ရွာတွေက ဆန်ယူတယ်လို့ထင်တဲ့ အိမ်မှန်သမျှကို သူတို့က မီးရှို့တာပဲ။ အဲဒီ သင်္ဘောက သူတို့ ရိက္ခာတွေကိုး။ အခု ဒီဘက်မှာ ဘာတွေ ဖြစ်နေလဲဆိုတော့ လက်လုပ်လက်စားတွေက မနက်ခင်း မှာ အလုပ်လုပ် ၁ ရက် ၇ ထောင်လောက် ရတယ်။ သူတို့ ရှာနေတာက သူတို့ မစားရဘဲနဲ့ နေ့ခင်းမှာရှာတာကို ဆီ ထည့်၊ ညကျ စစ်ကြောင်းနဲ့ဝေးတဲ့ နေရာတွေကို စစ်ရှောင်ရတာပေါ့” ဟု ပြောသည်။
ထိုသို့ ၁ ပတ်ခန့်ကြာ စစ်ကောင်စီတပ်၏ စီးနင်းဝင်ရောက်မှုကြောင့် ဒေသခံ သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးပြည်သူ ၂,၄၄၄ ဦးထိ ရှိလာပြီး နိုင်ငံတဝှမ်းတွင် မီးရှို့ခံရမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ် ပေါင်း ၂၈,၄၃၄ လုံး အနက် စစ်ကိုင်းတိုင်းတွင် ၂၀,၁၅၃ လုံး ရှိကြောင်း (သြဂုတ်လထိ နောက်ဆုံးထုတ်ပြန်ထားချက်) Data For Myanmar က ထုတ်ပြန်ထားသည်။
You may also like these stories:
ရေလယ်ကျွန်းဒေသတွင် စစ်ရှောင် ၁ သောင်းကျော်ထိ ရှိလာ
၁၀ ရက်အတွင်း ရေစကြို ရေလယ်ကျွန်းဒေသမှ အိမ် ၁၈၀ ကျော် မီးရှို့ခံရ
ချင်းတွင်းမြစ်တွင်း ရေယာဉ်များတိုက်ခိုက်ခံရ၊ စစ်သား ၁၂ဦးခန့် သေဆုံးဟုဆို