သတင်း

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်း၌ ရွာလုံးကျွတ်ထွက်ပြေးနေရ

ရခိုင်ပြည်နယ်တွင် လတ်တလော စစ်ကောင်စီနှင့် ရက္ခိုင်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာမှုကြောင့် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်ကို ဆက်သွယ်ထားသည့် ရန်ကုန်- စစ်တွေ ကားလမ်းပေါ်ရှိ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေ ရကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ရက် မနက်က စစ်တပ်ရိက္ခာတင်ယာဉ် ၁ စီးကို ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များက မဒေသာ ရွာနှင့် ဆင်အင်းကြီးရွာကြား ဖမ်းဆီးခဲ့ပြီးနောက် စစ်တပ်က လက်နက်ကြီးဖြင့် ရွာများကို ပစ်ခတ်ခြင်း၊ နေအိမ်များအား မီးရှို့ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းများ ဆက်တိုက် ပြုလုပ်နေသည့်အတွက် ရွာလုံးကျွတ် ထွက်ပြေးရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေး တိမ်းရှောင်နေကြသည့် ကျေးရွာများမှာ အဆိုပါ ကားလမ်းမပေါ်ရှိ ရေဖြူကန်၊ တောင်ရင်း၊ ဒီပါရုံ၊ ကျွဲထိုး၊ တန်းခိုး၊ ကျော်ဇံရွာ၊ ယာချောင်း၊ ဆားပြင်ကြီး၊ ဝက်နှုတ်သီး၊ အထုပ်သည်မ၊ မဒေသာ၊ ဆင်အင်းကြီး၊ ငှက်ကြီးကျွန်း၊ အိုင်ဒင်၊ ကွမ်းတောင် စသည့် ကျေးရွာများဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် စစ်တွေမြို့ပေါ်သို့ ထွက်ပြေး ခိုလှုံကြသလို တချို့မှာလည်း နီးစပ်ရာ ဆွေမျိုးများရှိရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်တွေ- ပုဏ္ဏားကျွန်းကားပေါ်ရှိ ဒီပါရုံရွာသားတဦးက “ရွာကို လက်နက်ကြီးနဲ့ ချိန်ပစ်နေတော့ ဘယ်သူနေရဲမလဲ။ ကားလမ်းတလျှောက်က ရွာတွေမှာ လူမကျန်တော့ဘူး။ ကျွဲ၊ နွား ရှိတဲ့သူတွေကတော့ အစောင့်အနေနဲ့ တချို့ ကျန်ခဲ့ တာ ရှိတယ်။ ကားလမ်းမှာလည်း ဖြတ်သန်းသွားလာသူ မရှိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်ကတည်းက စစ်တပ်မှ ပုဏ္ဏားကျွန်း- စစ်တွေ ကားလမ်းကို ပိတ်လိုက်သဖြင့် ပုဏ္ဏားကျွန်းမြို့ အဝင်၌ ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်အစီးရေ ရာနှင့်ချီ လက်ရှိအချိန်အထိ ပိတ်မိနေကြကြောင်း သိရသည်။

ထိုသို့ အဓိက ကားလမ်းမကြီးနှင့် မြို့နယ်ချင်း ဆက်သွယ်ထားသည့် ကားလမ်းမများကို စစ်ကောင်စီတပ်က ပိတ်ဆို့ ထားဖြင့် ရေလမ်းကို အသုံးပြုပြီး ထွက်ပြေး တိမ်းရှောင်ရကြောင်းလည်း ကွမ်း တောင်ရွာခံတဦးက ပြောသည်။

၎င်းက “လက်နက်ကြီးတွေက အနီးအနား ရွာတွေကို ကျလို့ လူတွေ သေနေကြပြီ။ လက်နက်ကြီးက တောက် လျောက် ပစ်နေတော့ တကြိမ်မဟုတ်တကြိမ် ကျမတို့ ရွာကိုလည်း လာကျနိုင်တယ်။ ရွာကနေ ထွက်ပြေးဖို့ကလည်း ကားလမ်းပိတ်ထားတော့ စက်လှေတွေနဲ့ မြစ်တွေကို ဖြတ်ပြီး ပြေးလာရတာ။ ရွာထိပ် ရထားဘူတာမှာ တပ်စွဲထားတဲ့ စစ်တပ်က ကျမတို့ ရွာသားတွေ ဆိပ်ကမ်းမှာ စက်လှေစောင့်နေကြတုန်း ထွက်မပြေးကြဖို့ လာတားတယ်။ ဘာမှမဖြစ် ဘူး။ ရွာမှ အေးအေးဆေးဆေးနေကြ။ AA က ပြေးခိုင်းလို့ ပြေးတာလားလို့ မေးတယ်။ ကျမတို့ကလည်း မဟုတ်ဘူး လက်နက်ကြီးကျမှာ ကြောက်လို့ ပြေးတာလို့ ပြောရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းပေါ် နိုဝင်ဘာလ ၁၀ ရက် တိုက်ခိုက်ခံရမှု အပြီး စစ်တပ်က ကားလမ်းပေါ် ရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ် အပါအဝင် ဒရုန်းများဖြင့် ကျေးရွာအနီးဝန်းကျင်အား ပစ်ခတ်ခြင်းများကို ပြုလုပ်ခဲ့သည့်အပြင် ယင်းနေ့ ညနေပိုင်းတွင် ဆင်အင်းကြီးရွာသို့ ဝင်ရောက် မီးရှို့ ကာ အသက် ၈၀ ကျော်အရွယ် အဘွားအို ၁ ဦး အပါအဝင် ရွာသား ၉ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ ဆင်အင်းကြီး ကျေးရွားသားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်မှာ ပုဏ္ဏားကျွန်း အခြေစိုက် ခမရ ၅၅၀ တပ်ရင်းဖြစ်ပြီး ယင်းတပ်ရင်း အပါအဝင် ကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများကို လက်တုံ့ ပြန်သွားမည် ဖြစ်ကြောင်းလည်း နိုဝင်ဘာ ၁၁ ရက်နေ့ ရက်စွဲဖြင့် AA က ထုတ်ပြန် သတိပေးထားသည်။

လက်ရှိ အခြအနေတွင် စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းမပေါ်တွင် စစ်ကားများ ဖြတ်သန်းသွားလာခြင်းမရှိသလို ကားလမ်းမတလျှောက်နှင့် ယင်းဒေသတဝိုက်၌ စစ်တပ်နှင့် AA က စစ်အင်အားများ ဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှု များကို ပြုလုပ်နေသည်ကို မြင်တွေ့ရသည့်အတွက် တိုက်ပွဲများ ပြင်းထန်လာနိုင်သည့် အခြေအနေရှိကြောင်းလည်း ဒေသတွင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။

You may also like these stories:

ပုဏ္ဏားကျွန်း ဆင်အင်းကြီးရွာတွင် ဒေသခံ ၉ ဦး သတ်ဖြတ်ခံရ

တောင်ကုတ်တွင် AA နှင့် ဆက်သွယ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံရသူ ၃၀ ကျော် ရှိလာ

Loading